စစ်တွေကို ကူဖို့လာတဲ့ စေတနာ့ဝန်ထမ်း ၇ ဦး ကွာရန်တင်း ဝင်နေရ

စစ်တွေဆေးရုံမှာ ကိုဗစ်ရောဂါ ကုသနေသူ ၂၆၀ ကျော်ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ရောဂါကုသရေး အကူအညီပေးဖို့ စေတနာ့ ဝန်ထမ်း တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့ကြတဲ့ ဆေးဝန်ထမ်း ၇ ဦးဟာ ကွာရန်တင်း ဝင်နေကြရတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကို ပြောပါတယ်၊

အဲ့ဒီ ၇ ဦးဟာ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို လေကြောင်းနဲ့ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပြီးတော့ အဲ့ဒီထဲမှာ ဆရာဝန် ၃ ဦးနဲ့ အခြားအဆင့်ဝန်ထမ်း ၄ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့နဲ့အတူ လေယာဉ်စီးလာသူတွေထဲက ခရီးသည် ၁ ဦးဟာ ကိုရိုနာဗိုင်းရပ်စစ်ပိုး တွေ့ရှိခဲ့တဲ့အတွက် လေယာဉ်တစ်စီးတည်းပါလာတဲ့ အဲဒီစေတနာ့ဝန်ထမ်း ဆေးဝန်ထမ်းတွေကို သူတို့ တာဝန်ထမ်းဆောင်ရမယ့် စစ်တွေဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခွင့်မပြုနိုင်သေးဘဲ အခုလို ကွာရန်တင်း ထားရှိရတာဖြစ်တယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။



ပိုးတွေ့လူနာနဲ့ ဆက်စပ်သူတွေအဖြစ် ဆေးဝန်ထမ်းတွေကို ကွာရန်တင်း ထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၆ ရက် ဒီကနေ့မှာ အဲ့ဒီဆေးဝန်ထမ်း ၇ ဦးတို့ကို Swab ယူပြီးတော့ စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေဆေးရုံက ကကျန်းမာရေးဝန်ထမ်းတွေလည်း ကူစက်ခံရမှုတွေရှိ

ပိုးကူးစက်ခံနေရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးထဲမှာ နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးတစ်ဦးအပါအဝင် ဆရာဝန်တွေနဲ့ သူနာပြုတွေဖြစ်ကြပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၁၆ ခုအထိရှိလာနေပြီဖြစ်ကာ ရမ်းဗြဲမြို့နယ်တစ်ခုတည်းသာ ပိုးကူးစက်သူမရှိဘဲကျန်ရှိတော့တာလည်းဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က ၁၀ဦးဆေးရုံကဆင်း

ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲမှာ စစ်တွေမြို့နယ်ဟာ ကူးစက်ခံရသူ အများဆုံးဖြစ်ပြီးတော့ စက်တင်ဘာ ၆ ရက် ဒီကနေ့မနက်ပိုင်းအထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် စစ်တွေဆေးရုံ၊ သူနာပြုသင်တန်းကျောင်းနဲ့ တိုင်းရင်းဆေးရုံတွေမှာ ကုသပေးနေရသူ ၂၇၅ ဦးရှိပြီး တစ်ပြည်နယ်လုံးမှာ ၄၉၉ ဦးထိရှိနေပြီလဲဖြစ်ပါတယ်။

"လက်ရှိ ၂၇၅ ယောက်မှာ ၁၀ ယောက်ဆင်းသွားပြီ၊ ၂၆၅ ယောက်ရှိနေတယ်။ သူနာပြုသင်တန်းကျောင်းမှာ ၃၉ ယောက်ရှိတယ်။ တိုင်းရင်းဆေးရုံမှာ ၅၁ ယောက်ရှိတယ်။ ကျန်တဲ့လူတွေကတော့ စစ်တွေဆေးရုံမှာပဲရှိပါတယ်။ စစ်တွေဆေးရုံမှာက လူနာ ၂၀၀ အတွက် ပြင်ဆင်ထားတယ်။ တိုးလာလို့ရှိရင်လည်း စစ်တွေတက္ကသိုလ်က အဆောင်ခြောက်ဆောင်မှာ လေးဆောင်ကို လူနာတွေအတွက် ပြင်ဆင်ပြီးတော့ ကျန်နှစ်ဆောင်ကို ဆရာဝန်ဆရာမတွေအတွက် ထားရှိပါတယ်။"လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရသူ တွေထဲက၁၀ ဦးကတော့ ပိုးကင်းစင်သွားပြီဖြစ်ကာ ကျန်းမာရေးလဲကောင်းမွန်တဲ့အတွက် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက သူတို့ရဲ့နေအိမ်တွေဆီကို အသီးသီးပို့ဆောင်ပေးလိုက်ပြီဖြစ်ကာ ဒီကနေ့မှာလည်း ထပ်မံပြီးတော့ ဆေးရုံဆင်းခွင့်ရရှိမယ့် လူနာသုံးဦးရှိနေတယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေဆေးရုံကြီးမှာ ကုသပေးနိုင်တဲ့အခြေအနေက လူနာ နှစ်ရာခန့်၊ တိုင်းရင်းဆေးရုံမှာ တစ်ရာခန့်နဲ့ သူနာပြုသင်တန်းကျောင်းမှာ လူနာငါးဆယ်ခန့် စုစုပေါင်း လူနာဦးရေ သုံးရာငါးဆယ်ကို ကုသပေးနိုင်တဲ့အထိပြင်ဆင်ထားရှိပြီး လူနာတွေထပ်တိုးလာလို့ရှိရင် အနီးကပ်ကုသပေးနိုင်ဖို့အတွက် စစ်တွေတက္ကသိုလ်က အဆောင်တစ်ဆောင်စီမှာ လူနာတစ်ရာစီနဲ့ လူနာလေးရာစာပြင်ဆင်ထားပြီဖြစ်တယ်လို့ ဆက်လက်ပြောကြားပါတယ်။

စစ်တွေတက္ကသိုလ်က အဆောင်တစ်ဆောင်စီမှာ လူနာတစ်ရာစီနဲ့ လူနာလေးရာ အတွက်ပြင်ဆင်ထား

စစ်တွေမြို့ဟာ ပိုးတွေ့လူနာတွေ အများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အခုရက်ပိုင်းအတွင်း မှာတော့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့ရှိမှု အခြေအနေဟာ သိသိသာသာ လျော့နည်းလာနေပြီဖြစ်ပေ့မဲ့ ဒီအခြေအနေဟာ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားကိုတော့ မရောက်သေးဘူးလို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က စက်တင်ဘာလ ၅ ရက်နေ့ ကပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၃၁၉ဦးထိ ရှိပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ စေတနာ့ဝန်ထမ်း ၂၀၀ ကျော် ပို့ဆောင်ကူညီမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54047407

စစ်တွေကို ကူဖို့လာတဲ့ စေတနာ့ဝန်ထမ်း ၇ ဦး ကွာရန်တင်း ဝင်နေရ  စစ်တွေကို ကူဖို့လာတဲ့ စေတနာ့ဝန်ထမ်း ၇ ဦး ကွာရန်တင်း ဝင်နေရ Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.