မြေဂရန်အတုအမှုကို အစိုးရ ကူညီဖြေရှင်းပေးဖို့ မန္တလေးမှာ တောင်းဆို

မန္တလေးမြို့မှာ သွားလာနေသူအချို့ကို တွေ့ရစဉ်

မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတချို့ အပြင်းပွားမြေယာကိစ္စတွေမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး တိုင်းကြားတာတွေရှိတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ မြေယာမှားယွင်းဝယ်သူတွေကလည်း တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က ဂရန်အတုနဲ့ ရောင်းချတဲ့ မြေယာမှားယွင်းဝယ်ယူမိရာကနေ တရားစွဲဆိုခံထားရတဲ့ မန္တလေးမြို့ဒေသခံ ဦးနိုင်လင်းက ဂရန်အတုပြုလုပ်ရာမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမှုတွေ လုပ်ဖို့တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်က ပေ (၆၀) ပေ (၈၀) မြေကွက်ကို ကျပ်သိန်း ၆၀၀၀ နဲ့ဝယ်ယူဖို့ သဘောတူခဲ့ပြီး ဦးနိုင်လင်းက စရန်အနေနဲ့ သိန်း ၇၅၀ ပေးခဲ့ပါတယ်။

မြေဂရန်အမည်ပေါက်သူထံကနေ ဦးနိုင်လင်းက ဝယ်ယူခဲ့တာဖြစ်ပြီး မြေဖို့လုပ်ငန်း ဆောင်ရွက်နေချိန်မှာ နောက်ထပ် မြေဂရန် ပိုင်ဆိုင်သူတစ်ယောက်က လာရောက်တားမြစ်ခဲ့ပြီးနောက် တရားစွဲဆိုခံခဲ့ရတာပါ။

အမှတ် (၁၁) ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၄၇) ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှု၊ ပုဒ်မ (၄၂၇) အဖိုးငွေ ငါးဆယ်ကျပ်အောက်မနည်း ပျက်စီးနစ်နာစေတဲ့ အကျိုးဖျက်စီးမှု၊ ပုဒ်မ (၄၆၈) လိမ်လည်ရန်အလို့ငှာ လိမ်လည် အတုပြုမှု၊ ပုဒ်မ (၃၄၁) မတရား တားဆီးကန့်ကွက်မှု၊ ပုဒ်မ (၄၇၁) လိမ်လည် အတုပြုလုပ်ထားတဲ့ စာတမ်း အမှတ်အသားကို အစစ်အမှန်အနေနဲ့ အသုံးပြုမှုတွေနဲ့ တရားစွဲဆိုခံရပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

ဦးနိုင်လင်းကလည်း မြေကိုလိမ်လည်ရောင်းချသူကို လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ လိမ်လည်အတုပြုမှု ပုဒ်မ ၄၆၈ တို့နဲ့ တရားစွဲထားပါတယ်။

ဌာနဆိုင်ရာ ဝန်ထမ်းတွေ မှားယွင်းမှုကိုတော့ ရာထူးလျော့ချတာလောက်ပဲ အရေးယူပြီး ပြည်သူကိုတော့ အာမခံမရတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့်ဘူးလို့ တရားစွဲဆိုခံထားရတဲ့ ဦးနိုင်လင်းက ပြောပါတယ်။

“အတုလုပ်ရောင်းဝယ်နေတဲ့ အဖွဲ့အစည်းက အကြီးကြီးရှိတယ်၊ တကယ်အရေးယူမယ်ဆိုရင် အကုန်ပြမယ်။ ဘာမှမလုပ်ဘဲ ရောင်းမှာဝယ်မှာဖြစ်တဲ့သူတွေကို ပုဒ်မ ၄၆၈ နဲ့လိုက်စွဲနေတာက ကိုယ်လုပ်နေတာကို လိုက်ထိုးချနေတာ၊ သူတို့တပ်ရမယ့် ပုဒ်မတွေ ကျွန်တော်တို့ကို လိုက်တပ်နေတာ။"

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဝန်ထမ်း ၁၁ ဦးဟာ မြေယာကိစ္စတွေမှာ လွဲမှားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့ပြီး အဂတိမမြောက်ခဲ့တဲ့အတွက် တိုင်းဒေသကြီးက စစ်ဆေးပေးဖို့ တာဝန်ယူခဲ့ရတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“အရေးယူရမှာပေါ့၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ငြိရင် အရေးယူရမှာပေါ့။ ဥပဒေပြင်ပကနေ ဘာမှအရေးမယူဘူး၊ ပုဂ္ဂိုလ်ရေးအရလည်း အရေးမယူဘူး၊ စိစစ်တဲ့သူတွေက သုံးသပ်ချက်တွေနဲ့ တင်ပြီးပြီ၊ အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြပြီး ဥပဒေရှုထောင့်ကနေ အရေးယူမှာ။"

ဘယ်ဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေတယ် ဆိုတာကိုတော့ ဒေါက်တာ ဇော်မြင့်မောင်က အတိအကျ ပြောဆိုတာမရှိပါဘူး။ စစ်ဆေးခံထားရတဲ့ ဝန်ထမ်း ၁၁ ယောက် လုံးနီးပါးကတော့ အစိုးရအဖွဲ့ကို အသနားခံစာ တင်ပြထားတယ်လို့ ဆိုပါတယ်။

အရေးယူဖို့ စီစဉ်နေတဲ့ ဝန်ထမ်းတွေဟာ အများအားဖြင့် သြဇာအာဏာကို အသုံးပြုပြီးပေးတာ၊ လက်မှတ်အတုထိုးတာ၊ ပိုင်ရှင်ရှိထားတာတွေကို မရှိတဲ့ပုံစံမျိုးနဲ့ ပေးတာမျိုးတွေများတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဝယ်ယူထားတဲ့မြေကွက်က ဂရန် နှစ်ခုဖြစ်နေတာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဦးနိုင်လင်းက တိုင်ကြားခဲ့ပါတယ်။

အခုလိုစည်ပင်ဝန်ထမ်းတွေ အရေးယူခံရတာကတော့ သူ့တိုင်ကြားမှုကြောင့်လား၊ အခြားအကြောင်းအရာလား ဆိုတာတော့ သူ့အနေနဲ့ မသိဘူးလို့ ဦးနိုင်လင်းက ပြောပါတယ်။

“ရာထူးလျော့တယ်ဆိုတာ ပြည်သူကတော့ ဂရန်အတုလုပ်ရင်ဖြစ်ဖြစ်၊ လက်ဝယ်ကိုင်ဆောင်လို့ပဲ ဖြစ်ဖြစ်၊ ပြောနေတာကတော့ ပုဒ်မ (၄၆၈) ပဲ။ သူတို့ကျတော့ ရာထူးလျော့တယ်ဆိုတာ တန်းတူ အခွင့်အရေးကတော့ မရှိသေးဘူး၊ တကယ်လုပ်ရင် ဖမ်း၊ဥပဒေအရေ အရေးယူပါ၊ ဒါမှလည်း ရုံးတွေကို  ယုံကြည်ကိုးစားပြီး လုပ်ငန်းလုပ်လို့ရမှာ။"

မန္တလေးဟာ မြန်မာနိုင်ငံရဲ့ တတိယမြို့တော်ဖြစ်ပြီး မြေဈေးကြီးမြင့်တဲ့မြို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် မြေယာပြဿနာတွေဟာ အစိုးရဆက်ဆက် ဖြေရှင်းရခက်ခဲ့တဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

မန္တလေးမြို့အတွက် မြေနေရာက စီးပွားရေးအရ အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ အစိုးရအဖွဲ့ရော၊ စည်ပင်ကော်မတီအနေနဲ့ မြေယာဌာနကို လူတွေရဲ့ယုံကြည်မှုရအောင်၊ ဆက်ဆံရတာ အဆင်ပြေအောင် ဆောင်ရွက်ပေးသင့်တယ်လို့ မန္တလေးမြို့ဒေသခံ ဦးစန်းယုကျော်က ပြောပါတယ်။

“စည်ပင်သာယာမှာ မြေယာဌာနနဲ့ ပတ်သတ်ပြီး လူတွေရဲ့ အမြင်က သိပ်တော့မကောင်းလှဘူး၊ ကြားမှာ ပွဲစားတွေရှိတယ်။ လုပ်ထုံးလုပ်နည်းတွေကြာတယ်။ မြေဂရန်ဆိုတာက တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုမို့ ဒါတွေကို အတုမလုပ်သင့်ဘူး၊ အထူးသဖြင့် အတုလုပ်တာပဲဖြစ်ဖြစ်၊ မမှန်မကန်လုပ်တာပဲဖြစ်ဖြစ် ဒါတွေက ပြည်သူတွေဆီရောက်မှာ၊ သူရဲ့သက်ရောက်မှုက တော်တော်ကြီးပါတယ်။”

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈) ကြိမ်မြောက် အစည်းအဝေးမှာတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ၂၀၁၈ ကနေ ၂၀၂၀ အတွင်းမှာ မြေယာလိမ်လည်ရောင်းချမှု ၁၀၈ မှုကို အရေးယူဆောင်ရွက်ပေးခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ အရေးယူဆောင်ရွက်မဲ့ ဝန်ထမ်း ၁၁ ယောက်ရဲ့ အခြေနေနဲ့ ပတ်သတ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိတဲ့ အတွက် အချက်အခြာကျတဲ့ မန္တလေးမှာ တာကြောင့် ဒေသအသီးသီးကနေ ပြောင်းရွှေ့ အခြေချသူ အများအပြား ရှိနေပြီး မြို့ဧရိယာကလည်း ကြီးမား ကျယ်ပြန့်လာပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းတွေကိုလည်း အများအပြား တွေ့နိုင်ပြီး ဆက်သွယ်ရေး တိုးတက်လာတဲ့ အတွက် အွန်လိုင်းကနေ ကြော်ငြာပြီး အရောင်းအဝယ် လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။

ဒီအခြေအနေမှာ ဝယ်ယူလိုသူကို ယုံကြည်အောင် ပြောဆိုပြီး လိမ်ညာရောင်းချသူတချို့ ရှိတဲ့အတွက် မြေယာ အရောင်းအဝယ်ပြဿနာ အများအပြား ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mdy-fake-land-grant-case-09062020082739.html

မြေဂရန်အတုအမှုကို အစိုးရ ကူညီဖြေရှင်းပေးဖို့ မန္တလေးမှာ တောင်းဆို  မြေဂရန်အတုအမှုကို အစိုးရ ကူညီဖြေရှင်းပေးဖို့ မန္တလေးမှာ တောင်းဆို Reviewed by THITHTOOLWIN on 22:42 Rating: 5

No comments:

Powered by Blogger.