ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာသူတွေကို ၂ဝ၂ဝ စက်တင်ဘာ ၂၀ ရက်နေ့က မြဝတီ အမှတ်၂ တံတားမှာ တွေ့ရစဉ်
Photo: Thant Zin Aung's FB
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ နယ်စပ်ဂိတ်ဖြတ်ကျော်ပြီး နေရပ်ပြန်နိုင်ကြပေမယ့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု များပြားလာတာကြောင့် နေရပ်ပြန်ဖို့ တွန့်ဆုတ်လာကြပါတယ်။
မဲဆောက်မြို့ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ဖြတ်ပြန်သူ လေးငါးရာ နေ့စဉ်ရှိခဲ့ပေမယ့် အခုဆိုရင် တစ်ရာကျော်လော်ပဲ ရှိတော့တယ်လို့ မဲဆောက်မြို့က မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။
“အရင်ထက်စာရင် ရောဂါဖြစ်နေတဲ့တဲ့ကာလဆိုတော့ ပြန်တဲ့လူကနည်းတယ်။ မနေ့ကဆိုရင် ၁၄၀ လောက်ပဲ ရှိတယ်။ ပုံမှန်အတိုင်းဆိုရင် တစ်ရက်ကို လေးရာ၊ ငါးရာပေါ့။ အခုတော့ နောက်ပိုင်း ရောဂါနည်းနည်းများတဲ့ ကာလမှာ တစ်ရာလောက်ပဲ ပြန်လာပါတယ်။ နောက်တစ်ခုက အလုပ်သက်တမ်းတိုးပေးတဲ့ ကိစ္စတွေရှိမယ်။ တချို့ အလုပ်ပြန်လုပ်ခွင့်မဲ့သွားတဲ့ ကလေးတွေရှိတယ်။ အဲဒီကလေးတွေ၊ အဲဒီအလုပ်သမားတွေကတော့ အလုပ်လုပ်ခွင့်ပြန်ရသွားတော့ တချို့အလုပ်သမားတွေက (နယ်စပ်ကို) ပြန်မလာတော့ဘူး။ ဟိုမှာပဲ သက်တမ်းပြန်တိုးတယ်”
နေရပ်ပြန်သူ နည်းသွားတဲ့အကြောင်းရင်းထဲမှာ အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသူတွေကို ထိုင်းအစိုးရက သက်တမ်း ပြန်တိုးပေးနေတဲ့အချက်လည်း ပါဝင်နိုင်တယ်လို့ ဦးဝေလင်းမောင်က ပြောပါတယ်။
မတ်လ ၂၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၁ ရက်နေ့ထိ ဒီတံတားကနေနေရပ်ပြန်သူ တစ်သိန်း နှစ်သောင်းကျော် ရှိနေပြီလို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရချင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ အလုပ်လုပ်နေတဲ့ MOU အလုပ်သမား ရှစ်သိန်းကျော် ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း အထောက်ထားပြနိုင်သူ တစ်သန်းကျော်ရှိတယ်လို့ မြန်မာအလုပ်သမား သံအရာရှိ ရုံးစာရင်းတွေအရ သိရပါတယ်။
ကပ်ဘေးကာလအတွင်း စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်တာကြောင့် အလုပ်သမားတွေ နေ့စဉ် နေရပ်ပြန်နေချိန်မှာ ထိုင်းအစိုးရက သက်တမ်းကုန်သွားတဲ့ အလုပ်သမားတွေကို ၂၀၂၂ ခုနှစ် မတ်လထိ သက်တမ်းတိုးပေးခဲ့ပါတယ်။
ကပ်ဘေးကာလအတွင်း မဲဆောက်-မြဝတီ၊ ကော့သောင်း- ရနောင်းလမ်း၊ တာချီလိတ်-မယ်ဆိုင် လမ်းတွေကနေ ပြန်သူတွေနဲ့ပါဆိုရင် တစ်သိန်းခွဲကျော်ရှိနေပြီလို့ သိရကြောင်း မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးနှုန်းဟာ ထိုင်းနိုင်ငံထက် ပိုများလာနေပါပြီ။
မြန်မာနိုင်ငံအတွင်း ကူးစက်မှု မြင့်တက်လာနေတာကြောင့် ထိုင်းနိုင်ငံထဲကိုလည်း နှစ်ပတ်အတွင်း ကူးစက် လာနိုင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီလဆန်းပိုင်းက သတိပေးထားပါတယ်။
နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်သူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး အရေးယူနေပါတယ်။
ထိုင်းနိုင်ငံမှာ ရက်ပေါင်း တစ်ရာကျော် ပြည်တွင်း ကူးစက်မှုမရှိတော့လို့ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးနေ ချိန်မှာ နေရပ်ပြန်ရွှေ့ပြောင်း မြန်မာအလုပ်သမားထဲက နှစ်နှစ်အရွယ် ကလေးငယ်မှာ ပိုးကူးစက်ခံရတာ တွေ့တယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
သူတို့ မိသားစု အလုပ်လုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ နကော်စီဌာမရ၊ စလေဘူရီနဲ့ အယုဒ္ဒယမြို့တွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ စစ်ဆေးခဲ့ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/returning-burmese-workers-from-thai-decrease-09222020053056.html

No comments:
Post a Comment