အမေရိကန်ပြည်တွင်း စာပို့စနစ်က အထွေထွေရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှု ရှိနေသလဲ

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အမေရိကန်ရွေးကောက်ပွဲ ရွှေ့သင့်သလား

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲကို စာတိုက်ကတစ်ဆင့်လည်း မဲပေးကြဖို့ရှိရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင်နည်းလမ်းမဟုတ်တဲ့ လူကိုယ်တိုင်တစ်ခါ၊ စာတိုက်ကနေတစ်ခါ နှစ်ခါ မဲပေးကြဖို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အတွင်း လတ်တလော မိန့်ခွန်းပြောကြားလိုက်တဲ့အတွက် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ထရမ့်က သူ့အနေနဲ့ လက်ရှိ စာတိုက်က မဲပေးမဲ့စနစ်က ဒီလိုနှစ်ခါ မဲပေးတာကို သိရှိ ပယ်ဖျက်နိုင်ခြေရှိမရှိ စမ်းသပ်လိုတဲ့အတွက် ဒီလို လုပ်ခိုင်းရတာဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီမိုကရက်တွေဘက်က စာတိုက်ကပေးတဲ့ မဲနဲ့ ပတ်သက်လို့ မသမာမှုတွေ လုပ်မှာကို စိုးရိမ်ပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိလာမှသာ သူ့ရဲ့ ရီပတ်ဘလီကန် ပါတီဘက်က ရှုံးနိုင်ခြေ ရှိတာလို့လည်း အော်ဟစ် အားပေးနေကြတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အတွင်းက ရီပတ်ဘလီကန် ထောက်ခံတဲ့ ပြည်သူတွေကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန် အထွေထွေရွေးကောက်ပွဲကာလအတွင်းက ပြောဆိုခဲ့ကြတဲ့ ရွေးကောက်ပွဲ မသမာမှု ပုံစံတွေကတော့ ယုတ္တိမရှိလှတဲ့ ထောက်လှမ်းရေးအခြေခံ ရုပ်ရှင်တစ်ခုထဲက ဇာတ်ကွက်ဆန်လှတယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီအချိန်က ပြောခဲ့တဲ့ ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲ မသမာမှု ပုံစံတွေကတော့ ရုရှားအခြေစိုက် အွန်လိုင်းအချက်အလက်တွေ ခိုးယူ ပြောင်းလဲနိုင်တဲ့ ဟက်ကာတွေ၊ လျှို့ဝှက် စာရွက်စာတမ်းတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ပစ်မှတ်ထားပြီး မဲပေးသူ သဘောထားပြောင်းအောင် အယ်လ်ဂိုရစ်သမ် ဖန်တီးတာတွေအပေါ် အခြေခံခဲ့ပြီး ဒီတစ်ခေါက်မှာတော့ စာပို့စနစ် အခြေခံတဲ့ ရွေးကောက်ပွဲ မသမာမှု ပုံစံကိုပဲ အဓိက ပြောဆိုနေကြပါတယ်။

ပုံမှန်အားဖြင့် စာတိုက်က မဲပေးခွင့်ကို အသက် ၆၅ နှစ်ကျော်သူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ဒါမှမဟုတ် ကိုယ်နေထိုင်တဲ့ ပြည်နယ်ရဲ့ အပြင်ဘက်ကို ရောက်နေသူတွေသာလျှင်ရရှိပါတယ်။

ဒါပေမဲ့ လက်ရှိကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာတော့ ပြည်နယ် အနည်းစုမှာ အားလုံး စာတိုက်ကပဲ မဲပေးဖို့ စနစ်ကို စတင်ကြေညာထားပြီး၊ အခြား ပြည်နယ်အများစုမှာတော့ စာတိုက်က မဲပေးတာကို အကြောင်းပြချက် ပေးဖို့ မလိုဘူးလို့ သတ်မှတ်ထားပြီး ပုံမှန် စည်းကမ်းအတိုင်း စာတိုက်က မဲပေးခွင့် ကန့်သတ်မယ့် ပြည်နယ်ကတော့ တဖြည်းဖြည်း နည်းလာတာကို တွေ့ရပါတယ်။

လာမယ့် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့တကွ ဒီမိုကရက်တွေဘက်က ယခင်စီစဉ်ထားတဲ့အတိုင်း လာမယ့် နိုဝင်ဘာလမှာ ကျင်းပစေချင်ပေမဲ့ အမေရိကန်သမ္မတ ထရမ့်ကတော့ ရွှေ့ဆိုင်းချင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ကမ္ဘာတစ်ဝန်းက သန်းထောင်ချီတဲ့ လူတွေအပေါ် သက်ရောက်မှု အမျိုးမျိုး ရှိခဲ့ရာမှာ လာမယ့် အမေရိကန် အထွေထွေရွေးကောက်ပွဲကိုလည်း ဒီလို သက်ရောက်မှုတွေ ရှိလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံအတွင်းက တချို့ပြည်နယ်တွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် လူကိုယ်တိုင်မဲပေးမှုကို လုံးဝတားမြစ်ထားပြီး ဒါကို လက်ရှိ ခွင့်ပြုထားတဲ့ ပြည်နယ်အတွင်းမှာ ဆိုရင်လည်း မဲရုံအတွင်းကို လက်ခံမယ့် လူအရေအတွက်ကို ကန့်သတ်ဖို့ လိုလားနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုစီမှာ မဲပေးတဲ့ ပုံစံကို ပြောင်းလဲခွင့် အာဏာ ရှိတဲ့အတွက် လည်း စာတိုက်က မဲပေးမှု ပုံစံကို အသားပေးမယ့် ပြည်နယ်တွေ ပိုများလာနိုင်ပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုက စုစုပေါင်းရဲ့ လေးပုံတစ်ပုံအထိ ရှိခဲ့တဲ့အတွက် လက်ရှိ အခြေအနေမှာဆိုရင် စာတိုက်ကနေ မဲပေးသူ အရေအတွက် အလွန်များလာနိုင်ပြီး ဒါကို အမေရိကန် စာပို့စနစ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ မသေချာတဲ့ အခြေအနေလည်း ရှိနေပါတယ်။

လူထုသဘောထား ကောက်ခံမှုတွေမှာ ဦးဆောင်နေတဲ့ ဒီမိုကရက်ဘက်က သမ္မတလောင်း ဘိုင်ဒန်အနေနဲ့ ဒီရွေးကောက်ပွဲမှာ သူနိုင်မယ်လို့ ယူဆတဲ့အတွက် အချိန်မဆိုင်းပဲ ကျင်းပဖို့ လိုလားနေပါတယ်။

တစ်ဖက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် အမေရိကန်ပြည်သူ ၁၇၀,ဝ၀ဝ လောက် သေဆုံးထားပြီး စီးပွားရေး ကျဆင်းတဲ့ ပြဿနာလည်း ကြုံနေရတဲ့ လက်ရှိ ရီပတ်ဘလီကန်ဘက်က သမ္မတ ထရမ့်ကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပြီး လူထုဆီက ဆုံးရှုံးခဲ့တဲ့ ထောက်ခံမှုတွေ ပြန်ရအောင် အချိန်ယူနေတာ ဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

အမေရိကန် သမ္မတဟောင်း ဘရတ် အိုဘားမားကတော့ မစ္စတာ ထရမ့်ဟာ အမေရိကန်စာပို့စနစ်ကို အားနည်းစေပြီး “ထော့ကျိုး” ဖြစ်သွားအောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

ဒီလို ပြောလောက်တဲ့ အခြေအနေမျိုးလည်း ရှိနေခဲ့ပြီး အမေရိကန် စာတိုက်မှူးချုပ်ရာထူးကို လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ စာတိုက်ဝန်ထမ်းတွေထဲကပဲ ခန့်တဲ့ ထုံးစံ ရှိခဲ့ရာကနေ သမ္မတ ထရမ့်ရဲ့ မဲဆွယ် စည်းရုံးမှုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၂ သန်း လှူခဲ့တဲ့ လူးဝစ် ဒဂျွိုင်းဟာ ပြီးခဲ့တဲ့ ဇွန်လကမှ အမေရိကန် စာတိုက်မှူးချုပ် ရာထူးကို ရရှိထားခဲ့ပါတယ်။

ဒဂျွိုင်းဟာ ရာထူး စယူပြီး မကြာခင်မှာပဲ ပို့စာ စိစစ်ရေးစက် ၆၀ဝ လောက်ကို စာပို့ကွန်ရက်အတွင်းက အနားပေးလိုက်ပြီး အဲဒီ အထဲက ၁၀ ရာခိုင်နှုန်းကတော့ လက်ရှိ အသုံးပြုနေဆဲ စက်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် စာပို့သမားတွေ အချိန်ပို လုပ်ခွင့်ကိုလည်း သူက ကန့်သတ်လိုက်တဲ့အပြင် ပို့တဲ့ စာတွေ လူတွေ လက်ထဲရောက်ဖို့ သေချာအောင် တစ်ကြိမ်ထက်မက ပို့ပေးဖို့ ကြိုးစားတဲ့ အရေအတွက်ကိုလည်း လျှော့ချလိုက်ပါတယ်။

ဒီလို အပြောင်းအလဲတွေကြောင့် အငြင်းပွားစရာတွေ အများကြီး ဖြစ်လာတဲ့အတွက် ဒဂျွိုင်းအနေနဲ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဒီလို အပြောင်းအလဲတွေ လုပ်ခဲ့တာ ဟုတ်မဟုတ် အမေရိကန် အထက်လွှတ်တော်ရဲ့ ပြည်တွင်းလုံခြုံရေး ကော်မတီ ရှေ့မှောက်မှာ စစ်မေးခံခဲ့ရပါတယ်။

ဒဂျွိုင်းနဲ့တကွ ရီပတ်ဘလီကန်တွေဘက်ကတော့ ဒီလို စာတိုက်စနစ်အတွင်း ပြောင်းလဲမှုတွေ လုပ်ရတာဟာ ဒီစနစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ အထိ ဘတ်ဂျတ်လိုငွေ ပြနေတာကြောင့်သာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။

ဒီမိုကရက်တွေ အများစုထိန်းချုပ်ထားတဲ့ အမေရိကန်အောက်လွွှတ်တော်က မဲပေးတဲ့ကာလမှာ စာတိုက်စနစ်အတွက် အပို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ လျာထားဖို့ လိုလားနေတာကိုလည်း မစ္စတာ ထရမ့်က တစ်ချက်လွှတ် ဗီတိုအာဏာနဲ့ ပယ်ဖျက်ချင်နေပါတယ်။

အမေရိကန်သမ္မတ ထရမ့် ပြောဆိုနေတာကတော့ စာတိုက်ကနေ မဲပေးတဲ့စနစ်ကြောင့် ကြားမှာ လူတွေ နှောက်ယှက်ဖို့ ပိုမို လွယ်ကူသွားတဲ့အတွက် မဲတွေကို စာတိုက်ပုံးတွေထဲကနေ ခိုးယူထားတာ၊ ပြည်တွင်းနဲ့ ပြည်ပက ထရမ့်ကို မနိုင်စေချင်သူတွေက အတုလုပ်တာတွေ ရှိလာနိုင်လို့ လာမယ့် ရွေးကောက်ပွဲကို ရွေ့ဆိုင်းရမယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေမှာ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေး တင်းကြပ်တာတွေ ရှိပေမဲ့ ရွေးကောက်ပွဲ မသမာမှု နည်းပါးတယ်လို့ ယူဆရတဲ့ အမေရိကန်မှာတော့ မဲပေးမှု အဆင့်ဆင့်မှာ အဲဒီလို တင်းကျပ်တဲ့ ထုံးစံ ရှိမထားပါဘူး။

ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်အရကတော့ အမေရိကန်ပြည်တွင်း ခရစ်စမတ်ကာလ နီးလာချိန်မှာ စာပို့စနစ်က တနေ့ကို စာ သန်း ၅၀ဝ လောက် ပို့ပေးရလေ့ရှိပြီးသား ဖြစ်တာကို တွေ့ရတဲ့အတွက် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ စာတိုက်က မဲပေးမှုများလာတာကို အမေရိကန် စာပို့စနစ်က မနိုင်နင်းစရာ အကြောင်းမရှိဘူးလို့လည်း သုံးသပ်သူတွေ ရှိနေပါတယ်။

အမေရိကန် စာတိုက်မှူးချုပ် လူးဝစ် ဒဂျွိုင်းက အထက်လွှတ်တော်က နိုင်ငံတော် လုံခြုံရေး ကော်မတီရှေ့မှောက်မှာ အစစ်မေးခံချိန်မှာတော့ သူဟာ အမေရိကန် စာတိုက်စနစ်အတွင်း နောက်ထပ် အပြောင်းအလဲတွေ လုပ်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် စာပို့စနစ်ဟာ လာမယ့် ရွေးကောက်ပွဲအတွင်း စာတိုက်က မဲပေးမှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြေရှိတဲ့အပြင် အချိန်မီ ရောက်ရှိဖို့နဲ့ လုံခြုံစိတ်ချရဖို့အတွက်လည်း အပြည့်အဝ ကတိပြု လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

၂၀ဝ၀ ပြည့်နှစ်ကနေ ၂၀၁၂ အတွင်း အမေရိကန်ပြည်တွင်းမှာ ပေးခဲ့တဲ့ စာတိုက်မဲတွေကို လေ့လာချက်အရ သန်းပေါင်း ရာချီတဲ့ မဲတွေထဲက ၄၉၁ မဲသာ မဲလိမ်မှု ရှိခဲ့

ယခင်ရှိခဲ့တဲ့ စာတိုက်မဲ လိမ်မှု အရေအတွက်နဲ့ စိစစ်ရေး စနစ် အနေအထား

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအတွင်း အမေရိကန်နိုင်ငံတစ်ဝန်း စာတိုက်မဲ မသမာမှုတွေကို လေ့လာထားတာတွေ ရှိရာမှာ ဒီလို လုပ်ထားတဲ့ မဲအရေအတွက် အလွန်နည်းပါးခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ အရီဇိုနားပြည်နယ် တက္ကသိုလ်က ၂၀ဝ၀ ပြည့်နှစ်ကနေ ၂၀၁၂ အတွင်း အမေရိကန်ပြည်တွင်းမှာ ပေးခဲ့တဲ့ စာတိုက်မဲတွေကို လေ့လာချက်အရ သန်းပေါင်း ရာချီတဲ့ မဲတွေထဲက ၄၉၁ မဲသာ မဲလိမ်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ တရားမျှတမှုအတွက် ဘရန်နန်ဌာန ဆိုတဲ့ အဖွဲ့ရဲ့ လေ့လာချက်အရဆိုရင် အမေရိကန် ရွေးကောက်ပွဲသမိုင်းမှာ မဲလိမ်မှုနှုန်းက ဝ.ဝ၀ဝ၀၄ % ကနေ ဝ.ဝ၀ဝ၉ % အတွင်းသာ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွင်း စာတိုက်က မဲပေးမှုတွေကို မှန်ကန်ကြောင်း စိစစ်ရာမှာ မှတ်ပုံတင်ထားတဲ့ လိပ်စာက ပို့လိုက်တာ ဟုတ်မဟုတ်နဲ့ မှတ်ပုံတင်ထားတဲ့ လက်မှတ်နဲ့ တူမတူ ပြန်စစ်လေ့ရှိပြီး တချို့ပြည်နယ်တွေမှာဆိုရင် မဲပေးသူက စာချုပ်စာတမ်း သက်သေခံ ရှေ့နေ နိုတြီရှေ့မှာ လက်မှတ်ထိုးရတဲ့ စည်းကမ်းလည်း ရှိထားပါတယ်။

ဒါပေမဲ့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ မဲပေးချင်သူတွေ နိုတြီရဖို့ ခက်နိုင်တဲ့အပြင် အခြားအခက်အခဲအမျိုးမျိုးတွေ ရှိတာကြောင့် တချို့မဲပေး စည်းကမ်းတွေကို ဖြေလျှော့ပေးဖို့ ဒီမိုကရက်တွေဘက်က တောင်းဆိုတာတွေလည်း ရှိနေပြီး ရီပတ်ဘလီကန်တွေဘက်ကတော့ လိမ်လည်မဲပေးလို့မရအောင် ဒီလို စည်းကမ်းတွေကို ဆက်ထားရမယ်လို့ ပြန်လည် တုံ့ပြန်တာတွေလည်း ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54051158

အမေရိကန်ပြည်တွင်း စာပို့စနစ်က အထွေထွေရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှု ရှိနေသလဲ  အမေရိကန်ပြည်တွင်း စာပို့စနစ်က အထွေထွေရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှု ရှိနေသလဲ Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.