ကျောက်ဖြူဆေးရုံမှာ ကိုဗစ်လူနာတွေ ပြည့်လုနီးဖြစ်၊မြို့တော်ခန်းမကို တိုးချဲ့ ဖို့ပြင်နေ

ရခိုင်ပြည်နယ်မှာ စစ်တွေပြီးရင် ကျောက်ဖြူက ဒုတိယကူးစက်မှုအများဆုံး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု တစ်ဟုန်ထိုးမြင့်မားလာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ကျောက်ဖြူမြို့နယ်ဟာ မြို့တော်စစ်တွေပြီးရင် ပိုးကူးစက်ခံရသူ ဒုတိယအများဆုံးအဖြစ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ကျောက်ဖြူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်ဟာ စက်တင်ဘာ ၃ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အထိဆိုရင် ၆၁ ဦးအထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။

အဲ့ဒီပိုးတွေ့လူနာတွေကို ကျောက်ဖြူခရိုင်ဆေးရုံမှာ ကုသပေးနေတာဖြစ်ပြီး အခုထက်ပိုပြီး ပိုးတွေ့ရှိသူတွေ များပြားလာခဲ့လို့ရှိရင် ကျောက်ဖြူမြို့ မြို့တော်ခန်းမမှာ ကုသဆောင်အဖြစ် တိုးချဲ့ဖွင့်လှစ်ကာ ကုသပေးနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲလွင်မောင်က ဘီဘီစီကို စက်တင်ဘာ၃ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။

ကျောက်ဖြူခရိုင်ဆေးရုံကြီးမှာ လက်ရှိအနေအထားအရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၁ ဦးကို ကုသပေးလျက်ရှိနေပြီး အဲ့ဒီဆေးရုံမှာ လူနာ ၆၈ ဦးသာ ကုသပေးနိုင်မှာဖြစ်ကြောင်းနဲ့ သတ်မှတ်လူနာဦးရေထက် ပိုများလာလို့ရှိရင် မြို့တော်ခန်းမ အဆောက်အအုံကို ယာယီကုသဆောင်အဖြစ် တိုးချဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ရခိုင်ပြည်နယ် အတွင်းကူးစက်မှုတွေ စတွေ့တဲ့လူနာဟာ ကျောက်ဖြူမြို့ကို ခရီးသွားခဲ့

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ပိုးကူးစက်ခံရမှုဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့ ပေါ်က အမျိုးသမီးတစ်ဦးမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်လကုန်နဲ့ ဩဂုတ်လဆန်းပိုင်းအတွင်း ကျောက်ဖြူမြို့ကို ခရီးသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ရက်နေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၆၁ ဦးအတွက်ကို ကုသမှုအပိုင်းမှာ ကျောက်ဖြူဆေးရုံမှာရှိတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံလောက်နေပေမဲ့ အခုထက်ပိုပြီး တိုးလာလို့ရှိရင် လုံလောက်မှုမရှိနိုင်ကြောင်း ဒေါက်တာ ရဲလွင်မောင်က ပြောပါတယ်။

"လူနာထည့်နိုင်တဲ့ အနေအထားကတော့ ထပ်ပြီးတိုးချဲ့ထားပါတယ်။ ကျွန်တော်တို့ မြို့တော်ခန်းမကို ထပ်ပြီး တိုးချဲ့နေပါတယ်။ ကျောက်ဖြူဆေးရုံမှာက ၆၈ ယောက်ဆန့်ပါ။ လက်ရှိမှာတော့ ၆၁ ယောက်ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလဲ လောလောဆယ်တော့ လုံလောက်ပါတယ်။ ထပ်များလာရင်တော့ မလုံလောက်ပါဘူး။"လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲလွင်မောင်က ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း စတင်တွေ့ရှိခဲ့ပြီးရက်ပိုင်းအတွင်း နောက်ထပ် ပိုးကူးစက်ခံရသူ အများအပြားကို ကျန်းမာရေးဌာနရဲ့စစ်ဆေးချက်တွေအရ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူမှာ ၁၀ ရက်အတွင်းမှာ ပိုးတွေ့လူနာပေါင်း ၆၁ ဦးအထိမြင့်တက်လာ

ကျောက်ဖြူမြို့နယ်မှာတော့ ဩဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၄၇၉ ကနေ စတင်တွေ့ရှိခဲ့ပြီး ၁၀ ရက်အတွင်းမှာ ပိုးတွေ့လူနာပေါင်း ၆၁ ဦး အထိ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု ဖြစ်ပွားနေကြောင်း ကျန်းမာရေးဌာနရဲ့ စစ်ဆေးချက်တွေအရ တွေ့ရှိခဲ့ရပြီး သီတင်းပတ် သုံးပတ်အကြာမှာ မြို့နယ်ပေါင်း ၁၆ ခုအထိ ပျံ့နှံ့ခဲ့ကာ ကူးစက်ခံရသူပေါင်း ၄၅၀ ထိရှိလာခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ပိုးကူးစက်ခံရမှု ဖြစ်ပွားခဲ့တာဟာ ဒေသခံတွေရဲ့ပေါ့လျော့မှုကြောင့် ဒေသတွင်းကူးစက်ခံရမှု မြင့်တက်လာခဲ့တာ ဖြစ်ကြောင်းနဲ့ ကျောက်ဖြူမြို့ပေါ်အပြင် နယ်ဘက်တွေမှာလဲ ပိုးကူးစက်ခံရသူတွေ ရှိလာနေပြီဖြစ်တယ်လို့ ကျောက်ဖြူမြိုနယ် အမှတ် ၂ မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

"ကျွန်တော်နေတာက ဇင်ချောင်းမှာပါ။ ဇင်ချောင်းက ကျောက်ဖြူနဲ့ ၂၈ မိုင်လောက်ဝေးတယ်။ ဇင်ချောင်းဖက်မှာလဲ ကိုဗစ်ရောဂါပိုး တွေ့တဲ့လူတွေရှိနေပြီ၊ တွေ့နေပြီဆိုတော့ နယ်ဘက်ကိုလဲ ကိုဗစ်ရောဂါပိုးတွေ့တဲ့လူတွေ နယ်ဘက်မှာလဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိတယ်။ ကျေးရွာတိုင်းမှာတော့ မိမိအစီစဉ်နဲ့လုပ်နေကြတယ်။ ရွာကိုပိတ်တာတို့ ပြင်ပကလူတွေမဝင်ရတာတို့။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ အဲ့ဒီလိုလုပ်နေရုံနဲ့မပြီးဘူး။ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို အကုန်လုံးလိုက်နာဖို့လိုတယ်"လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ဒေသအခြေအနေတွေကို ပြောကြားပါတယ်။

ဒါ့အပြင် လက်ရှိ ကျောက်ဖြူမြို့ပေါ်မှာ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့တဲ့သူတွေနဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်ထားတဲ့ ကွာရန်တင်းစင်တာ အနည်းဆုံး သုံးခု လောက်ရှိနေပြီး ပိုးတွေ့ အတည်ပြုလူနာတွေ များပြားလာနေသလို ဆက်စပ်သူတွေလည်း များပြားလာနေတဲ့အတွက် ကျောက်ဖြူ ဆရာအတတ်သင်ကျောင်းကိုလည်း ကွာရန်တင်းစင်တာဖြစ် တိုးချဲ့ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဘီဘီစီကို ပြောပါတယ်။


ကျောက်ဖြူမြို့နယ်ဟာ အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုံတည်ဆောက်ရေးစီမံကိန်း၊ မြို့သစ်စီမံကိန်းနဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ CNPC အခြေစိုက်ထားတဲ့ မြို့နယ်ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစီမံကိန်းတွေထဲက အထူးစီးပွားရေးဇုံ SEZ နဲ့ မြို့သစ်စီမံကိန်းတွေကတော့ အကောင်အထည်ဖော် ဆောင်ရွက်တာမရှိသေးပေမဲ့ ယခင်ကတည်းက ဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကတော့ ဆက်လက် လည်ပတ်နေတာကို တွေ့နေရတယ်လို့ ဦးဖိုးစံက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာရှိတဲ့ ရေနံစိမ်းပို့လွှတ်စက်ရုံကနေ တရုတ်နိုင်ငံကို ရေနံတွေ နေ့စဉ်တင်ပို့နေရတာဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ရေနံစိမ်းသယ်ဆောင်လာတဲ့ သင်္ဘောကြီးတွေဟာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းကို ပုံမှန်ဝင်ရောက်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုဟာ စက်တင်ဘာ ၃ ရက် ဒီကနေ့အထိဆိုရင် ရက်၂၀ ခန့်ရှိနေပြီဖြစ်ကာ စစ်တွေမြို့နယ်မှာ ၂၅၄ ဦး၊ ကျောက်ဖြူမြို့နယ်မှာ ၆၁ ဦး၊ မြေပုံမြို့နယ်မှာ ၂၃ ဦး၊ မြောက်ဦးမြို့နယ်မှာ ၂၀ ဦး၊ ပေါက်တောမြို့နယ်မှာ ၂၀ ဦး၊ မောင်တောမြို့နယ်မှာ ၁၉ ဦး၊ ကျောက်တော်မြို့နယ်မှာ ၁၁ ဦး၊ ပုဏ္ဏားကျွန်း ၁၀ ဦး၊ မင်းပြားမြို့နယ်မှာ ၉ ဦး၊ သံတွဲမြို့နယ်မှာ ၈ ဦး၊ ဘူးသီးတောင်မြို့နယ်မှာ ၆ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၅ ဦး၊ အမ်းမြို့နယ်မှာ ၂ ဦးနဲ့ ရသေ့တောင်၊ မာန်အောင်၊ ဂွမြို့နယ်တွေမှာ တစ်ဦးစီဖြစ်ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54013225

ကျောက်ဖြူဆေးရုံမှာ ကိုဗစ်လူနာတွေ ပြည့်လုနီးဖြစ်၊မြို့တော်ခန်းမကို တိုးချဲ့ ဖို့ပြင်နေ ကျောက်ဖြူဆေးရုံမှာ ကိုဗစ်လူနာတွေ ပြည့်လုနီးဖြစ်၊မြို့တော်ခန်းမကို တိုးချဲ့ ဖို့ပြင်နေ Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.