အမေရိကန်ကိုယ်စားလှယ်တွေ ထိုင်ဝမ်ရောက်နေတုန်း တရုတ်စစ်ရေးလေ့ကျင့်

၂၀၁၀ တုန်းက တရုတ် စစ်တပ်က စစ်သင်္ဘောတစ်စင်း

အမေရိကန်အစိုးရ ထိပ်တန်းကိုယ်စားလှယ်တစ်ဦး ထိုင်ဝမ်ကို ရောက်ရှိနေချိန်မှာပဲ တရုတ်အစိုးရက သူ့နိုင်ငံရဲ့ အချုပ်အချာအဏာကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်ရေလက်ကြားအနားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်အကြားဆက်ဆံရေး အဆင်မပြေ ဖြစ်လာနေပြီး ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ ထောက်ခံအားပေးမှုတွေ ပိုတိုးလာခဲ့ချိန်မှာပဲ တရုတ်က လက်နက်အစစ်တွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ လုပ်မယ်လို့ အခုလို ပြောလိုက်တာပါ။

ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး ကိုယ့်သဘောနဲ့ကိုယ် အုပ်ချုပ်နေတဲ့ ပြည်နယ်တစ်ခုအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားတာပါ။

ထိုင်ဝမ်မှာ ရောက်နေတဲ့ မစ္စတာ ကိသ် ကရက်ချ်ဟာ ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေထဲမှာ ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။

မစ္စတာ ကရက်ချ် ရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တိုက်ရိုက် ရည်ညွှန်းမပြောပေမဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရန် ဂိုဂျင်း က အမေရိကန်နဲ့ ထိုင်ဝမ်ဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုတိုးလာအောင် လုပ်နေပြီး ခဏခဏ ပြဿနာရှာလေ့ရှိတယ်လို့ သောကြာနေ့မှာ စွပ်စွဲ ပြောခဲ့ပါတယ်။

တရုတ်ကို ထိန်းချုပ်နိုင်ဖို့ ထိုင်ဝမ်ကို အသုံးပြုတာ ဒါမှမဟုတ် ကိုယ့်နိုင်ငံ အင်အားတောင့်အောင် ပြည်ပတိုင်းပြည်တွေကို အားကိုးဖို့ ကြိုးစားတာဟာ ဖြစ်ချင်ဇောနဲ့ စိတ်ကူးယဉ်နေတာသာ ဖြစ်တယ် လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

" မီးနဲ့ကစားရင် မီးလောင်ခံရတတ်တယ်" လို့ မစ္စတာ ရန်က ပြောသွားပါတယ်။

တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းတိုင်း ဌာနချုပ်တပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မစ္စတာ ရန်က အသေးစိတ် ပြောမပြခဲ့ပေမဲ့ ဒီစစ်ရေးလှုပ်ရှားမှုတွေဟာ တရားဥပဒေနဲ့အညီ လုပ်တာ ဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ အချုပ်အခြာအာဏာနဲ့ တစ်စည်းတစ်လုံးဖြစ်မှုကို ကာကွယ်ဖို့အတွက် မလုပ်မဖြစ် လုပ်ဖို့ လိုတယ်လို့ ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်ရဲ့ အနောက်တောင်ပိုင်း ကမ်းရိုးတန်းအနားမှာ တရုတ်အစိုးရက ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီး နှစ်ရက်ကြာ လုပ်ခဲ့အပြီး အခု စစ်ရေးလှုပ်ရှားမှုတွေကို ထပ်လုပ်မှာ ဖြစ်ပါတယ်။

တရုတ်အစိုးရက ဒီစစ်ရေးလှုပ်ရှားမှုတွေ လုပ်ပြလိုက်ခြင်းအားဖြင့် အရင် အမေရိကန်အစိုးရ အဆက်ဆက် ထိန်းသိမ်းလာခဲ့တဲ့ ချိန်ခွင်လျှာ ညှိတဲ့ မူဝါဒအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို လက်ရှိအမေရိကန်အစိုးရကို သတိပေးလိုက်တာ ဖြစ်တယ်လို့ တိုင်ပေမှာ ရှိတဲ့ ဘီဘီစီသတင်းထောက် စင်ဒီ ဆွီက ပြောပါတယ်။

ထိုင်ဝမ်အစိုးရပါတီနဲ့ ပါတီထောက်ခံသူတွေကတော့ သမ္မတထရမ့်အစိုးရလက်ထက်မှာ အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး တင်းမာလာနေတာဟာ အမေရိကန်နဲ့ ထိုင်ဝမ် ဆက်ဆံရေး ပိုရင်းနှီးအောင် တွန်းလုပ်ဖို့၊ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက တရားဝင် လက်ခံလာအောင် လုပ်ဖို့ အခွင့်ကောင်းတစ်ခုအဖြစ် ရှုမြင်ထားပုံရတယ်လို့ သူက ပြောပါတယ်။

မစ္စတာ ကိသ် ကရက်ချ် ကြာသပတေးနေ့က တိုင်ပေကို ရောက်ရှိလာ

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့လက်ထောက် စီးပွားရေးဝန်ကြီး မစ္စတာ ကရက်ချ်ဟာ စနေနေ့မှာ ကျင်းပမယ့် ထိုင်ဝမ် သမ္မတဟောင်း လီတန်ဟွီအတွက် အောင်းမေ့ဖွယ် အခမ်းအနားကို တက်ရောက်ဖို့ ထိုင်ဝမ်ကို ရောက်လာတာပါ။

သောကြာနေ့နှောင်းပိုင်းမှာ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ သမ္မတအိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။

အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအခြေအနေ ရောက်နေချိန်မှာပဲ မစ္စတာ ကရက်ချ် ထိုင်ဝမ်ကို သွားရောက်ခဲ့တာပါ။

၂၀၁၈ ခုနှစ်ကစလို့ အမေရိကန်နဲ့တရုတ်အကြား ခါးသီးတဲ့ ကုန်သွယ်ရေးစစ်ပွဲတစ်ခု ဖြစ်နေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကိစ္စအပေါ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ သူလျှိုထောက်လှမ်းမှုတွေ လုပ်နေတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြရာကနေ ပြီးခဲ့တဲ့ လပိုင်းက အမေရိကန်နိုင်ငံတွင်းမှာ တရုတ်သူလျှိုတွေအဖြစ် မသင်္ကာသူတွေကို ဖမ်းဆီးမှုတွေ ရှိလာခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာမှုကြောင့် တရုတ်နည်းပညာကုမ္ပဏီတွေကို အမေရိကန်က နှိပ်ကွပ်လာတာမျိုးတွေ၊ တရုတ်ကျောင်းသားတွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ရုပ်သိမ်းတာတွေ အပါအဝင် တခြားနယ်ပယ်တွေမှာလည်း ထိခိုက်လာခဲ့ပါတယ်။

Map of Taiwan

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ တစိတ်တပိုင်းအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပြီး တစ်နေ့နေ့မှာ ထိုင်ဝမ်ကိုပြန်သိမ်းဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ထိုင်ဝမ်ပြည်သူ အတော်များများကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခု ထူထောင်ချင်နေပါတယ်။

တခြားကမ္ဘာ့နိုင်ငံအများစုလိုပဲ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မထားရှိပါဘူး။ အရင်တုန်းကတော့ ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ချိန်ခွာလျှာ ညှိတဲ့အနေနဲ့ ထိုင်ဝမ်ရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ ဒီမိုကရေစီပြောင်းလဲရေးကို လေးစားကြောင်း ပြရင်း ရှုပ်ထွေးတဲ့ နည်းဗျူဟာ မူဝါဒတစ်ခုကို အမေရိကန်က ကျင့်သုံးလာခဲ့တာပါ။

ထိုင်ဝမ်ကို လက်နက်တွေ အများဆုံးတင်ပို့ရောင်းချနေတဲ့ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ပြီး တစ်ခုတည်းသော မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ အမေရိကန်ဟာ ထိုင်ဝမ်အပေါ် ထောက်ခံအားပေးမှုတွေ ပိုတိုးလုပ်လာခဲ့ပါတယ်။

အမေရိကန်ဝန်ကြီးအဖွဲ့က ဝန်ကြီးတစ်ဦး ထိုင်ဝမ်သမ္မတ ဆိုင်နဲ့ ပြီးခဲ့တဲ့လက တိုင်ပေမှာ တွေ့ဆုံခဲ့တုန်းက တရုတ်အစိုးရက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

"တရုတ် အမေရိကန် ဆက်ဆံရေး မထိခိုက်ချင်ရင် ထိုင်ဝမ် လွတ်လပ်ရေးတောင်းနေသူတွေကို မှားယွင်းတဲ့ အရိပ်လက္ခဏာတွေ မပြဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်" လို့ အဲဒီတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54204899

အမေရိကန်ကိုယ်စားလှယ်တွေ ထိုင်ဝမ်ရောက်နေတုန်း တရုတ်စစ်ရေးလေ့ကျင့်  အမေရိကန်ကိုယ်စားလှယ်တွေ ထိုင်ဝမ်ရောက်နေတုန်း တရုတ်စစ်ရေးလေ့ကျင့် Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.