မြန်မာ ကိုဗစ်ဒုတိယလှိုင်းနဲ့ လူထုအခက်အခဲ

ရန်ကုန်မြို့ရှိ စျေးတခုမှာ စျေးဝယ်နေသူတချို့ တွေ့ရတဲ့ မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)

မြန်မာမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယအကြိမ် တကျော့ပြန်ကူးစက်မှုတွေကြောင့် အသွားအလာ တင်းကြပ်ကန့်သတ်မှုတွေ တိုးလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပြီး ပြည်သူတွေ အခက်အခဲကြုံလာကြရပါတယ်။ လုပ်ငန်းထိခိုက်မှုတွေကြောင့် အခက်အခဲကြုံနေကြရသူတချို့ရဲ့ ပြောဆိုချက်တွေကို မအိမ့်သန္တာထွန်းက စုစည်းတင်ဆက်ထားပါတယ်။

"ကျမကတော့ စက်ချုပ်ပါတယ်ရှင့်။ အခုက ကျောင်းတွေကလည်း ပိတ်ထားတယ်ဆိုတော့ ကျမစီးပွားရေးက တော်တော်လေး ထိခိုက်နစ်နာပါတယ်။ ကျောင်းတွေက ပိတ်ထားတယ်။ ဒီရာသီက ကျောင်းတွေ ဖွင့်တော့ ဆရာမတွေ အကျင်္ီရော၊ ကျောင်းသားတွေ ဝတ်စုံရော ချုပ်နေကြရတဲ့ အချိန်ဖြစ်တယ်။ ခုလည်း ကျောင်းတွေ ပိတ်ထားတယ်ဆိုတော့ ကျမအနေနဲ့က စီးပွားရေးမှာ တော်တော်လေး နစ်နာတာပေါ့ရှင်။ ထောက်ပံ့ကြေးကတော့ ၃ ကြိမ်ရဖူးပါတယ်။ ပထမ ဆီ၊ ဆန်၊ ဆားတုန်းကလည်း ရဖူးပါတယ်။ နောက်တစ်ခေါက် ဒုတိယအကြိမ်တုန်းကလည်း ရဖူးပါတယ်။ တတိယအသုတ်တုန်းကလည်း ရပါတယ်ရှင့်။"

"အင်း...ဘယ်လောက်ရှိသလဲဆိုတာတော့ ပြောလို့ မရဘူး၊ ထိခိုက်မှုကတော့ ရှိတာပေါ့။ အရင်ကနဲ့ အခုနဲ့ဆိုတော့ ကွာတာပေါ့။ တော်တော်ကြီးကွာတယ်။ ၃ ပုံ ပုံရင် ၂ ပုံလောက်က တစ်ပုံလောက်ပဲရှိတယ် လောလောဆယ်က။ ချေးငွေ ဘာညာဆိုတာကလည်း လိုင်စင်နဲ့ လုပ်တာတွေပဲ ရတာလေ လိုင်စင်မရှိတော့ မရဘူး။ ဒါက ကိုယ့်ဟာကို တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေဆိုတော့လည်း မရှိဘူး။"

"ကျနော်က Tourist Guide လုပ်တဲ့ခါကျတော့ သူက ကိုဗစ် ဒီမှာမဖြစ်ခင်ကတည်းက ဒီမြန်မာမှာ မဖြစ်ခင်ကတည်းက ကျနော်တို့လုပ်ငန်းတွေက ရပ်သွားတာကိုး။ လုံးလုံးမရှိဘဲနဲ့ ရပ်သွားတာဆိုတော့ ထိခိုက်သွားတာပေါ့။ ထိခိုက်သွားတာဆို ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ အကုန်လုံးလေ။ အစိုးရဘက်က ထောက်ပံ့ပေးတာလေးတွေရှိတယ်လေ၊ ၂၀,၀၀၀။ ၂ ခါရဖူးတယ်။ ကျနော်တို့ မှန်းထားတာကတော့ ဒီ ဒုတိယလှိုင်းလေး မြန်မြန်ပြီးသွားလို့ရှိရင် ပုဂံညောင်ဦးကတော့ ခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ခါကျတော့ ကိုဗစ်ငြိမ်သွားလို့ရှိရင် ခရီးသွားလာမယ်၊ နိုင်ငံခြား ခရီးသွားမလာရင်တောင် မြန်မာခရီးသွားလာမယ်ပေါ့။ အဲ့ဒါဆိုရင် သူ့ဟာနဲ့သူ အထိုက်အလျောက် ငွေကြေးလည်ပတ်သွားမယ်။ စီးပွားရေးလည်ပတ်မှုလေးတွေ ပြန်ဖြစ်လာလို့ရှိရင် ကောင်းမယ်ဆိုပြီး မျှော်လင့်ပြီး ဒီဒုတိယလှိုင်းမြန်မြန်လေးပြီးအောင်တော့ မျှော်နေကြတာပေါ့။"


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar/5573721.html

မြန်မာ ကိုဗစ်ဒုတိယလှိုင်းနဲ့ လူထုအခက်အခဲ မြန်မာ ကိုဗစ်ဒုတိယလှိုင်းနဲ့ လူထုအခက်အခဲ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.