ကိုဗစ်ကန့်သတ်ချက် မလိုက်နာလို့ အရေးယူခံရသူ အရေအတွက်များ

ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)

COVID- 19 ရောဂါကူးစက်ခံရသူ တိုးလာတာနဲ့အမျှ ချမှတ်ထားတဲ့ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းချိုးဖောက်သူတွေကိုလည်း နေရာတော်တော်များများမှာ အရေးယူတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကပ်ရောဂါကူးစက်တွေ တိုးလာနေချိန်မှာပဲ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေ တိုးမြှင့်ထားရာမှာ မလိုက်နာသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ တိုးလာနေပါတယ်။ ရခိုင်ပြည်နယ်ပြီးရင် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ ဆိုရင်လည်း မြို့နယ်ရ မြို့နယ်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အဲဒါအပြင် ညမထွက်ရအမိန့် မလိုက်နာသူတွေကို အရေးယူနေတာ မနေ့က တရက်တည်း ၆၀၀ ကျော် ရှိတယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းမှာလည်း ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို အရေးယူတာတွေ စတင်နေပြီလို့ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောပါတယ်။

“တနေ့က ဖမ်းတဲ့အခါမှာ အားလုံးပေါင်း ၅၆ ယောက်။ ဒီမြို့နယ် ၇ မြို့နယ်မှာ ညဘက်ထွက်တဲ့သူတွေကို ဖမ်းဆီးရမိတာရှိတယ်။ ဒါကတော့ ပထမပိုင်းပေါ့။ အားလုံးပြန်ပြီးတော့ စုစုပေါင်းပြောမယ်ဆိုရင် မတ်လ ၂၅ ကနေ ဩဂုတ်လကုန်အထိ ညမထွက်ရအမိန့်ကိုချိုးဖောက်ပြီးတော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူတဲ့အမှု ၁၀၉ မှုရှိပါပြီ။”

စစ်ကိုင်းတိုင်းအတွင်းမှာလည်း မေလ ၂၅ရက်ကစပြီး မနေ့ကအထိ နှာခေါင်းစည်းမတပ်ပဲ အိမ်ပြင်ထွက်သူတွေကို ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေနဲ့ အရေးယူထားတာ ၄,၀၀၀ ကျော်အထိရှိလာပါပြီ။ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းမလိုက်နာသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီသီတင်းပတ်ထဲ အွန်လိုင်းဆွေးနွေးခန်းမှာ သတိပေးထားပါတယ်။

ပြည်တွင်း ကူးစက်လူနာရှိလာတဲ့ မွန်ပြည်နယ်မှာတော့ ကိုဗစ်ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်နေပြီး ညမထွက်ရအမိန့်နဲ့ တခြားဒေသန္တရအမိန့်တွေကိုတော့ သီးခြားထုတ်ထားတာမရှိပေမဲ့ ရောဂါကာကွယ်ရေးအပိုင်းမှာ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

“ကျနော်တို့ဆီမှာက (ပိုးတွေ့လူနာ) ၁၁ယောက်ဖြစ်သွားတဲ့အတွက် လောလောဆယ်မှာ မုပွန်ရပ်ကွက်ရယ်၊ စစ်ကဲကုန်းရပ်ကွက်ရယ်ပေါ့နော်။ အဲရပ်ကွက်နှစ်ခုကိုတော့ ကျနော်တို့ Stay at Home သတ်မှတ်ထားတယ်။ ကျနော်တို့ မွန်ပြည်နယ်ကို ပဲခူးဘက်ကနေဝင်လာမယ့် ဝင်ပေါက်မှာ ကျိုက်ထို၊ မုပလင်နဲ့ သိမ်ဇရပ်မှာ Thermal Scanner ၂ လုံးနဲ့ ဂိတ်၂ဂိတ်ဖွင့်ပြီးတော့ စိစစ်နေတာတွေရှိတယ်။ ရခိုင်ကလာတယ်ဆိုရင်တော့ လောလောဆယ်မှာ Quarantine ဝင်မယ်၊ Swab ယူစစ်မယ်ပေါ့နော်။”

ပြည်သူလူထုကြား ကပ်ရောဂါကူးစက်ပျံ့နှံ့တာ မရှိစေဖို့ ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်ကနေ ပြန်လာသူတွေရှိရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို အကြောင်းကြားဖို့နဲ့ ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာခဲ့ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေမှာ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာဆောင်ရွက်တာ၊ ဘေးအန္တရာယ်တခုခု ကျနိုင်တာကိုသိလို့ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာ ဒါမှမဟုတ်ရင်လည်း ကြုံရအောင်အကြောင်းရင်းတွေ ဖန်တီးတယ်ဆိုရင် ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar/5569151.html

ကိုဗစ်ကန့်သတ်ချက် မလိုက်နာလို့ အရေးယူခံရသူ အရေအတွက်များ ကိုဗစ်ကန့်သတ်ချက် မလိုက်နာလို့ အရေးယူခံရသူ အရေအတွက်များ Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.