ကိုဗစ်အကန့်အသတ်နဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလ စတင်


NLD အလံတွေနဲ့ ဆိုက်ကားတစီးကို ရန်ကုန်မြို့ရဲ့ လမ်းမတခုပေါ်တွင် တွေ့ရ။ (စက်တင်ဘာ ၀၇၊ ၂၀၂၀)

လွှတ်တော်အသီးသီးအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ကာလကို စက်တင်ဘာ ၈ ရက်၊ မနက်ဖြန်က စလုပ်နိုင်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပေမဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ကျန်းမာရေး အကန့်အသတ်တွေနဲ့ပဲ ခွင့်ပြုသွားဖို့ရှိတယ်ဆိုတဲ့ သတင်းကို ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာ ၈ ရက်ကစပြီး ပြည်နယ်နဲ့တိုင်းအသီးသီးကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာ စတင်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က စက်တင်ဘာ ၆ ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ COVID ကပ်ရောဂါ အကန့်အသတ်တွေကြောင့် ပါတီအများစုက စိုးရိမ်နေကြပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူအယောက် ၅၀ ထက်မပိုဘဲ မဲဆွယ်စည်းရုံးနိုင်တယ်လို့ ဖြေလျှော့ပေးခဲ့ပေမဲ့ ပြည်နယ်နဲ့တိုင်းအလိုက် ဒေသန္တရ ကျန်းမာရေးကန့်သတ်ချက်တွေကလည်း တခုနဲ့တခု မတူတာကလည်း မဲဆွယ်စည်းရုံးရေးကာလ အဟန့်အတားဖြစ်နိုင်တယ်လို့ ပါတီအများစုကမြင်ပါတယ်။

ဒီလိုအခက်အခဲတွေကို အင်အားကြီးပါတီတွေက ကျော်လွှားနိုင်ပေမဲ့ ပါတီငယ်နဲ့ တသီးပုဂ္ဂလပါတီတွေကတော့ စိန်ခေါ်မှုရှိကြောင်း ရွေးကောက်ပွဲလေ့လာရေးနဲ့ ပညာပေးအဖွဲ့ဖြစ်တဲ့ Rainmaker Organization အမှုဆောင်ဒါရိုက်တာ ဒေါ်အေးသန္တာအောင်က ဗွီအိုအေကို ပြောပါတယ်။

“လူထုစည်းရုံးရေးဆင်းတဲ့အခါမှာ အရေအတွက်အားဖြင့် ကန့်သတ်ထားတယ်။ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်ကျော်ဖြတ်ရမယ် ဆိုတဲ့အခါကျတော့ ဒီပါတီငယ်လေးတွေ သူတို့တွေ မဲရရှိမှုအတွက်ကို စည်းရုံးရေးဆင်းတဲ့အချိန်မှာ တကယ့်ကို စိန်ခေါ်မှု အကြီးမားဆုံးပဲပေါ့နော်။ ပါတီကြီးတွေကတော့ ဒီလောက်အထိ သက်ရောက်မှု မရှိပေမဲ့၊ နောက်တခါ ဘဏ္ဍာငွေ သုံးစွဲမှုအပိုင်းမှာလည်း၊ နောက်တခါ နည်းပညာပေါ့ အဲဒါတွေကတော့ ပါတီငယ်တွေ ရွေးကောက်ပွဲမှာ မျှတစွာပါဝင်လာနိုင်မယ့် အခင်းအကျင်းတရပ် မဖြစ်နိုင်ဘူးပေါ့နော်၊ ကိုဗစ်က အဟန့်အတားဖြစ်နိုင်တော့။”

COVID ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ထားတဲ့ လူအရေအတွက်ထက်ပိုပြီး မစုဝေးဘဲ မဲဆွယ်ရဖို့ရှိတာကြောင့် ဒါဟာ ပါတီတိုင်းအတွက် စိန်ခေါ်မှုဖြစ်ပေမဲ့ ဒါကညီတူညီမျှ အခြေအနေသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ ၄ရက်မှာ ပြောခဲ့တာပါ။

“အဲဒီတော့ COVID-19 ကလည်း ဒီဟာက စိန်ခေါ်မှုအသစ်ဗျ၊ ကျနော်တို့မှ စိန်ခေါ်မှုအသစ်မဟုတ်ဘူး၊ အမေရိကားအတွက်လည်း ရွေးကောက်ပွဲရှိတယ်။စိန်ခေါ်မှုအသစ်။ အဲဒီတော့ ပါတီတိုင်း အသစ်ပါ ဘယ်သူမှ အသာရတာ မရှိဘူး။ Pandemic ဖြစ်နေတဲ့ ရောဂါကာလ အချိန်ကြီးတခုမှာ စည်းရုံးရေးလုပ်တယ်၊ ရွေးကောက်ပွဲဖြစ်တယ်၊ မဖြစ်တယ် ဆိုတာကတော့ အစိုးရရော၊ ပြည်သူရော၊ ကျန်းမာရေးဌာနပေါ့ သက်ဆိုင်ရာ ဌာနတွေအားလုံးက ဒီ COVID ကို ဘယ်လောက် တားနိုင်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်မယ်နဲ့ တူပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကတော့ ပြိုင်ဆိုင်မှုကြီးမားမယ်၊ ပြဿနာတွေလည်း အရင်ကထက် ပိုရှုပ်နိုင်တယ် စိန်ခေါ်မှု အသစ်ဖြစ်နေလို့။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရမယ့်အချိန်မှာ မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာ ၁,၄၀၀ ကျော်လာပြီး သေဆုံးသူအရေအတွက်ကလည်း ၈ ယောက် ထိရှိလာပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက် မနက် ၆ နာရီကနေ စတင်နိုင်ပြီး နိုဝင်ဘာ ၆ ရက် ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားပါတယ်။ တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၉၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/myanmar-election-2020/5573741.html

ကိုဗစ်အကန့်အသတ်နဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလ စတင် ကိုဗစ်အကန့်အသတ်နဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလ စတင် Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.