ကမ္ဘောဒီးယား လူမျိုးတုံးသတ်ဖြတ်မှု - ခမာနီထောင်မှူး သေဆုံး

ရဲဘော် ဒုချ် ( ရဲဘော်ဒွိုင်) (Comrade Duch) က သူဟာ အမိန့်တွေကို လိုက်နာခဲ့တာသာဖြစ်တယ်လို့ ပြောခဲ့

ကမ္ဘောဒီးယားမှာ လူအမြောက်အများအပေါ် ရာဇဝတ်မှုတွေကျူးလွန်မှုနဲ့ အပြစ်ရှိခဲ့တဲ့ အရင် ခမာနီ ထိပ်တန်းခေါင်းဆောင်ဟောင်း ရဲဘော် ဒုချ် ခေါ်( ရဲဘော်ဒွိုင်) သေဆုံးသွားပါပြီ။

ကုလသမဂ္ဂက နောက်ခံပေးထားတဲ့ ခုံရုံးကနေ စီရင်ချက်ချခဲ့တဲ့ ထောင်ဒဏ် တသက်ပြစ်ဒဏ်ကို သူ ကျခံနေစဉ် ကွယ်လွန်သွားတာပါ။

ကန် ဂက်ခ် ယူး (Kaing Guek Eav) ကို ရဲဘော် ဒုချ် ( ရဲဘော်ဒွိုင်) လို့ လူသိများပြီး နာမည်ဆိုးနဲ့ ကျော်ခဲ့တဲ့ တူ အော် ဆလန် (Tuol Sleng ) ခေါ် S-21 အကျဉ်းထောင်ကို ဦးစီးခဲ့တာပါ။ ၁၉၇၀ နှစ်တွေ တဝိုက်က အဲဒီ ထောင်မှာ သောင်းနဲ့ချီတဲ့ လူတွေ နှိပ်စက်တာ၊ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။

ကမ္ဘောဒီးယားကို ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်ထိ အုပ်ချုပ်ခဲ့တဲ့ မော်ဝါဒီ ခမာနီတို့ လက်ထက်မှာ လူပေါင်း ၂ သန်း လောက် သေကြေခဲ့ကြရတယ်လို့ မှတ်ယူကြပါတယ်။

ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မြို့မှာ ကုလသမဂ္ဂအစီအစဉ်နဲ့ လုပ်ခဲ့တဲ့ တရားရုံးကနေ ၂၀၁၀ ခုနှစ်အတွင်းမှာ ဒုချ် ကို အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီး ဒါဟာ ခမာနီခေါင်းဆောင်တွေထဲ ပထမဆုံး အပြစ်ချမှတ်ခဲ့တဲ့အဖြစ်ပါ။ ၂၀၁၂ မှာ သူ့ ပြစ်ဒဏ်က ဘယ်လောက်လဲဆိုတာ စီရင်ချက်ချမှတ်ခဲ့ပါတယ်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားပြီလို့ အဆိုပါ တရားရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တယောက်ကပြောပါတယ်၊ တခြား အသေးစိတ်တွေတော့ အဲဒီ ပုဂ္ဂိုလ်က ဘာမှပြောမသွားပါဘူး။ ဒုချ် ဟာ နှစ်အတော်ကြာ နာမကျန်းဖြစ်နေခဲ့တာပါ။

" ဒုချ် ဟာ ဒီနေ့ စက်တင်ဘာလ ၂ ရက် မနက် ၀၀:၅၂ နာရီ အချိန် ခမာ-ဆိုဗီယက် မိတ်ဆွေဖြစ် ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်၊ သူသေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်တွေကိုတော့ ကျွန်တော်ပြောလို့မရပါဘူး" လို့ ခမာနီတွေကို စီရင်တဲ့တရားရုံးက ပြောခွင့်ရသူ နက် ဖိခ်ထရာက ပြောပါတယ်။

တူ အော် ဆလန် (S-21) အကျဉ်းထောင်ထဲမှာ ဘာတွေဖြစ်ခဲ့သလဲ

ခမာနီ အစိုးရလက်ထက် နှိပ်စက်ရာနေရာအဖြစ် အဆိုးဆုံးနာမည်ကျော်ခဲ့တဲ့ တု အော် ဆလန် ဒါမှမဟုတ် ဖနွမ်းပင်ရဲ့ S-21 အကျဉ်းထောင်ကို ရဲဘော် ဒုချ် ဦးစီးခဲ့တာပါ။

အဲဒီအဆောက်အဦဟာ အရင်က စာသင်ကျောင်းနေရာဖြစ်ပြီး ခမာနီတွေလက်ထက်မှာတော့ သူတို့ရန်သူလို့ သတ်မှတ်တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် စုစုပေါင်း ၁၅, ၀၀၀ ကျော်ဟာ ဒီအကျဉ်းထောင်ထဲကို ရောက်ခဲ့ဖူးပါတယ်။

အဲဒီထဲက အများစုဟာ နှိပ်စက်တာခံခဲ့ရပြီး ခမာနီ အစိုးရကို ဆန့်ကျင်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခိုင်းတာ ခံခဲ့ရပါတယ်။ နောက် လူသတ်ကွင်းပြင်တွေ (killing fields) လို့ ခေါ်တဲ့ မြို့တော် အပြင်ဘက်က ကွင်းတွေဆီခေါ်သွားတာခံရပြီး အသတ်ခံခဲ့ကြရပါတယ်။

တုအော်ဆလန်ဟာ စာသင်ကျောင်းအဖြစ်ကနေ ထောင်၊ နှိပ်စက်ရာနေရာ၊ သေမင်း စခန်း အဖြစ် ပြောင်းလဲသွားခဲ့

အကျဉ်းသားတွေဟာ အရင်အစိုးရဟောင်းရဲ့ ဝန်ထမ်းတွေ၊ လူလတ်တန်းစားလို့ သတ်မှတ်စွပ်စွဲခံရသူတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ခမာနီအဖွဲ့ကို သစ္စာဖောက်ဖျက်သူလို့ စွပ်စွဲခံရတဲ့ ခမာနီ အဖွဲ့ဝင်တွေလည်းပါလာပါတယ်။

ထောင်စောင့်တွေဟာ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး သူတို့ဟာ စွပ်စွဲထားချက်တွေကို အကျဉ်းသားတွေကနေ ကိုယ်တိုင်ဝန်ခံပြီး ရေးချစေဖို့ ဖိအားတွေပေးခဲ့ကြပါတယ်။ အကျဉ်းသားတွေရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေလည်း အပြစ်ရှိတယ်လို့ စွပ်စွဲခံရရင် စွပ်စွဲတဲ့အတိုင်း ဝန်ခံစေတဲ့အတွက် အဲဒီအကျဉ်းသားတွေရဲ့ ချစ်ခင်ရသူတွေလည်း ထောင်ထဲကို ရောက်လာခဲ့ရပါတယ်။

နှိပ်စက်တဲ့ဒဏ်က မသေဘဲ ရှင်ကျန်နေခဲ့တဲ့သူတွေ မြို့ပြင်က ချောင်န် အက်ခ် အရပ်မှာရှိတဲ့ လူသတ်ကွင်းတွေဆီခေါ်သွားခံခဲ့ရပြီး အသတ်မခံရခင် သူတို့အလောင်းကို မြှုပ်မယ့်ကျင်းကို သူတို့ကိုယ်တိုင်တူးခဲ့ရပါတယ်။

တုအော်ဆလန်ကနေ အသက်ပါပြီး အိမ်ပြန်ရောက်ခဲ့သူက ၁၀ ယောက်လောက်သာ ရှိပါတယ်။

တရားခွင်မှာ ဒုချ်က သူ S-21 အကျဉ်းစခန်းကို တာဝန်ခံဦးစီးခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပြီး အဲဒီမှာဖြစ်ခဲ့တဲ့ ကြောက်ရွံ့ထိတ်လန့်စရာ ကျူးလွန်ခဲ့တာတွေထဲ သူပါဝင်ခဲ့ရမှုအတွက် တောင်းပန်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ အထက်အမိန့်ကိုလိုက်နာခဲ့တာသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ အယူခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချခဲ့ပါတယ်။

ခမာနီ ဆိုတာ ဘယ်သူတွေလဲ

ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့တဲ့ ခမာနီတို့ ၁၉၇၅ ကနေ ၁၉၇၉ အထိ အာဏာရနေချိန်အတွင်း လူ ၂ သန်း နီးပါး အသက်ဆုံးခဲ့ရပါတယ်။

ပိုပေါ့ ဦးဆောင်တဲ့ အစိုးရဟာ လူတွေကို အလယ်ခေတ်ဆီကို ပြန်ခေါ်သွားခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေကို မြို့တွေကနေ တောကိုရွှေ့စေကာ ဘုံလယ်ယာတွေမှာ အလုပ်လုပ်ခိုင်းခဲ့ပါတယ်။

တရားစီရင်စဥ်မှာ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးတွေကို ရဲဘော်ဒုချ်က တောင်းပန်ခဲ့


မျက်မှန်တပ်တဲ့သူတွေကို ပညာတတ် ဓနရှင်ပေါက်စ တွေ အဖြစ် ခမာနီတွေက ပစ်မှတ်ထားခဲ့ကြပါတယ်။

ဗီယက်နမ် စစ်တပ်က ခမာနီအစိုးရကို ၁၉၇၉မှာ တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ခမာနီ ခေါင်းဆောင်တွေ လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ခဲ့ကြပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွေကနေ ဆက်ပြီး ထကြွခဲ့ကြပါတယ်။

ကုလသမဂ္ဂက ကမ္ဘောဒီးယားကို စီမံခန့်ခွဲစဉ်က

၂၀၀၉ ခုနှစ်ကစပြီး ကုလသမဂ္ဂဟာ အသက်ရှင်ကျန်နေသေးတဲ့ ခမာနီ ခေါင်းဆောင်တွေကို တရားစီရင်မယ့် ခုံရုံးတရုံး ဖွဲ့ဖို့အတွက် ကူညီခဲ့ပါတယ်။

အဲဒီခုံရုံးကနေ ခမာနီ ခေါင်းဆောင်ဟောင်း ၃ ယောက်ကိုပဲ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။

ရဲဘော် ဒုချ် အပြင် ပြစ်ဒဏ်ချခံရတဲ့ နောက် ၂ ယောက်ကတော့ ခမာနီ အစိုးရ အကြီးအကဲ ဖြစ်ခဲ့တဲ့ ခရူး ဆမ်ဖန် ၊ ပိုပေါ့ရဲ့ လက်ထောက် ခမာနီ ဒုတိယ ခေါင်းဆောင် နုမ် ချီယာ တို့ပဲ ဖြစ်ပါတယ်။ ပိုပေါ့ ကိုယ်တိုင်ကတော့ ၁၉၉၈ ခုနှစ်အတွင်းမှာ သေဆုံးခဲ့ပါပြီ။

ဖနွမ်းပင်က လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရ ပြတိုက်ထဲမှာတွေ့ရတဲ့ ရဲဘော် ဒုချ်ပုံ

ရဲဘော် ဒုချ် ဆိုတာ ဘယ်သူလဲ

၁၉၄၀ အစောပိုင်းနှစ်တွေထဲက တနှစ်မှာ ဒုချ်ကို မွေးဖွားလာတာပါ။

သူဟာ ကျောင်းဆရာတယောက် ဖြစ်ပြီး ကွန်မြူနစ်ပါတီကို ဝင်ခဲ့ပါတယ်၊ သူ့ရဲ့ လက်ဝဲအမြင်နဲ့ လှုပ်ရှားတက်ကြွမှုတွေကို အဲဒီကာလက အာဏာပိုင်တွေနဲ့ ထိပ်တိုက်တိုးစရာဖြစ်ခဲ့ပါတယ်။

ဗီယက်နမ်စစ်ပွဲက ကမ္ဘောဒီးယားကို ကူးလာတဲ့အခါ ဒုချ်ဟာ ပိုပေါ့ ဦးဆောင်နေတဲ့ ခမာနီ ကွန်မြူနစ် သူပုန်တပ်ဖွဲ့ကို ဝင်ခဲ့ပါတယ်။

ခမာနီ ကွန်မြူနစ်တို့ ၁၉၇၅ မှာ နိုင်ငံကို ထိန်းသိမ်းနိုင်တဲ့အခါမှာတော့ သူဟာ တုအော်ဆလန် အကျဉ်းထောင်ရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာပါတယ်။

၁၉၇၉ မှာ ဗီယက်နမ်တပ်တွေ ဝင်လာပြီး ခမာနီတွေကို အာဏာကနေဖယ်ရှားတော့ သူဟာ တခြား ခမာနီခေါင်းဆောင်တွေနဲ့ အတူ ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ပါတယ်။

နာမည်ပြောင်းပြီး နေနေတဲ့ သူ့ကို ၁၉၉၉ ခုနှစ်မှာ သတင်းထောက်တယောက်က ခြေရာခံမိသွားပါတယ်။ အဲဒီနောက် သူ့အင်တာဗျူးမှာ သူက တုအော်ဆလန်မှာဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဝန်ခံခဲ့ပါတယ်၊ ဒါပေမဲ့ အမိန့်တွေက ခမာနီ ဗဟိုကော်မတီက လာတာလို့ သူက ဆိုပါတယ်။

"ဖမ်းခဲ့သူမှန်သမျှ သေကို သေရမယ်၊ ဒါက ကျွန်တော်တို့ပါတီက ဆုံးဖြတ်ထားတာလေ" လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့တာဝန်က စစ်ကြောမေးမြန်းဖို့၊ ဗဟိုကော်မတီကို သူတို့ ဝန်ခံချက်ပေးအောင်လုပ်ဖို့ တာဝန်ရှိတာ။"

နောက် ၁၀ နှစ်အကြာ ကုလသမဂ္ဂ အကူအညီနဲ့ ဖွဲ့စည်းတဲ့ တရားရုံးမှာတော့ သူ အဲဒီ အဖြစ်တွေအတွက် "နက်နက်ရှိုင်းရှိုင်း နောင်တ ရမိတယ်" လို့ ပြောခဲ့သလို ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို တောင်းပန်ခဲ့ပါတယ်။

သူ့ကို စီရင်တဲ့ တရားခွင် အဆုံးသတ်ခါနီးအချိန်မှာ သူဟာ ခမာနီ ခေါင်းဆောင်တွေထဲ ထိပ်တန်းခေါင်းဆောင် တယောက် မဟုတ်တဲ့အတွက် သူ့ကို လွှတ်ပေးဖို့ ပန်ကြားခဲ့ပါတယ်။

အဲဒီလို လွှတ်ပေးဖို့ ပြောတာဟာ သူနောင်တရတယ်လို့ ပြောခဲ့တာကို ပြန်ချေဖျက်ပြီး သူ့ကြောင့်ခံစားခဲ့ရသူတွေကို မထီလေးစားလုပ်တာလို့ ကျန်ရစ်သူ မိသားစုဝင်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54000519

ကမ္ဘောဒီးယား လူမျိုးတုံးသတ်ဖြတ်မှု - ခမာနီထောင်မှူး သေဆုံး  ကမ္ဘောဒီးယား လူမျိုးတုံးသတ်ဖြတ်မှု - ခမာနီထောင်မှူး သေဆုံး Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.