ကျယ်ဂေါင်က မြန်မာကုန်ကားဂိတ်တွေအရေး တရုတ်ဘက်က ယာယီရွှေ့ဆိုင်း

တရုတ် မြန်မာနယ်စပ်ရှိ ကျယ်ဂေါင်မြို့ မြင်ကွင်း။ (စက်တင်ဘာ ၂၆၊ ၂၀၁၇)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့က မြန်မာကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ မပါရင် ပိတ်ပစ်မယ့်အကြောင်း သတိပေးချက်ကို ယာယီရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံကျယ်ဂေါင်မြို့ထဲက မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ၁၀၀ ကျော်ကို တရုတ်နိုင်ငံသား အစုစပ် ၅၀ ရာခိုင်နှုန်း မပါရင် ၁၀ ရက်အတွင်း လုပ်ငန်းတွေရပ်ဖို့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကြေညာထားတဲ့ ညွှန်ကြားချက်ကို ကပ်ရောဂါကာ ဖြစ်တာကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ယူနန်ပြည်နယ် တာဝန်ရှိသူတွေက အသိပေးခဲ့တာပါ။

ယူနန်ပြည်နယ်တာဝန်ရှိသူတွေ သတ်မှတ်ထားတဲ့ရက် ပြည့်ခဲ့တဲ့ မနေ့တုန်းကပဲ မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေကို တွေ့ဆုံအကြောင်းခဲ့တာ ဖြစ်ပေမဲ့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲပဲလို့လည်း မူဆယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ၃ ရက်နေ့က ပြည့်တဲ့အခါကျတော့ ၃ ရက်နေ့ မနက်မှာ သူကအစည်းအဝေးခေါ်လိုက်တယ်။ ကျယ်ဂေါင်ရဲစခန်းမှာ ရဲမှူးအဆင့်ရှိတဲ့သူတွေ ပါတယ်ပေါ့ဗျာ။ သူတို့ပြောထားတဲ့ ၁၀ ရက်ဆိုတာ မဟုတ်ပါဘူးပေါ့။ ဒီ ၁၀ ရက်နောက်ပိုင်းမှာလည်း ပုံမှန်အတိုင်း အလုပ်တွေ ဆက်လုပ်ပါပေါ့။ အခု ကိုဗစ်ကာလ ဂိတ်အဝင်အထွက် ပိတ်ထားတဲ့ အခြေအနေမှာ ဒီအတိုင်းပဲ လုပ်လို့ရပါတယ်။ လူဝင်လူထွက် ဂိတ်ပြန်ဖွင့်တဲ့ အချိန်ကျရင်တော့ လုပ်ငန်းလိုင်စင် လုပ်ပါမယ်နော်။ အဲလိုပြောပေမဲ့ ကျနော်တို့က သူ့ကို သိပ်စိတ်မချရဲဘူးဗျာ၊ နော်။ ဘာပဲလုပ်လုပ် သူလုပ်ချင်တာ တဘက်သတ်လုပ်တဲ့ အကျင့်ရှိတဲ့အတွက် ကျနော်တို့ သိပ်မယုံရဲဘူးပေါ့။”

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာယန်ကျဲ့ချီ ဒီသီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံကို လာရောက်ပြီး ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အပြီးမှာပဲ ယာယီရွှေ့ဆိုင်းတဲ့ အစီအစဉ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မူဆယ်ခရိုင်အုပ်ချုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တရုတ်အာဏာပိုင်တွေ ကုန်သွယ်ရေးကိစ္စ၊ ကပ်ရောဂါကိစ္စ နှစ်ဘက်တွေ့ဆုံဖို့ရက်ကို နှစ်ဘက်ညှိနှိုင်းနေကြကြောင်း ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ဘက်ကိုတော့ ကမ်းလှမ်းထားတယ်ဗျ၊ တွေ့ပြီးဆွေးနွေးဖို့တော့ ရှိပါတယ်။ သက်ဆိုင်ရာ ဌာနတွေ ပါဖို့အတွက် အားလုံးလှမ်းချိတ်ထားတယ်။ ရက်တော့ မသတ်မှတ်ရသေးဘူး။ အကြောင်းအရာတွေက အများကြီးပါ ကုန်ကားကိစ္စတွေရော၊ ကားအဝင်အထွက်တွေ မြန်ဆန်အောင် ဆောင်ရွက်ပေးဖို့တွေရော၊ နောက် COVID ကာကွယ်ရေးရော အကုန်ပါတယ်ဗျ။”

တရုတ်နယ်ထဲက မြန်မာကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို အရင်လို လုပ်ငန်းတွေ ဆက်လုပ်ခွင့်ပြုမယ့်အကြောင်း အသိပေးခဲ့တဲ့နေ့မှာပဲ မြန်မာကားဂိတ်တွေက ကုန်ပစ္စည်းတွေကို ဒေသခံတရုတ်ရဲတပ်ဖွဲ့က စစ်ဆေးတာတွေ ရှိခဲ့တယ်လို့လည်း ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ တရုတ်နိုင်ငံတွင်းမှာ တင်းကြပ်မှုတွေ တိုးလာနေတာကြောင့်ကျယ်ဂေါင်မြို့က မြန်မာလုပ်ငန်းရှင်တွေက ကုန်စည်ပို့ဆောင်ရေးဂိတ်တွေကို မြန်မာနိုင်ငံဘက်ရွှေ့ဖို့ ကြိုးစားနေကြပြီလို့လည်း ပြောပါတယ်။

တရုတ်အစိုးရ အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဝမ်ယိကတော့ တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့ လူအဝင်အထွက်ကိစ္စတွေ ပိုကောင်းမွန်လာဖို့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲကြိုးပမ်းလိုကြောင်း စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း ၂၀၊ G20 နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ မနေ့တုန်းက အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းက အကြီးဆုံးတခုဖြစ်ပြီး ကုန်သွယ်ရေးဝန်ကြီးဌာန ၂၀၁၈ စာရင်းတွေအရဆိုရင် နှစ်ဘက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ကျော်ရှိပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/myanmar-border-trade-kyal-gaung/5570717.html

ကျယ်ဂေါင်က မြန်မာကုန်ကားဂိတ်တွေအရေး တရုတ်ဘက်က ယာယီရွှေ့ဆိုင်း ကျယ်ဂေါင်က မြန်မာကုန်ကားဂိတ်တွေအရေး တရုတ်ဘက်က ယာယီရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 19:11 Rating: 5

No comments:

Powered by Blogger.