တရုတ်ပြည်သူတွေက သက်ရှိမဟာတံတိုင်းကြီးလို့ ခေါ်တဲ့ တရုတ်တပ်မတော်ကို မြန်မာတပ်မတော် လေ့လာပါ

တရုတ်ဆေးပညာရှင်အဖွဲ့ ဆေးပစ္စည်းအထောက်အပံ့တွေနဲ့အတူ မြန်မာနိုင်ငံကို ဧပြီ ၈ ရက်မှာ ရောက်ရှိစဥ်

မြန်မာ့အရေး လေ့လာသူ ဒေါက်တာလှကျော်ဇော

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူတွေ နေ့စဥ်ရာချီ တိုးလာနေပြီး အရေးပေါ်ကုသနိုင်မယ့်နေရာတွေ တိုးချဲ့နေရနေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ပိတ်ဆို့မှုတွေ ပြန်ဖြေလျော့နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေးဗျူဟာတွေကို ဘယ်လိုဆောင်ရွက်နေသလဲဆိုတာနဲ့ မြန်မာက တရုတ်ဆီက လေ့လာအတုယူနိုင်တဲ့ နည်းလမ်းတွေကို တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကို ဘီဘီစီ သတင်းထောက် ကိုအောင်သူရက မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

BBC- တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်မှု နောက်ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲ။

ဒေါက်တာ လှကျော်ဇော-နောက်ဆုံးအခြေအနေအရ မနေ့ညက ကြေညာသွားတာ ပြည်တွင်းကူးစက်မှု မရှိတော့ဘူးတဲ့။ အဲဒါ တစ်လနီးပါး ရှိနေပြီတဲ့။ ဒါကြောင့်မို့ ပုံမှန်နီးပါး ဖြစ်ပြီပေါ့။ ပုံမှန်နီးပါးဆိုတာ new normal ပေါ့။ ပုံမှန်အသစ်ပေါ့။

ကျောင်းတွေ ပြန်ဖွင့်ပေးတယ်။ ခရီးသွားလာခွင့်တွေ ပြန်ဖွင့်ပေးတယ်။ နိုင်ငံခြားလေယာဉ်လိုင်းတွေ ပြန်ဖွင့်ပေးတယ်။ ဒါမျိုးတွေ ရှိတာပေါ့။ ဒါပေမဲ့ new normal ဆိုတဲ့ အတိုင်းပေါ့။ ကျောင်းတွေလည်း ကလေးတွေက နှာခေါင်းစည်းတွေနဲ့ တက်ရတယ်။ ခုံတွေကိုလည်း ကြားထဲမှာ ခြားထားတာတွေ ဘာတွေပေါ့။ အဲဒီကာကွယ်မှုစနစ်အောက်မှာ ပြန်ဖွင့်တာပါ။ ဒါပေမဲ့ ပြည်ပက ဝင်လာတာတွေရှိတော့ ဖြိုးဖြိုးဖျောက်ဖျောက်တော့ ရှိတာပေါ့။ ဆယ်ဂဏန်းလောက်၊ မနေ့ကဆို ၉ ဦးလို့ ပြောတယ်။ ဒီကနေ့ဆို ၁၂ ဦးလို့ပြောတယ်။ အဲလိုဝင်လာတာတွေတော့ ရှိတယ်။

အဲတော့ တရုတ်ပြည်မှာက စုစုပေါင်းအားဖြင့် ၈ သောင်းနီးပါးဖြစ်ခဲ့တယ်။ ၅ ထောင်နီးပါး အသက်ဆုံးရှုံးခဲ့ရတာပေါ့။ အခုနောက်ပိုင်းလည်း ဖြိုးဖြိုးဖျောက်ဖျောက်တော့ အထူးသဖြင့် နယ်စပ်ဒေသတွေမှာပေါ့။ ဟိုးတလောတုန်းက ရုရှားနယ်စပ်မှာ ဖြစ်တယ်။ အခု မြန်မာနယ်စပ်မှာပေါ့။ ရွှေလီမှာ ဖြစ်နေတာ။ အဲဒါလည်း နည်းနည်းပါးပါးပါပဲ။ တရုတ်က နိုင်လည်းနိုင်နင်းတယ်။ သူက ဖြစ်လိုက်ပြီဆို အကုန်လုံး ချက်ချင်း လော့ခ်ဒေါင်း လုပ်ပြီးတော့ သေသေချာချာ ဖြေရှင်းနိုင်တယ်။သူက ကူးစက်နိုင်တဲ့ လမ်းကြောင်းကို ချက်ချင်း ဖြတ်ပစ်လိုက်နိုင်တာ မြန်တဲ့အတွက် နိုင်နိုင်နင်းနင်းတော့ ရှိနေပြီ။ဒါပေမဲ့ သူ့တိုင်းပြည်မှာ ကင်းစင်ပြီလို့တော့ သူက မကြေညာသေးပါဘူး။

ဒေါက်တာလှကျော်ဇော

BBC- တရုတ်က ထုတ်တဲ့ကာကွယ်ဆေးက တကယ်ပဲ ပြည်တွင်းမှာ သုံးနေပြီလား။ အဲဒီဆေးရဲ့ အခြေအနေ၊ အကျိုးအကြောင်းကို ရှင်းပြပေးပါ။

ဒေါက်တာ လှကျော်ဇော- တရုတ်ပြည်မှာ ဟုတ်တယ်။ vaccine က သူတို့က ဇန်နဝါရီ ၁၁ ရက်ကတည်းက ဗိုင်းရပ်စ်ရဲ့ gene ကိုပေါ့နော်။ genetic sequence လို့ ခေါ်တယ်။ အဲဒါကို ရပြီးကတည်းက တောက်လျှောက် လုပ်နေတာ။ ဒါကြောင့်မို့ သူတို့ တတိယအဆင့်အထိတောင် ပြီးပြီလို့ ပြောတယ်။ ဒါ့ကြောင့်မို့ အရင်တလောကဆိုရင် အရေးပေါ် ထိုးခွင့်ပြုလိုက်ပြီ။ အရေးပေါ်ထိုးခွင့်ဆိုတာ သူ့ပြည်တွင်းက လူတွေပေါ့။ ပြည်တွင်းကလူတွေမှာ ရှေ့တန်းမှာ အလုပ်လုပ်နေရတဲ့ ဆေးဝန်ထမ်းတွေ၊ ဆေးလုပ်သားတွေ၊ နောက်နယ်စပ်ဒေသမှာ တာဝန်ယူနေရတဲ့ လူတွေ၊ နိုင်ငံခြားခရီးထွက်ရတဲ့သူတွေ၊ မဖြစ်မနေ ခရီးထွက်ရသူတွေပေါ့။ တပ်မတော်အတွင်းမှာလည်း ဒီလိုပဲ။ စစ်တပ်အတွင်းမှာလည်း ဒီလိုပဲ။ အရေးပေါ်ထိုးခွင့် ပေးလိုက်ပြီ။ ဒါပေမဲ့ နိုင်ငံတကာသုံးဖို့အတွက်ကတော့ နည်းနည်းလိုသေးတယ်။ နိုင်ငံတကာ WHO အထိ သူကတင်တော့ တင်ပြထားတယ်။ နိုင်ငံတကာ သုံးဖို့အတွက်တော့ မလွယ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေး ဆိုတာက နှစ်နဲ့ချီပြီးတော့ လုပ်ရတာကိုး။ အခုတော့ အရေးပေါ် လိုအပ်လို့သာ သူက သုံးပေးရတာ။ သိပ်ပြီးတော့ အနာအဆာ ကင်းပြီလို့တော့ သူတို့လည်း သိပ်မပြောရဲသေးဘူးပေါ့။ အရေးပေါ်တော့ သုံးခွင့်ပြုလိုက်ပြီ တရုတ်ပြည်မှာ။ WHO တို့၊ တခြားနိုင်ငံတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်နေတာ ဒီတစ်ခေါက်ကတော့ မြိုင်လည်းမြိုင်၊ မြန်လည်း မြန်ပါတယ်။

ဘီဘီစီ-တရုတ်က ထုတ်တဲ့ ကာကွယ်ဆေးကို တကယ်တမ်း အများပြည်သူ သုံးနိုင်လောက်တဲ့ အခြေအနေ ရောက်ဖို့ဆိုရင် ဘယ်လောက်ထိ ကြာဦးမယ်လို့ ထင်ပါလဲ။

ဒေါက်တာ လှကျော်ဇော- သူက လောလောဆယ်တော့ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို အရင်ထိုးထားနှင့်ပါဆိုပြီးတော့ သူ့ပြည်သူတွေကို လှုံ့ဆော်နေတာပဲလေ။ အသက် ၆၀ ကျော်ရင်လည်း အလကားထိုးပေးနေတာလေ။ အဲတော့ အဲဒါကိုပဲ အရင်ထိုးခိုင်းထားတယ်။ တုတ်ကွေးရောဂါ ကာကွယ်ဆေးပေါ့။ Influenza ဆေး။ အဲတော့ အဲဒါကိုပဲ အရင်ထိုးထားပါလို့ပဲ ပြောထားတယ်။ ဒီနှစ်ကုန်လောက်ကျမှများ သေချာမလား မသိဘူး။ ပြီးတာနဲ့ တစ်ပြည်လုံးကို ထိုးပေးပါ့မယ်လို့တော့ ပြောတာပဲ။ အခုချိန်ထိတော့ target date အတိအကျ မပြောသေးဘူး။

ဘီဘီစီ- နောက်တစ်ခုက တရုတ်အစိုးရက ကိုဗစ်-၁၉ ကာကွယ်ရေးကို လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်တာ တွေ့ရတယ်။ အခုဆိုရင် တခြားနိုင်ငံတွေထက်စာရင် အရင်ဆုံး ထိန်းချုပ်နိုင်တယ်။ ဒီလို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နိုင်တာက အဓိက ဘယ်လို နည်းဗျူဟာတွေ ဘယ်လို စနစ်တွေကို အသုံးပြုသွားလို့ပါလဲ။

ဒေါက်တာ လှကျော်ဇော- သူတို့ခေါင်းဆောင်တွေ၊ သမ္မတ ရှီကျင့်ဖျင်တို့ ဘာတို့က သေနင်္ဂဗျူဟာ strategy ၄ မျိုး ချပေးတယ်။ ပထမတစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ပေါ့။ ကမ္ဘာ့သမိုင်းမှာ၊ လူသားသမိုင်းမှာ ဆိုရင် ဒီကူးစက်ရောဂါတွေက တောက်လျှောက် ဖြစ်လာတာ။ ဒါပေမဲ့ လူသားတွေက အမြဲ နိုင်ခဲ့တာပဲလေ။ အဲတော့ ဒီဟာလည်း ငါတို့ နိုင်ရမယ် ဆိုတဲ့ စိတ်ဓာတ်ပေါ့လေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ပေါ့။

အဲနောက်တစ်ခုက တစ်ပြည်လုံး စည်းလုံးညီညွတ်စွာနဲ့ ပြည်သူ့ စစ်ပွဲသဏ္ဍာန် လုပ်ရမယ် ဆိုတဲ့ တစ်ခု။

နောက်တစ်ခုက သိပ္ပံနည်းကျ ချဉ်းကပ်မှု။ သိပ္ပံနည်းကျ ချဉ်းကပ်မှု ဆိုတာက အတတ်ပညာသမားတွေကို လိုအပ်သမျှ ပုံပေးပြီးတော့ သူတို့ကို ရှေ့တန်းတင်ပေးလိုက်တာပေါ့။ strategy တွေ ဘာတွေ သူတို့ကိုပဲ ဆွဲခိုင်းလိုက်တယ်။

နောက် နံပါတ် လေးအချက်က ပစ်ကွင်းရှိရှိ လုပ်ဆောင်မှုမျိုး၊ ဘယ်အချိန်မှာ ဘယ်ဟာက အရေးအကြီးဆုံး၊ ဘယ်အချိန်မှာ ဘယ်လို ဖြေရှင်းမယ် ဆိုတာ။ အဲဒါကတော့ သူက စနစ်တကျ အဖွဲ့အစည်းလိုက်နဲ့ စီစဉ်လိုက်တာ။

ဝူဟန်မှာ ဖြစ်တာက ဒီဇင်ဘာလကုန်လောက်မှာ ဖြစ်တာကိုး။ အဲတော့ တိုက်ဆိုင်ချင်တော့လည်း တရုတ်ပြည်ရဲ့ နှစ်သစ်ကူးကာလနဲ့ တိုးနေတော့ ရုံးပိတ်ရက်တွေ ဘာတွေနဲ့ တိုးနေတော့ အဲဒါတွေ အကုန် ပြန်ခေါ်ပြီးတော့ တညီတညွတ်တည်း ဝူဟန်ကိုပါ ပိတ်ချလိုက်တာ။

အစောပိုင်းကတော့ သူတို့လည်း အတော့်ကို ကသိကအောင့်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကနေ လူကို ကူးတာလား။ ဘာရောဂါမှန်းလဲ မသိ။ အဲ့ကာလက ဆောင်းတွင်းကြီးလည်း ဖြစ်၊ တခြား အဆုတ်ရောင်ရောဂါတွေလည်း ရှိတော့၊ ခွဲခြားလို့လည်း မရတော့ သူတို့ တော်တော် ဒုက္ခရောက်ပါတယ်။ အစောပိုင်းက။ အဲတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝူဟန်ကို လော့ခ်ဒေါင်း လုပ်လိုက်တာ။

ဝူဟန်က လူ ၁၀ သန်းကျော် ရှိတာ။ ကမ္ဘာ့သမိုင်းမှာ မရှိဖူးဘူး။ ဒီလိုလော့ခ်ဒေါင်း လုပ်တာ။ ၇၆ ရက်တောင် ပိတ်လိုက်တာ။ ဒါပေမဲ့ နောက်ပိုင်း ပြန်ကြည့်လိုက်တော့ ဒီလို လော့ခ်ဒေါင်း လုပ်လိုက်တာ မှန်တယ်လို့ ပြောလို့ ရတာပေါ့နော်။ အဲလို လုပ်လိုက်ပြီးတော့ လိုအပ်တာတွေကို အစိုးရက ပုံပြီး ကူလိုက်တာပဲ။ အဲဒီနည်းနဲ့ သူနိုင်သွားတာပေါ့။ ထိန်းချုပ်လိုက်နိုင်တာပေါ့။ အပြည့်အဝ နိုင်တယ်လို့တော့ သူလည်း မပြောသေးပါဘူး။

တရုတ် ယူနန်ပြည်နယ်ကနေ ဆေးပစ္စည်းတွေ၊ စမ်းသပ် ကိရိယာတွေအပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သောအဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့

ဘီဘီစီ- တရုတ်နိုင်ငံက အသုံးပြုသွားတဲ့ နည်းလမ်းတွေက မြန်မာနိုင်ငံနဲ့ဆိုရင် အခု ကိုဗစ် တိုက်ဖျက်ရေးမှာ ဘယ်နည်းလမ်းတွေ၊ ဘယ်ဗျူဟာတွေက အတုယူသင့်တယ်လို့ ဒေါက်တာ လှကျော်ဇော ယူဆပါလဲ။

ဒေါက်တာ လှကျော်ဇော- အတတ်ပညာပိုင်းဆိုင်ရာတွေမှာတော့ တရုတ်က ဖော်မြူလာလေးလို လုပ်ပေးထားတာတွေ ရှိတယ်။ ဥပမာအားဖြင့် စောစောစီးစီး ကာကွယ်ရေး လုပ်ရမှာပေါ့။ နှာခေါင်းစည်းတပ်တာတို့၊ လက်ဆေးတာတို့၊ ဘာတို့ ညာတို့ပေါ့။

နောက်တစ်ခုက သံသယရှိတဲ့ လူနာအားလုံးကို သေချာ စစ်ဆေးနိုင်ပြီးတော့ ရောဂါကို ရှာဖွေတာ။

တတိယက ရောဂါ အကဲဖြတ်ချက်။ အဲဒီအတွက် လိုအပ်တာက ရောဂါကို စစ်ဆေးတဲ့ testing kits တွေ လုံလုံလောက်လောက် ရှိဖို့လိုတယ်။ အဲဒါက သံသယရှိတဲ့ လူတွေ အားလုံးကို စစ်ဖို့ လိုတယ်။ တရုတ်ကတော့ ဟိုနေ့က ရွှေလီမှာဆို ၂ ယောက်ပဲ တွေ့တာ။ ဒါပေမဲ့ ရွှေလီတစ်မြို့လုံးကို ပိတ်ပြီး အကုန် စစ်ပေးတာ။ သိန်းနဲ့ချီပြီးတော့။ အဲလို လုပ်နိုင်ဖို့ လိုတယ်။ အဲဒါက တတိယပေါ့။ စောစော အကဲဖြတ်တာ။

ပြီးတာနဲ့ အဲဒီရောဂါသည်ကိုတွေ့တာနဲ့ အဲဒီရောဂါသည်ကို တစ်ခါထဲ contact list ကို လိုက်ပြီးတော့ ရှိနိုင်တဲ့ ဥပမာ ရောဂါလက္ခဏာ မပြပေမဲ့ ရောဂါပိုးတွေ့သူတွေ အားလုံးကို ကွာရန်တင်း လုပ်တာ၊ အဲလိုနည်းတွေနဲ့ လုပ်ဖို့ လိုတယ်။အဲဒါက အခု မြန်မာပြည်မှာလည်း တချို့ ဆရာဝန်ကြီးတွေရဲ့ အင်တာဗျူးတွေ နားထောင်တာ တော်တော်တူတယ်။

အခု ကျွန်မကြည့်တာ ဒီလကုန်လောက်အထိတော့ မြန်မာပြည်တော့ နည်းနည်း ကြိုးစားရဦးမယ် ထင်တယ်။ ဒီအတိုင်း လုပ်သွားရင်တော့ တဖြည်းဖြည်း ကျလာမယ် ထင်တယ်။ ဒီနည်းပဲ ရှိတယ်။ တခြားနည်း မရှိဘူး။အဲတော့ အဲဒီဟာက ဒါ တရုတ်ပြည်က ပေးထားတဲ့နည်း။

ဒီနေရာမှာ မြန်မာပြည်က အတုယူသင့်တဲ့ ကိစ္စတစ်ခုကတော့ ကျွန်မ ပြောချင်တာက တရုတ်တပ်မတော်ရဲ့အခန်း၊ တရုတ်တပ်မတော်ဟာ အစကတည်းက တရုတ်ပြည်သူလူထုက သူတို့ရဲ့ သက်ရှိတံတိုင်းကြီးလို့ ခေါ်တယ်။ မဟာတံတိုင်းကြီးလို့ ခေါ်တယ်။

တကယ်ပဲ တရုတ်တပ်မတော်က သူတို့ရှိသမျှ အင်အားကို အကုန်ပြုံပြီး ထုတ်တာပဲ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဝူဟန်ကို ပို့တဲ့ ဆရာဝန်တွေ၊ ဆေးပစ္စည်းတွေ၊ နောက်စားသောက်စရာတွေ၊ ဘာညာ အကုန်လုံးကို တရုတ်တပ်မတော်က သူ့ရှိသမျှ အင်အားနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ပေးတယ်။

၂။ လုံခြုံရေး။ အဲဒီလို ထွက်သွားထွက်လာ မရှိအောင်လည်း အကုန်လုံး ကိစ္စတွေလည်း လုပ်ပေးတယ်။ ကုန်သွယ်ရေး စီးဆင်းမှုတွေ မပျက်အောင်လည်း စားရေး၊ သောက်ရေး၊ နေရေးကအစ အကုန် လုပ်ပေးတယ်။

ကျွန်မကတော့ မြန်မာ့တပ်မတော်ကို ဒီဟာကို သိပ်လေ့လာစေချင်တယ်။ အဲတော့ ကျွန်မတို့ နိုင်ငံမှာ အဓိကက ဒီကပ်ရောဂါကြီးကို ရင်ဆိုင်ဖို့ဆိုရင် တစ်ပြည်လုံး ရင်ဆိုင်နေရတဲ့ ကပ်ရောဂါ၊ တရုတ်ကမှ ဝူဟန်တစ်မြို့တည်း။ ကျွန်မတို့ကဆို နည်းတာ မဟုတ်ဘူးလေ။ ကယားပြည်နယ်တစ်ခုပဲ လွတ်တာ၊ ကျန်တဲ့ ပြည်နယ်တွေ အကုန်ဖြစ်နေပြီ။

အဲတော့ အဲဒီဟာကို တစ်ပြည်လုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီး တိုက်ဖို့အတွက် မြန်မာ့တပ်မတော်အနေနဲ့ သူလုပ်နိုင်တဲ့ ကိစ္စတစ်ခု ရှိတယ်။ အဲဒါကတော့ တစ်ပြည်လုံး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်တာ။

ပြီးတော့ ပြည်သူလူထုနဲ့အတူ တွဲပြီးတော့ ကပ်ရောဂါတိုက်ဖျက်ရေးကို ဝင်ကူညီပြီး လုပ်မယ်ဆိုရင် မြန်မာ့တပ်မတော်ဟာ ပြည်သူလူထုရဲ့ အကျိုးကို တကယ်ပဲ ဦးစားပေးတဲ့ တပ်မတော်အဖြစ် အကုန်လုံး ဝိုင်းချီးကျူးမှာပါ။

မြန်မာ့တပ်မတော်အနေနဲ့ သူဟာ မြန်မာပြည် တစ်ပြည်လုံးမှာရှိသမျှ Institutions တွေထဲမှာ အကောင်းဆုံး၊ အင်အားအကြီးဆုံး၊ ငွေရေးကြေးရေးအတောင့်ဆုံး ဖြစ်တယ်။ အဲလို အစစအရာရာ အရေးသာနေတဲ့ အဖွဲ့အစည်းကြီးက စိတ်သဘောထားကြီးကြီးနဲ့ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ၊ ကိုယ်နဲ့ တိုက်ရိုက် တိုက်ပွဲတွေ ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ဖြစ်ဖြစ် ကိုယ်က လက်ဦးမှု ရှိရှိနဲ့ ဖိတ်ခေါ်ပြီးတော့ အတူတွဲပြီးတော့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ကပ်ရောဂါ တိုက်ဖျက်ရေးကို ပါဝင်လာမယ် ဆိုရင်တော့ မြန်မာပြည်ကြီးအတွက် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ သာဓုခေါ်ရမှာပေါ့။ အဲဒီဟာပဲ။ တရုတ်တပ်မတော်ကို မြန်မာ့တပ်မတော် လေ့လာစေချင်တာအဲဒါပဲ။ တရုတ်တပ်မတော်ကို တရုတ်ပြည်သူတွေက သက်ရှိမဟာတံတိုင်းကြီးလို့ ခေါ်ထားတာ ဖြစ်တာ။ မြန်မာ့တပ်မတော်လည်း တစ်ချိန်တစ်ခါက ပြည်သူလူထုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တို့ ဘာတို့၊ ညာတို့နဲ့ အကြီးအကျယ် ပြောခဲ့ဖူးတယ်လေ။ အဲလို ဘဝမျိုး ပြန်ရောက်ဖို့ဆိုရင် မြန်မာ့တပ်မတော်အနေနဲ့ ဒီလုပ်နည်း လုပ်ဟန်တွေကို လေ့လာပါလို့ ပြောချင်ပါတယ်။

ရှမ်းပြည်မှာ ဆရာဝန်တွေ အုပ်လိုက်ကြီး ကွာရန်တင်း လုပ်ရတော့ တပ်မတော်က သူနာပြုတွေ၊ ဆရာဝန်တွေ ဝင်ကူတယ်ဆိုတာ ပါတယ်။ အဲဒါကို ကျွန်မ သာဓု ခေါ်တယ်။ အဲဒါကို တစ်ပြည်လုံးအတိုင်းအတာ ဖြစ်အောင် တွန်းလုပ်စေချင်တာပါ။

တရုတ် ယူနန်ပြည်နယ်ကနေ ဆေးပစ္စည်းတွေ၊ စမ်းသပ် ကိရိယာတွေအပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သောအဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့

ဘီဘီစီ- အခု မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် ရောဂါတိုက်ဖျက်ရေးမှာ ရန်ကုန်တိုင်းမှာ ဦးဆောင်တဲ့ ဒေါက်တာ ဇော်ဝေစိုးရဲ့ ပြောစကားအရဆိုရင် containment strategy ထိန်းချုပ်တဲ့ ဗျူဟာကို အသုံးပြုပြီးတော့ ကိုဗစ် ကပ်ရောဂါကို တိုက်ဖျက်မယ် ဆိုပြီးတော့ သူတို့ဆောင်ရွက်နေတာကို ကျွန်တော်တို့ လေ့လာတွေ့ရှိရတယ်။ ဒေါက်တာ လှကျော်ဇောရဲ့ အတွေ့အကြုံအရ ဆိုရင် အခု အစိုးရ အသုံးပြုနေတဲ့ containment strategy ဟာ မြန်မာနိုင်ငံအတွက် ကိုဗစ်တိုက်ဖျက်ရေးမှာ လက်တွေ့ အလုပ်ဖြစ်နိုင်ပါသလား။

ဒေါက်တာ လှကျော်ဇော- ဖြစ်နိုင်ပါတယ်။ နောက် ဒေါက်တာ ဇော်ဝေစိုး ပြောသလိုပဲ ပြည်သူလူထုကလည်း လိုက်နာဖို့လိုတယ်။ တရုတ် ပြောတဲ့အထဲမှာလည်း ပါတယ်။ သိပ္ပံနည်းကျ ချဉ်းကပ်မှုဆိုတာ ဒီလို၊ သိပ္ပံပညာရှင်တွေရဲ့ ပြောစကားကို ကျွန်မတို့ ပြည်သူတွေက လိုက်ဖို့ လိုတယ်။ အစိုးရကလည်း လိုအပ်တဲ့ဟာတွေ အကုန်လုံးကို လိုက်လုပ်ပေးဖို့တော့ လိုတယ်။ အဲဒီလို တက်ညီလက်ညီ ။ သူက သုံးဦးသုံးဖလှယ်။ အစိုးရ၊ အတတ်ပညာရှင်တွေ၊ ပြည်သူတွေ၊ အဲဒီ သုံးဦးသုံးဖလှယ် ယုံကြည်ချက်ကို ကောင်းကောင်း တည်ဆောက်နိုင်ပြီးတော့ တကယ့်ကို စနစ်တကျ လုပ်နိုင်ရင် အောင်မြင်မှာပါ။

ကျွန်မလည်း ကြားတယ်။ ဒေါက်တာ ဇော်ဝေစိုးရဲ့ အင်တာဗျူးတွေ ဘာတွေ ကြားပါတယ်။ ဖြစ်နိုင်ပါတယ်။ ပြည်သူလူထုကလည်း အခုနောက်ပိုင်း တစ်ရက်နှစ်ရက်ဆို တော်တော် လိုက်လျောပြီ ပြောတယ်။ ရန်ကုန်တို့ ဘာတို့မှာ လူတွေဘာတွေတောင် သိပ်မထွက်တော့ဘူး ကြားတယ်။ အဲလို လိုက်နာပြီးတော့ အစိုးရကလည်း တက်တက်ကြွကြွ လိုအပ်တာတွေ လိုက်ဖြေရှင်းပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54204900

တရုတ်ပြည်သူတွေက သက်ရှိမဟာတံတိုင်းကြီးလို့ ခေါ်တဲ့ တရုတ်တပ်မတော်ကို မြန်မာတပ်မတော် လေ့လာပါ  တရုတ်ပြည်သူတွေက သက်ရှိမဟာတံတိုင်းကြီးလို့ ခေါ်တဲ့ တရုတ်တပ်မတော်ကို မြန်မာတပ်မတော် လေ့လာပါ Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.