သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သီပေါ-နမ့်လန် ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား တဦး အလောင်း တွေ့ရှိကြောင်း စုံစမ်းသိရသည်။
အဆိုပါ သီပေါမြို့နယ် နမ့်ပုံ့ပ ကျေးရွာအကျော် သီပေါ-နမ့်လန် ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသားကို မည်သည့် အဖွဲ့အစည်းမှ လာရောက်ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ လက်ရှိမှာ သီပေါရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ မှ ကိုမျိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ကျနော်တို့အဖွဲ့ကို ရဲစခန်းက နေ့လည် ၁၁နာရီခွဲလောက်မှာ ဖုန်းဆက်လာတယ်။ အဲ့ဒါနဲ့ ကျနော်တို့အလောင်းသွားသယ်ခဲ့တယ်။ သေနတ်ဒဏ်ရာက ၂ချက်ပါ။ လက်ဖျံနဲ့ ရင်အုံ မှာပါ” ဟု ကိုမျိုး က ပြောသည်။
သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသား၏ နေရပ်လိပ်စာကို လက်ရှိ အချိန်ထိ မသိရှိသေးပေ။
ထို သီပေါ-နမ့်လန် ကားလမ်းဘေးတွင် တကြိမ်တခါမှ ယခုကဲ့သို့ အမှုမဖြစ်ဖူးကြောင်းလည်း သီပေါ ဒေသခံများက ပြောသည်။
“ ဘာကြောင့် သေနတ်ပစ်ခံရတယ်ဆိုတာကိုတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲပါ။ အဲ့နေရာကတော့ တခါမှ မဖြစ်ဖူးဘူး” ဟု သီပေါဒေသခံ အမျိုးသားတဦးက ပြောသည်။
သီပေါမြို့နယ် အတွင်း သြဂုတ် (၂၄)ရက်တွင် အမျိုးသား ၃ဦး သေနတ်ပစ်သတ်ခံရပြီး၊ ဧပြီလတွင်လည်း မိသားစုဝင် ၅ဦး ပစ်သတ်ခံရပြီး ယနေ့ချိန်ထိ အမှုမှန် မပေါ်သေးပေ။
သီပေါမြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ၊ အစိုးရ တပ်မတော် နှင့် ပြည်သူ့စစ်များလှုပ်ရှားသည့် နေရာ တခုဖြစ်ပြီး မကြာခဏ သေနတ်ပစ်သတ်ခံရသည့် နေရာလည်းဖြစ်သည်။
SHAN News (Burmese Version)
![သီပေါ-နမ့်လန် လမ်းဘေးတွင်အမျိုးသားတဦး အလောင်းတွေ့](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDpZB2T8u7jmsCDAZzyOdEhVk0KjyEHKf2BSfKdlOhvmScQWNuFE9dAr4jGsayiQX1cWyeQZckj-RxJh4DQbQf-QPD0BPNbiwQD2NR-nZgW5RopRrWmrKATtEbAp7Tor4fpzjtRxcWE10/s72-w500-c-h281/13.jpg)
No comments:
Post a Comment