စုံစမ်းစစ်ဆေးခံရတာမရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတာကို ခံနေရတယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းက မှားနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေတယ်လို့ အင်တာနက်စာမျက်နှာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စွပ်စွဲ ရေးသား မျှဝေနေကြပါတယ်။

ဒီလို အွန်လိုင်းစာမျက်နှာမှာ ရေးသားမျှဝေနေတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို RFA သတင်းဌာနက မနေ့ကနဲ့ ဒီနေ့မှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

ဒါပေမဲ့ မြို့တော်ဝန်က  ရန်ကုန်အခြေစိုက် စံတော်ချိန် ရုပ်သံနဲ့ တွေ့ဆုံရာမှာတော့ ဒီစွပ်စွဲချက်ကို ပယ်ချလိုက် ပါတယ်။

"မြေရောင်းတာတွေ၊ ဆောက်လုပ်ခွင့်ပေးတာတွေက ကျနော်တို့ EC နဲ့ပဲ လုပ်တာ၊ ကျနော်ကိုယ်တိုင် ဒီမြေတစ်ကွက်ကို ရောင်းခွင့်ပေးလိုက်ပါဆိုတာ တခါမှ ကျနော်မလုပ်ဖူးဘူး၊ အဲဒီတော့ ရေးရင်တောင်မှ မူဘောင်နဲ့ညီပါက ရောင်းချခွင့်ပြုသည် ဆိုတာပဲပြောတာ၊ ဒီသတင်းက ဘယ်လို့မှ မဖြစ်နိုင်တဲ့ သတင်း၊ အမှန်တိုင်းပြောရင် တကယ်လည်း စိတ်မဝင်စားဘူး။"

ကပ်ဘေးကာလအတွင်း ဆောင်ရွက်ရမယ့်လုပ်ငန်း အများအပြားရှိတာကြောင့် ဒီစွပ်စွဲချက်တွေကို လိုက်လံ ဖြေရှင်းဖို့ အချိန်မရှိဘူးလို့ မြို့တော်ဝန်က စံတော်ချိန်ရုပ်သံကို ပြောပါတယ်။

မြို့တော်ဝန်ရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့  ဗဟိုကော်မတီဝင် ဒေါက်တာ မျိုးညွှန့်ကလည်း ဒီစွပ်စွဲချက်တွေကို အတည်ပြုလို့ မရဘူးလို့ ပြောပါတယ်။

"ပါတီကတော့ သူ့ကို စုံစမ်းစစ်ဆေးနေတာ မရှိပါဘူး၊ ကျနော် သိသလောက်တော့ ပါတီမှာ တိုင်စာလည်း မရှိပါဘူး၊ အဂတိက သီခြားဌာနဖြစ်တာကြောင့် စစ်ဆေးတယ် ဆိုတာတော့ အတည်ပြုလို့ မရပါဘူး၊ အဂတိကအစိုးရဌာန။  ကျနော်တို့ပါတီကတော့ စစ်ဆေးနေတာ မရှိပါဘူး။"

မြို့တော်ဝန်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က တစ်ကြိမ် တိုင်ကြားစာ လက်ခံရရှိဖူးပြီး တိကျခိုင်မာမှု မရှိတာကြောင့် အရေးယူတာမရှိဘူးလို့လည်း ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/no-investigation-on-ygn-mayor-09082020043055.html

စုံစမ်းစစ်ဆေးခံရတာမရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော  စုံစမ်းစစ်ဆေးခံရတာမရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော Reviewed by THITHTOOLWIN on 18:24 Rating: 5

No comments:

Powered by Blogger.