ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတရုံးက တာဝန်ကနေ ရပ်စဲကြောင်း အကြောင်းကြားစာ ပို့လာတယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက RFA ကို ဒီနေ့ ပြောပါတယ်။

သမ္မတရုံးရဲ့ စာမှာ အခြေခံဥပဒေပုဒ်မ ၂၆၃ ပါ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နဲ့ တိုင်း/ပြည်နယ် အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၅တို့ပါ ပြဋ္ဌာန်းချက်တွေအရ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။

သူ့နေရာမှာ ယာယီ တာဝန်ယူရမယ့်သူထဲက ပြည်နယ်အစိုးရအဖွဲ့ထဲက စိုက်ပျိုးရေးဝန်ကြီး ဦးဘော့စ်ကို ဖြစ်တယ်လို့  ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး က ပြောပါတယ်။

“အခုလေးတင်ပဲ သမ္မတရုံးကနေ စာပို့လာတယ်။ ပြည်နယ်က စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ယာယီဝန်ကြီးချုပ်အဖြစ် ပူးတွဲခန့်ထားဖို့ စာလည်း ပါလာပါတယ်”

နိုင်ငံတော်သမ္မတဟာ တင်ပြချက်ရရှိရင် စွပ်စွဲပြစ်တင်ခံရတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးကို ရာထူးကနေ ရပ်စဲရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။

ပြည်နယ်လွှတ်တော်က ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်တာဝန်ကနေ ရပ်ဆိုင်းဖို့ စက်တင်ဘာ ၁ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။

ပြည်နယ်လွှတ်တော်က ဦးအယ်လ်ဖောင်းရှိုကို တာဝန်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့ကိစ္စမှာ လုပ်ငန်းစဉ်တွေ မှားယွင်းနေတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့  ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်ဆိုင်ရာ အငြင်းပွားမှုကို အခြေခံဥပဒေခုံရုံးကပဲ ဖြေရှင်းနိုင်မယ်လို့  ဒေါက်တာ ဇော်မြင့်မောင် က ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေ က တွေ့ဆုံမေးမြန်းချိန်မှာ ဖြေကြားခဲ့တာပါ။

“နံပါတ်တစ်အချက်က စွပ်စွဲပြစ်တင်တဲ့သူက လေးပုံတစ်ပုံ ရှိရမယ်။ ငါးယောက် ရှိရမယ်။ တစ်ယောက် ထွက်သွားတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့အတွက်တဲ့၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ကြား ပုဂ္ဂိုလ်ရေးဆန်တယ် ဆိုပြီး ထွက်သွားတယ်။ အဲဒီမှာ လေးယောက်ပဲ ကျန်မယ်။ တိုင်တဲ့သူ သုံးယောက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ထည့်လိုက်တယ်။ ဒါက ဘယ်လုပ်ငန်းစဉ်မှမရှိဘူး၊ တိုင်တဲ့သူကို တရားသူကြီး ခန့်လိုက်တယ်ဆိုတာ တရားလို ကို တရားသူကြီးခန့်တာ ဖြစ်သွားတယ်။ အဲဒီတော့ စုံစမ်းရေး ခုနကဟာတွေ ပါသွားတယ်။ အဲဒီလုပ်ငန်းစဉ် တွေ မှားနေတယ်။ ပြောချင်တာက လုပ်ငန်းစဉ်ကတော့ မှားနေတယ်။ အယ်လ်ဖောင်းရှိုးရဲ့မိန့်ခွန်းကို ဖတ်၊ အဲဒါက ဖြေရှင်းချက်ပဲ၊ ဘာပဲပြောနေနေ လွှတ်တော်ကတော့ မဲခွဲသွားပြီ၊ သမ္မတကနေ အတည်ပြုပေးရမှာ၊ သမ္မတအပေါ် ရောက်သွားပြီ၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်မှာက အခြေခံဥပဒေခုံရုံးက ဖြေရှင်း နိုင်မှာပေါ့”

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကတော့ သူ့အနေနဲ့ သမ္မတရုံး ညွှန်ကြားချက်၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ စက်တင်ဘာ ၁ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြန်လည်ချေပခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို စွပ်စွဲပြစ်တင်သူတွေထဲက သုံးယောက်ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ပြန်လည်ပါဝင်နေတာ ကြောင့် ဒါဟာ တရားလိုက တရားသူကြီးသဖွယ် ဆောင်ရွက်တာဖြစ်ပြီး ဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ မှန်ကန် မျှတတဲ့ စစ်ဆေးမှုမျိုး ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ ဦးအယ်လ်ဖောင်းရှိုက လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ ပါတယ်။

ဝန်ကြီးချုပ်ဟာ စက်ယန္တရားငှားရမ်းခအတွက် ရရှိတဲ့ငွေတွေကို ပြည်သူ့ဘဏ္ဍာငွေထဲ မထည့်သွင်းတဲ့ကိစ္စနဲ့ အများပြည်သူပိုင် ပြည်နယ်နေ့ အထိမ်းအမှတ်ကွင်းကို ကုမ္ပဏီထံ ငှားရမ်းတဲ့ကိစ္စမှာ ပွင့်လင်းမြင်သားမှုမရှိဘဲ ကျပ်သိန်းပေါင်း လေးထောင်နီးပါး ကွာဟနေတယ်လို့  စွပ်စွဲပြစ်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်း ၂၃ ဖွဲ့က သြဂုတ်လကုန်ပိုင်းမှာ လွှတ်တော် ဥက္ကဋ္ဌကို တောင်းဆိုခဲ့ပါတယ်။

လွှတ်တော်ကို ပေးပို့တဲ့ သူတို့ရဲ့ အိတ်ဖွင့်ပေးစာမှာ ငွေကြေးစီမံခန့်ခွဲတာ ပွင့်လင်းမြင်သာမှုမရှိတဲ့ သတ္တုသန့်စင် စက်ရုံ တည်ဆောက်မှုနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှု၊ ပန်းဥယျာဉ်မြေယာရှုခင်းလုပ်ငန်း၊ ဘာသာရေးဆိုင်ရာ အလှူအတန်း ပြုလုပ်တာနဲ့ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု အသင်းအဖွဲ့တွေကို ထောက်ပံ့ငွေ ပေးအပ်မှုတို့နဲ့ ပတ်သက်ပြီး စစ်ဆေးပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်တိုင်းမှာ ပေးဝေတယ် ဆိုတဲ့ ငွေကြေးဆိုင်ရာကိစ္စ၊ လွိုင်ကော်မြို့လယ် ပန်းခြံမှာ အငြင်းပွားဖွယ် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မှု စတဲ့ အကြောင်းအရာတွေကိုလည်း စုံစမ်းစစ်ဆေးပြီး အများပြည်သူသိရှိအောင် ချပြဖို့ တောင်းဆိုထားပါတယ်။

ဒါဟာ NLD အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တစ်ဦးကို လွှတ်တော် ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖြုတ်ချနိုင့်ခဲ့တဲ့ ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၀ နေရာ၊ တပ်မတော်က ငါးနေရာ၊ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လေးနေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)က တစ်နေရာ အသီးသီး ရရှိထားပါတယ်။

NLD အားကောင်းတဲ့ ပြည်နယ်လွှတ်တော်ကပဲ NLD အစိုးရခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ကို စတင်ဖယ်ရှား လိုက်တာပါ။

နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်လည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့  ဦးရဲထွန်းကတော့ ဒါဟာ  ပြည်နယ်လွှတ်တော်တစ်ခုက ပြည်နယ်အစိုးရကို ထိန်းကျောင်းတဲ့ဖြစ်ရပ်လို့ သုံးသပ်ပါတယ်။

“ပါတီကသော်လည်းကောင်း၊ သမ္မတနဲ့ အစိုးရတို့က သော်လည်းကောင်း ဝင်ရောက်မစွက်ဖက်ဘဲနဲ့  ဒီလိုထိန်းကျောင်းတာကို ကြိုဆိုကြောင်း၊ နောင်မှာလည်း  ဗဟိုက ချုပ်ကိုင်မှု မရှိစေချင်ဘူး”

ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံရတဲ့ ဦးအယ်လ်ဖောင်းရှိုကဟာ လာမယ့် ရွေးကောက်ပွဲမှာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေပဲ ပြန်လည်ယှဉ်ပြိုင်ဖို့ ပါတီက မကြာသေးခင်ကပဲ တာဝန်ပေးထားပါတယ်။

သူ့နေရာမှာ  တာဝန်ထမ်းဆောင်ရမယ့် ဦးဘော့စ်ကိုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သူ့ရဲ့ ဇာတိမြို့ ဒီးမော့ဆိုရဲ့ မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရရှိခဲ့သူပါ။   အသက် ၄၆ နှစ်အရွယ် ကယန်းတိုင်းရင်းသား ဦးဘော့စ်ကိုဟာ ပြည်နယ်အစိုးရအဖွဲ့မှာ  ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာ လေးနှစ် ရှိပါပြီ။ ပြည်နယ်မြို့တော် လွိုင်ကော်မှာ အထက်တန်းကျောင်း တက်ရောက်ခဲ့တဲ့  ဦးဘော့စ်ကိုဟာ ဒေသတွင်း လူမှုရေး၊ တိုင်းရင်းသားအရေး လုပ်ဆောင် ခဲ့သူတစ်ဦးဖြစ်ပြီး  ၂၀၁၀ ရွေးကောက်ပွဲမှာ ကျေးရွာအုပ်စုကော်မရှင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ပြည်နယ်အစိုးရ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်အတွင်း တိုင်းနဲ့ ပြည်နယ် ဝန်ကြီးတချို့ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။  ၂၀၁၇ မှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်သွားပြီး နောက်တနှစ်မှာတော့  ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီ နုတ်ထွက်ခဲ့ပါတယ်။

တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ထိန်းသိမ်းခံရပြီး ဒီနှစ် မေလမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒီနှစ် ဇွန်လမှာ ရန်တိုင်းလွှတ်တော်မှာ အတိုက်အခံပါတီ  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့  တပ်မတော်သား အမတ်တွေက  ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း အဆို တင်သွင်းခဲ့ပေမယ့်   မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ ၇၇ မဲနဲ့  အဆို ရှုံးနိမ့်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/president-dismiss-kayah-pm-09032020052345.html

ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ  ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ Reviewed by THITHTOOLWIN on 19:26 Rating: 5

No comments:

Powered by Blogger.