ကိုရိုနာကူးစက်မှုများတဲ့ သင်္ဃန်းကျွန်းမှာ ကျန်းမာရေးစစ်တမ်းကောက်


ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး မြို့နယ်ထဲပါဝင်ပြီး ပိုးတွေ့လူနာ ၇၀ နီးပါးရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက် ၁၀ ခုမှာ ကျန်းမာရေးဌာနက ရွေ့လျားမော်တော်ယာဉ်တွေနဲ့လိုက်ပြီး ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူနေပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးမြို့နယ် တစ်ခုဖြစ်ပါတယ်။

အဲဒီမြို့နယ်ထဲက ကူးစက်သူများတဲ့ ရပ်ကွက် ၁၀ ခုက နေထိုင်သူတွေကို ပြည်ပခရီးသွား၊ ပြည်တွင်းခရီးသွား ရာဇဝင်တွေ ရှိမရှိ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့ဖူးတာ ရှိ၊ မရှိ၊ အနံ့အရသာ ရ၊ မရ ဆိုတာတွေမေးမြန်းပြီး ကိုယ်အပူချိန် တိုင်းပါတယ်။ ရွေ့လျားမော်တော်ယာဉ်ပေါ်မှာ စက်ပစ္စည်းတွေနဲ့ထပ်ပြီး ကိုယ်အပူချိန်ထပ်တိုင်းပါတယ်။

အဲဒီလိုတိုင်းတာနေရင်း သံသယရှိသူတွေ့လာရင် ကျန်းမာရေးဌာနက လာခေါ်မှာဖြစ်တယ်လို့ မြို့နယ် ကျန်းမာရေးမှူး ဒေါ်နွဲ့နွဲ့သိန်းက ပြောပါတယ်။

အဲဒီလို ကျန်းမာရေးစစ်တမ်းကောက်ယူနေချိန်မှာ ကိုယ်အပူချိန်မြင့်တက်တဲ့ လူနာ ငါးယောက်ကို နေ့လယ်ပိုင်းမှာ တွေ့တာကြောင့် သင်္ဃန်းကျွန်းဆေးရုံကို ပို့ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောပါတယ်။

ရပ်ကွက်ပေါင်း ၃၈ ခုရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ အိမ်ထောင်စုပေါင်း ငါးသောင်းကျော်ရှိပြီး လူဦးရေ နှစ်သိန်းကျော် ရှိပါတယ်။

အဲဒီအထဲကမှ ပိုးကူးခံရတဲ့ရပ်ကွက်တွေကို ရွေးပြီးစစ်တမ်းကောက်တာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေကို အိမ်တိုင်ယာရောက် လိုက်ပြီး စစ်တမ်းကောက်မှာဖြစ်တယ်လို့လည်း ဦးအောင်ထိုက်က ပြောပါတယ်။

ဒီနေ့ကျန်းမာရေးစစ်တမ်းကောက်ယူတဲ့ ရပ်ကွက်တွေကတော့ ငမိုးရိပ်၊ ရန်ကုန်သစ်၊ လေးထောင့်ကန်၊ စံပြ၊ သုမင်္ဂလာ၊ ဇဝန ရပ်ကွက်အပါဝင် ရပ်ကွက် ၁၀ ခုဖြစ်ပါတယ်။

ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသန်းကတော့ အလုပ်သွားစရာရှိတဲ့သူတွေပါ မကျန်ရအောင် အရင် ဦးစားပေးပြီး စစ်လို့ရအောင်လုပ်ပေးတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ရန်ကုန်တိုင်းတွင်း ပိုးကူးစက်ခံရသူ ၆၉၃ ယောက်ရှိပြီး အင်းစိန်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေ၊ တောင်ဥက္ကလာ အပါဝင် မြို့နယ် ၃၆ ခုမှာ ကူးစက်တာတွေ ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၈ ရက်နေ့မနက်အထိ ပိုးတွေ့လူနာ အယောက် ၁၆၁၀ ရှိနေပြီး သေဆုံးသူ ၈ ယောက် ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/checking-health-in-thingangyun-09082020053738.html

ကိုရိုနာကူးစက်မှုများတဲ့ သင်္ဃန်းကျွန်းမှာ ကျန်းမာရေးစစ်တမ်းကောက်  ကိုရိုနာကူးစက်မှုများတဲ့ သင်္ဃန်းကျွန်းမှာ ကျန်းမာရေးစစ်တမ်းကောက် Reviewed by THITHTOOLWIN on 18:40 Rating: 5

No comments:

Powered by Blogger.