ကပ်ဘေးကာလမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများကို ပြည်သူများအား ၂၀၂၀၊ သြဂုတ် ၂၄ ရက်နေ့က အစီရင်ခံတင်ပြ မိန့်ခွန်းပြောကြားစဉ် / Photo: Myanmar State Counsellor Office


ကပ်ဘေးကာလမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအတိုင်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်အရေးယူကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေစုံစမ်း ဖော်ထုတ်တာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေနဲ့ တွေ့ဆုံတဲ့ အွန်လိုင်းဆွေးနွေးမှုမှာ ပြောကြားခဲ့တာပါ။

ကန့်သတ်ထားတဲ့ကြားက နိုက်ကလပ်လိုဟာတွေ ဖွင့်နေတာဟာ ပြည်သူအပေါ်မှာရော၊ နိုင်ငံအပေါ်မှာပါ စေတနာမဲ့တယ်လို့ သတ်မှတ်ပြီး ကြပ်ကြပ်မတ်မတ် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက အင်းစိန်နဲ့ လှိုင်မြို့နယ်တွေမှာ ပိုးတွေ့လူနာ များပြားလာနေပြီး လူနာ သုံးဦးထက် များတဲ့ မြို့နယ်တွေကို အိမ်အပြင်မထွက်ရ အမိန့်ထဲ အကျုံးဝင်လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံမြို့နယ် တို့ကို ဒီနေ့ကစပြီး အိမ်အပြင်မထွက်ရအမိန့် လိုက်နာဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလို ကန့်သတ်ထားတဲ့ မြို့နယ်တွေမှာ ဒေသခံတွေဟာ လိုအပ်လို့ အပြင်ထွက်ရင် တစ်ဦးတည်းသာ ထွက်ရမှာပါ။ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါမှာတော့ အဖော်တစ်ဦး လိုက်ပါနိုင်ပါတယ်။

ဒီကနေ့မနက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာ ၃၉၈ ဦး ရှိပြီး ရန်ကုန်တိုင်းမှာ အတည်ပြုလူနာ ၄၀၀ ရှိပါတယ်။

ကူးစက်မှု လျော့ကျစေရေး ကြိုးပမ်းနေတဲ့ ကျန်းမာရေးဌာနက ကပ်ဘေးကာလအတွင်း နှာခေါင်းစည်းတပ်ဖို့၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးဖို့ ညွှန်ကြားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dassk-said-to-handle-strictly-during-coronavirus-period-09022020035830.html

ကပ်ဘေးကာလမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော  ကပ်ဘေးကာလမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.