ကျန်းမာရေးဝန်ကြီးက ခွင့်မပြုလို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ် ဖျက်သိမ်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့က ပြည်သူလူထုနဲ့ ၂၀၁၅၊ အောက်တိုဘာ ၂၄ ရက်နေ့က တွေ့ဆုံခဲ့စဉ်

ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို စက်တင်ဘာလ ၈ ရက်နေ့ မနက်ဖြန်မှာ သွားရောက်ဖို့ စီစဉ်ထားတာကို ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံ့နေမှုတွေကြောင့် သွားခွင့် မပြုလို့ ခရီးစဉ်ဖျက်လိုက်ကြောင်း ဒီနေ့ မနက် အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။

မဲဆွယ်ခရီးစဉ်အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ သေချာညှိနှိုင်းခဲ့ပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုတွေ များလာတဲ့ ကာလအတွင်း မသွားသင့်ကြောင်းပြောလာတဲ့အပေါ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုတာကြောင့် ကော့မှူးမြို့နယ် မဲဆွယ်ခရီးစဉ်ကို မသွားဖို့ ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ မနေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ် ခြံအမှတ် (၅၄) မှာ နေထိုင်နေတဲ့ အမြဲတမ်းဝန်ထမ်းတစ်ယောက်မှာ ရောဂါပိုးတွေ့ခဲ့သလို သူနဲ့ ဆက်စပ်တဲ့သူ ခြောက်ယောက်ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်တဲ့နေရာထံ ပို့ဆောင်ထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်မှာပဲ ရှိနေတဲ့အပြင် ထိတွေ့မယ့်သူတိုင်းကို ကျန်းမာရေး စစ်ဆေးပြီးမှ တွေ့ဆုံတာဖြစ်လို့ ဗိုင်းရပ်စ်ကူးစက်မှုမရှိဘူးလို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့် က စက်တင်ဘာလ ၆ ရက် မနေ့က RFA ကိုဖြေဆိုထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်စပြုတဲ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် ၈ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှူးမြို့နယ်မှာ NLD အောင်နိုင်ရေးအလံလွှင့်ထူဖို့နဲ့ မဲဆွယ် စည်းရုံးရေးလုပ်ဖို့ မူလက စီစဉ်ထားတာဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက် ဒီကနေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၄၆၄ ယောက် ရှိပြီး သေဆုံးသူက ၈ ယောက်အထိရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dassk-will-not-go-to-kawmu-dueto-coronavirus-09072020005417.html

ကျန်းမာရေးဝန်ကြီးက ခွင့်မပြုလို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ် ဖျက်သိမ်း  ကျန်းမာရေးဝန်ကြီးက ခွင့်မပြုလို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ် ဖျက်သိမ်း Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.