ကိုဗစ်-၁၉ ရောဂါမြန်မာနိုင်ငံမှာ စတင်ကူးစက်တဲ့ အချိန်ကစပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ထိ တပ်မတော် အရာရှိစစ်သည် ၄၅ ဦးမှာ ပိုးကူးစက်ခံထားရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
တပ်မတော် အရာရှိစစ်သည် မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းနဲ့ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေပါ ပေါင်းရင် စုစုပေါင်း ၁၅၀ ဝန်းကျင်ခန့် ကူးစက်ခံထားရတယ်လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ပြန်လည်များလာသလို တပ်မတော်ထဲမှာလည်း ရောဂါပိုး တွေ့ရှိသူတွေ များ လာနေပါတယ်။
တပ်မတော်က ပိုးတွေ့ရှိသူ စစ်သည် အရာရှိတွေထဲမှာ ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေပါဝင်နေတဲ့အတွက် တပ်မတော် စစ်ဆေးရုံ နှစ်ရုံကို လော့ဒေါင်း ချထားလိုက်ရကြောင်းလည်း သူက ရှင်းပြပါတယ်။
လော့ဒေါင်း ချလိုက်တဲ့ စစ်ဆေးရုံ နှစ်ခုကတော့ ပြင်ဦးလွင်မှာရှိတဲ့ ခုတင်တစ်ထောင် စစ်ဆေးရုံနဲ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနီးမှာရှိတဲ့ တပ်မတော် ခုတင် ၅၀၀ စစ်ဆေးရုံတို့ဖြစ်တယ်လို့လည်း သိရပါတယ်။
ပိုးတွေ့ရင် ထပ်မံ မကူးစက်နိုင်အောင် ဆေးရုံတွေကို လော့ဒေါင်း ချရတာ ဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော် အရာရှိစစ်သည် မိသားစုဝင်တွေလည်း ကူးစက်ခံထားရတယ်လို့ပြောပြင်ဦးလွင် ခုတင် တစ်ထောင် ဆေးရုံကို လော့ဒေါင်းချထားတာ တစ်ပတ်ကျော်ရှိနေပြီး ပြင်ဦးလွင် ဆေးရုံမှာ ဖွင့်ထားတဲ့ ပြင်ပလူနာဌာနကိုတော့ တခြားတစ်နေရာမှာ ပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဒီဆေးရုံ နှစ်ရုံကို ၂၁ ရက်ကြာ လော့ဒေါင်းချထားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ ည ၈နာရီ အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၆၁၅၁ ဦးရှိလာပြီဖြစ်ပြီး အဲဒီ အထဲက အများစုက ရန်ကုန်က ဖြစ်ပါတယ်။
ရန်ကုန်မှာ ကူးစက်ခံရသူ စုစုပေါင်းဟာ ၃၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံး ဖြစ်တဲ့နေ့ ကတော့ စက်တင်ဘာလ ၁၉ ရက်နေ့ ဖြစ်ပြီး တစ်ရက်တည်းကို လူပေါင်း ၆၄၀ ကျော်ကူးစက်ခံခဲ့ ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တရားဝင်စာရင်းတွေ အရသိရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MOHSဆေးရုံတွေမှာ တက်ရောက်ပြီး ကုသခံနေသူ စုစုပေါင်း ၄၀၀၀ ကျော်ရှိတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၃၀ အနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမခံရတဲ့ မြို့ပေါင်း ၁၃၇ မြို့ရှိပြီး တော့ ကယားပြည်နယ်က တော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်း မခံရသေးတဲ့ တစ်ခုတည်းသော ပြည်နယ် ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
ပြီခဲ့တဲ့ရက်ပိုင်းက ပြင်ဦးလွင်စစ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် စစ် ဆေးဆရာဝန် ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ရန်ကုန် ခုတင် ၅၀၀ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ဦးမှာ ပိုးတွေ့ရှိခဲ့တာလို့လည်း တပ်မတော်ဘက်က ကူးစက်ခံရသူတွေနဲ့ ပတ်သက်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကပြောပါတယ်။
သူတို့ဟာ အပြင်က ပိုးကူးစက်လာတာဖြစ်တယ်လို့လည်း တပ်မတော်ဆရာဝန်တွေနဲ့ သူနာပြုတွေ ပိုးကူးစက်မှု ခံခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ပိုးတွေ့တဲ့ သူနာပြုဆရာမဟာလည်း အပြင်ကပိုးကူးစက်လာတာလို့ ယူဆထားပြီး သူနဲ့ဆက်စပ်သူတွေကို ထပ်စစ်တဲ့အခါ စစ်သည် ၂ ဦးမှာ ပိုးထပ်မံတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင်တပ်မိသားစုဝင်တွေ ရဲဝန်ထမ်းတွေ စစ်မှုထမ်းဟောင်း တွေနဲ့ စစ်မှုထမ်းဟောင်းမိသားစုဝင် တွေမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုတွေရှိပါတယ်။
အခုလိုပိုးတွေ့ရှိသူများလာတဲ့အတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့အခြေစိုက်စခန်းတွေကိုတော့ တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချထားတာ တစ်ပတ်လောက်ရှိလာပြီဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
BBC Burmese

No comments:
Post a Comment