ပေါ့တ်လန် ပစ်ခတ်မှု သံသယရှိသူ ရဲက ပစ်ခတ်လို့ သေဆုံး

ဝါရှင်တန်ပြည်နယ် ဆီယယ်တဲလ်မြို့တောင်ပိုင်းက လေဆီမြို့မှာ မိုက်ကယ် ရိုင်နယ်လ်ကို ရဲတွေက ပစ်သတ်ခဲ့တယ်လို့ သတင်းတွေကဆို

အိုရီဂွန်ပြည်နယ်က ဆန္ဒပြမှုတွေအတွင်း လက်ယာဝါဒီ တက်ကြွလှုပ်ရှားသူတစ်ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုမှာ သံသယရှိသူ အသက် ၄၈ နှစ်အရွယ် မိုက်ကယ် ရိုင်နယ်လ် ဆိုသူကို လေဆီမြို့ရဲတွေက ပစ်သတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်း တင်းမာမှုတွေအတွင်း သမ္မတ ထရမ့်ကို ထောက်ခံအားပေးသူတစ်ဦးကို သတ်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေး ခံနေရတာပါ။

ရိုင်နယ်လ်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အဲဒီ အာရွန် ဒယ်နီယယ်ဆန် ဆိုသူ Patriot Prayer မျိုးချစ်အုပ်စုအဖွဲ့က အဖွဲ့ဝင်တစ်ဦးကို သူသေနတ်နဲ့ ပစ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။

ရိုင်နယ်လ်ကို ရဲအရာရှိတွေ ဘာ့ကြောင့် ပစ်သတ်ခဲ့တာလဲ ဆိုတာကိုတော့ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရိုင်နယ်လ်ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြီး ကြာသပတေးနေ့မှာ သူ့ကို ရဲတွေ ရှာတွေ့ခဲ့တာပါ။

ရဲတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ရိုင်နယ်လ်က သေနတ် ဆွဲထုတ်ခဲ့တဲ့အတွက် ရဲက ပစ်သတ် ဖမ်းဆီး ခဲ့တာလို့ အမည်မဖော်လိုတဲ့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက AP သတင်းအေဂျင်စီကို ပြောပါတယ်။

ရိုင်နယ်လ်လို့ အတည်မပြုနိုင်ပေမဲ့ လူသတ်မှုနဲ့ သံသယ ရှိသူတစ်ဦး တိုက်ခန်းတစ်ခုကနေ ထွက်လာပြီး ကားတစ်စီးထဲ ဝင်သွားခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက New York Times သတင်းဌာနကို ပြောပါတယ်။

"သူ့နားကို ရဲတွေ ကပ်ဖို့ ကြိုးစားချိန်မှာ သေနတ်သံတွေ ထွက်လာခဲ့တယ်" လို့ အဲဒီ ရဲအရာရှိ ရေး ဘရေဒီက ပြောပါတယ်။

"လူမည်းတွေရဲ့ အသက်က အရေးပါတယ်" ဆိုတဲ့ Black Lives Matter လှုပ်ရှားမှုတွေမှာ ပါဝင်ဆန္ဒပြနေသူတွေဟာ မေလတုန်းက ရဲတွေရဲ့ လက်ချက်နဲ့ လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိုက် သေဆုံးခဲ့ရပြီးကတည်းက အိုရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့မှာ ညတိုင်း ဆန္ဒပြနေကြတာပါ။

ဒါပေမဲ့ အဲဒီမှာ လက်ယာဝါဒီအုပ်စုတွေနဲ့လည်း ဆန္ဒပြသူတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေပါတယ်။

ဆန္ဒပြပွဲတွေမှာ မှန်မှန်ပါဝင်ခဲ့တဲ့ ရိုင်နယ်လ်က သူနဲ့ သူ့သူငယ်ချင်းတစ်ယောက်ကို ဒယ်နီယယ်ဆန်က ဓားနဲ့ ထိုးတော့မယ်လို့ သူထင်ခဲ့ကြောင်း Vice News သတင်းစာကို ပြောခဲ့ပါတယ်။

စနေနေ့ညမှာ သမ္မတထရမ့်ကို ထောက်ခံအားပေးတဲ့သူလူအုပ်ကြီးနဲ့ Black Lives Matter ဆန္ဒပြသူတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်

"ကျွန်တော့်မှာ ရွေးစရာလမ်း မရှိတော့ဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာ ရွေးစရာလမ်း လုံးဝ မရှိတော့ဘူး။ကျွန်တော့်သူငယ်ချင်း လူမည်းတစ်ဦး အသတ်ခံရတာကို ငုတ်တုတ် ထိုင်ကြည့်နေရင်တော့ ရတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို ထိုင်ကြည့်မနေနိုင်ခဲ့ဘူး" လို့ သူကပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းက သမ္မတထရမ့်က ဒယ်နီယယ်ဆန် သေဆုံးခဲ့တဲ့ကိစ္စကို သူ့ရဲ့တွစ်တာ လူမှုကွန်ရက်ပေါ်မှာ မီးမောင်းထိုး ဖော်ပြခဲ့ပြီး " အာရွန် ဂျေ ဒယ်နီယယ်ဆန် ကို သွေးအေးအေးနဲ့ သတ်ခဲ့သူကို ပေါ့တ်လန်မြို့ ရဲတွေက ဘာ့ကြောင့် မဖမ်းကြသေးတာလဲ။ ရဲတွေ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ မြန်မြန်လေး လုပ်ကြပါ" လို့ ရေးခဲ့ပါတယ်။

ပေါ့တ်လန်မြို့ ဆန္ဒပြမှုတွေမှာ ဘာတွေ ဖြစ်ခဲ့သလဲ

စနေနေ့ညတုန်းက သမ္မတထရမ့်ကို ထောက်ခံအားပေးတဲ့အနေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတဲ့ လူအုပ်ကြီးနဲ့ Black Lives Matter ဆန္ဒပြသူတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ချိန်မှာ ဒယ်နီယယ်ဆန်ကို ရိုင်နယ်လ်က ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမြို့လယ်ခေါင်မှာ နှစ်ဘက် ခိုက်ရန်ဖြစ်ပွားနေချိန်အတွင်း ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

သမ္မတထရမ့်ကို ထောက်ခံအားပေးသူ တစ်ထောင်လောက်ကို တင်ဆောင်လာတဲ့ အလံတွေ လွှင့်ထူထားတဲ့ မော်တော်ယာဉ် အစီး ၆၀၀ လောက် ပေါ့တ်လန်မြို့လယ်မှာ စီတန်းမောင်းနှင်ခဲ့အပြီးမှာ တင်းမာမှုတွေ တိုးပွားလာခဲ့တာပါ။

အဲဒီကသတင်းတွေထဲမှာ Black Lives Matter ဆန္ဒပြသူတွေက အဲဒီလူတွေ မြို့ထဲမဝင်နိုင်အောင် လမ်းတွေပိတ်ပြီး တားဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ Black Lives Matter ဆန္ဒပြသူတွေကို လူတချို့က ငရုတ်ကောင်းရည်တွေ၊ ငရုတ်ကောင်းကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကိုလည်း ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

ပေါ့တ်လန်မြို့ဟာ Proud Boys ၊ Patriot Prayer စတဲ့ လက်ယာစွန်း မျိုးချစ်အုပ်စုတွေနဲ့ ANTIFA ဖက်ဆစ်ဝါဒဆန့်ကျင်တဲ့ လက်ဝဲဝါဒီတွေအကြား ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေကြောင့် တင်းမာမှုတွေ တိုးပွားလာနေတဲ့နေရာ ဖြစ်ပါတယ်။

"ကျွန်တော်က ရာခိုင်နှုန်းပြည့် ANTIFA ဖက်ဆစ်ဝါဒဆန့်ကျင်သူ ဖြစ်တယ်" လို့ ရိုင်နယ်လ်က ဇွန်လတုန်းက သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပြီး လက်ယာစွန်း ဆန္ဒပြသူတွေရဲ့ လုပ်ပုံလုပ်နည်းကြောင့် စစ်ပွဲတောင် ဖြစ်သွားနိုင်တယ်လို့ ရေးသားထားကြောင်း အမေရိကန်သတင်းမီဒီယာတွေက ဆိုပါတယ်။

ကျည်အပြည့် ထည့်ထားတဲ့ သေနတ်တစ်လက် လူထုအကြား ကိုင်ဆောင်ခဲ့မှု စွဲချက်တွေနဲ့ ဇူလိုင်လတုန်းက တရားရုံးမှာ သူလာရောက် တရားရင်ဆိုင်ခဲ့ရပါတယ်။

လက်နက်ကိုင်ထားတဲ့ လူဖြူတစ်ဦးနဲ့ လူမည်းလူငယ်အုပ်စုတစ်စုအကြား ခိုက်ရန်ဖြစ်ပွားမှုတစ်ခုကို ကြားဝင်ဖြန်ဖြေခဲ့စဉ် သူ့လက်မောင်းကို သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့တုနးက ရိုင်နယ်လ်က AP သတင်းဌာနကို ပြောခဲ့ပါတယ်။

ပေါ့တလန်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို အိုရီဂွန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကိတ် ဘရောင်းနဲ့ ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေက ကြာသပတေးနေ့က ရှုတ်ချပြောဆိုလိုက်ပြီး "အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ကြပါ။ အိုရီဂွန်ပြည်နယ်မှာ လူဖြူကြီးစိုးရေး ဒါမှမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ကင်းစောင့်တာမျိုးတွေ လုပ်ဖို့ မလိုပါဘူး" လို့ ထုတ်ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54026988

ပေါ့တ်လန် ပစ်ခတ်မှု သံသယရှိသူ ရဲက ပစ်ခတ်လို့ သေဆုံး  ပေါ့တ်လန် ပစ်ခတ်မှု သံသယရှိသူ ရဲက ပစ်ခတ်လို့ သေဆုံး Reviewed by THITHTOOLWIN on 18:56 Rating: 5

No comments:

Powered by Blogger.