ရန်ကုန်တိုင်းမှာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူအရေအတွက် ခန့်မှန်းချက်ထက် ပိုများနိုင်

၂၀၂၀ မတ်လလ ၂၆ ရက်နေ့က အလုပ်ရုံပိတ်သွားတာကြောင့် အလုပ်သမားများ ဆန္ဒပြစဉ်

ကိုဗစ်ကပ်ရောဂါကာလ ရန်ကုန်တိုင်းအတွင်း စက်ရုံပေါင်း ၁၇၀ ကျော်နဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အလုပ်သမား ၄ သောင်းကျော် ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပေမဲ့ လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါ ကြုံနေရတဲ့ ကာလအတွင်း ရန်ကုန်တိုင်းထဲက စက်ရုံပေါင်း ၁၇၀ ကျော်ပိတ်လိုက်ရပြီး အလုပ်သမား ၄ သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ မကြာသေးခင်ကပဲ အစိုးရတာဝန်ရှိသူ တယောက်က ပြောလိုက်တာပါ။ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲရှိတဲ့ အလုပ်သမားတွေကိုလည်း အစိုးရက ထောက်ပံ့ပေးနေကြောင်း ဒီသီတင်းပတ်အစောပိုင်း ရန်ကုန်တိုင်းလွှတ်တော်မှာ လူဝန်မှုကြီးကြပ်ရေး နဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောခဲ့ပါတယ်။

“ ၄၂၃၉၅ ဦး ဒါဟာအလုပ်လက်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျမတို့ ပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံ နဲ့ အလုပ်သမားများ ရရှိမယ့် အကျိုးခံစားခွင့်များထဲမှ လုပ်ခလစာနှင့် လုပ်သက်ခွင့်ရက်များအတွက် ခံစားခွင့် ငွေကြေးများကို အခုလက်တလောမှာ ဖြစ်ပေါ်သွားတဲ့ ၁၇၃ ရုံနဲ့ပတ်သက်ပြီးတော့ အလုပ်ရှင် နှင့် အလုပ်သမားများရဲ့ အကျိုးခံစားခွင့်များကို အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း ကျမဖြေကြားလိုပါတယ်။”

ဒါပေမဲ့လည်း ကပ်ရောဂါ ကြုံနေရတဲ့ ၆ လလောက်အတွင်း အလုပ်အကိုင် လက်လွတ်ဆုံးရှုံးတဲ့ အလုပ်သမား အရေအတွက်ဟာ လက်တွေ့မှာ အစိုးရခန့်မှန်းချက်ထက် ပိုများနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ အခုလိုမျိုး ဝန်ကြီးဒေါ်မိုးမိုးစုကြည်ပြောကြားချက်အရဆိုရင် ကျနော်တို့ အံ့အားသင့်ရတာပေါ့နော်၊ အလုပ်သမားဝန်ကြီးဌာနကိုသာ ရောက်သော စာရင်းဇယားများ ဖြစ်ပါလိမ့်မယ်။ တကယ့်လက်တွေ့ နယ်ပယ်မှာကျတော့ အဲဒီလောက်မကတာကို ကျနော်တို့က သွားပြီးတွေ့ရပါတယ်ခင်ဗျ။ သိန်းနဲ့ချီပြီးတော့ ရှိနိုင်တယ်ပေါ့နော်။ အစိုးရတရပ်တည်းမှာပဲ စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေကို သိမ်းထားရင်တော့ ဝိုင်းပြီးတော့မှ လုပ်ဖို့ဆိုတာကတော့ အဆင်မပြေနိုင်ဘူးခင်ဗျ။”

ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာ၊ ကုန်ကြမ်းပြတ်လပ်တာ၊ ကုန်အမှာ မရတာတွေကြောင့် စက်ရုံတွေ အများအပြား ပိတ်ခဲ့ရတာပါ။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်မျိုးအေးကတော့ ရပ်ဆိုင်းခဲ့ရတဲ့ စက်ရုံအများစုဟာ ခိုင်မာမှုမရှိသေးတဲ့ လုပ်ငန်းတွေ ဖြစ်ကြောင်း ပြောပါတယ်။

“ပိတ်နိုင်တဲ့ရုံတွေတော်တော်များတယ်၊ အဲဒါက ဘာလဲဆိုတော့ တကယ်လုပ်ငန်းရှင် မဟုတ်ဘူးဗျာ၊ သူများ order ကို ပွဲစားတဆင့်ခံချုပ်မယ်ဆိုပြီးမှ လာနေတဲ့ နိုင်ငံခြားသား ရုံတွေပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်ပေါ့။ နည်းနည်းလေးပဲလာပြီး ဒီဘက်မှာ ဟိုဟာငှား၊ ဒီဟာငှားနဲ့ အဲဒီလိုရုံတွေကတော့ ပိတ်နိုင်တယ်။ အစကတည်းက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက မခိုင်မာဘူး။”

ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ အထည်ချုပ်လုပ်ငန်းက အများဆုံးဖြစ်ပြီး လုပ်သားအင်အား ၅ သိန်းလောက်ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ကိုဗစ်ကပ်ရောဂါကာလအစမှာ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေ အထိနာခဲ့ပေမဲ့ အခုနောက်ပိုင်း အထွေထွေလူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတချို့လည်း ရပ်နားကုန်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်လက်မဲ့နှုန်းက ၂၅၀၀၀၀ ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မေလတုန်းကပဲ ပြောထားပါတယ်။

မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကတော့ အလုပ်လက်မဲ့နှုန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

“ပြည်ထောင်စုဝန်ကြီး သူက ၂၅၀၀၀၀ ဆိုတာကို မေလတုန်းက တခါပေးထားတာရှိတယ်။ ကြားကာလမှာ ၃ လလောက်ရှိတာပေါ့နော်။ တက်လာတဲ့ ကိန်းဂဏန်းကတော့ ၅ သောင်းလောက်ရှိပါတယ်။ ဆိုတော့ အဲဒီအခြေအနေကို ကျမတို့ ခန့်မှန်းပြီးတော့ပြောတာပါ။ ဒီ ကိုဗစ်ကာလမှာ စျေးမရောင်းရတို့၊ ဆိုင်ခန်းခတွေ မငှားနိုင်တော့လို့ ပြုတ်သွားတဲ့ အလုပ်သမားတွေရှိတယ်၊ ပြီးတော့ ဒီ KTVတွေမှာ ပြုတ်သွားတဲ့ ဝန်ထမ်းတွေရှိတယ်၊ ဆိုတော့ အဲဒီ စာရင်းတွေမပါသေးဘူးပေါ့။ Informal Sector ကသူတွေ မပါသေးပဲနဲ့ကို အဲလောက်ဝန်းကျင် ရှိနေပါပြီ။”

မြန်မာနိုင်ကို COVID-19 ကပ်ရောဂါရိုက်ခတ်လာတဲ့ မတ်လနောက်ပိုင်းကစလို့ အစိုးရဟာ စီးပွားရေးအရေးပေါ်ကုစားရေး အစီအစဉ်တွေကို မြန်မြန်လုပ်ဆောင်ခဲ့ပေမဲ့ အလုပ်သမားတွေကတော့ သူတို့ရတဲ့ ထောက်ပံ့ကြေး အစီအစဉ်တွေဟာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဥရောပသမဂ္ဂ EU ကတော့ ယူရိုငွေ ၅သန်း ( မြန်မာငွေ ၇.၉ ဘီလီယံ) သုံးစွဲမယ့် အစီအစဉ်နဲ့ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြန်မာအထည်ချုပ်လုပ်သားတွေကို မိုဘိုင်းဖုန်းကနေ ငွေလွှဲပြီး ထောက်ပံ့တဲ့အစီအစဉ်ကို မေလကတည်းကစတင်နေတာ ဖြစ်ပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/number-of-jobless-workers-in-yangon-/5570014.html

ရန်ကုန်တိုင်းမှာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူအရေအတွက် ခန့်မှန်းချက်ထက် ပိုများနိုင် ရန်ကုန်တိုင်းမှာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူအရေအတွက် ခန့်မှန်းချက်ထက် ပိုများနိုင် Reviewed by THITHTOOLWIN on 08:58 Rating: 5

No comments:

Powered by Blogger.