ကျောက်တော်ဘက်ပစ်ခတ်မှု ကျေးရွာတချို့မီးလောင်ပြီး ရွာသားတွေ သေဆုံးဒဏ်ရာရ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း သေဆုံးခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉)

ကိုဗစ်ကပ်ဘေးသင့် ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေရာမှာ ကျေးရွာတချို့ မီးလောင်ပျက်စီးခဲ့သလို ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ မနေ့တုန်းက ပစ်ခတ်မှုတွေအတွင်း ကျေးရွာတချို့ မီးလောင်သွားခဲ့သလို ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မနေ့ညနေပိုင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားရာက မီးလောင်ပျက်စီးမှုတွေ ကြုံခဲ့ရတာ လို့ ကိုယ်တိုင်ကြံုခဲ့ရတဲ့ ဘုရားပေါင်းကျေးရွာသား တစ်ဦးကပြောပါတယ်။

"ည ၅နာရီလောက်ကတည်းက ၁၂ နာရီလောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ ရွာကို မီးရှို့တယ်။ ကျနော်တို့ရွာက အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ ကျနော်တို့ တွက်ကြည့်လိုက်တာ အကုန်လုံးတော့ ရေတွက်လို့မရဘူး။ ဒါပေမဲ့ ၁၀၀ ကျော်လောက်တော့ မီးလောင်တဲ့ အထဲပါသွားလောက်တယ်။"

ဘုရားပေါင်းကျးရွာမှာ မီးလောင်မှုကြောင့် အိမ်ခြေအများအပြား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြသလို၊ ပစ်ခတ်မှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့လည်း ဒေသခံရွာသားက ပြောပါတယ်။

"ရွာသားနှစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ အသက်၂၅ နှစ် တစ်ယောက်ရယ်၊ ပြီးတော့ ဟန်မောင်သိန်းဆိုတဲ့ အသက် ၃၅ နှစ် တစ်ယောက်လည်းပါတယ်။ သူတို့ နှစ်ယောက်ကို ကျနော်တို့ မနက် အစောကြီး ရွာဘက်တွေ လိုက်ရှာတော့ အလောင်းတွေ့တယ်။ ဒဏ်ရာရတာတော့ ကျနော်တို့ စာရင်းလုပ်နေတုန်းပဲ ရှိသေးတယ်။ လူတွေကတော့ မစုံသေးဘူး။ ညကတည်းက ကြောက်လန့်ပြီးတော့ ဟိုဘက်၊ ဒီဘက် ထွက်ပြေးကြတာ ဘယ်က ဘယ်နေရာရောက်နေလဲဆိုတာ မသိရသေးဘူး။ အဲဒီအလောင်း နှစ် လောင်းပဲ ကျနော်တို့ တွေ့သေးတယ်။"

မနေ့တုန်းက ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ရန်ကုန်- စစ်တွေကားလမ်းဘေးက တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေမှာ မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှု အတိအကျကိုတော့ မသိရသေးပါဘူး။

မနေ့တုန်းက ရွာတွေ မီးလောင်နေတာတွေကို ကျောက်တော်မြို့ပေါ်ကပါ မြင်ခဲ့ရတယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်တဲ့ ရွာသားတချို့ ထွက်ပြေးနေကြရသလို ဒဏ်ရာရသူ တချို့ကို ကျောက်တော်မြို့မှာ ကုသပေးထားရတယ်လို့လည်း သူကပြောပါတယ်။

"ကျောက်တော်ကတော့ ဒါမနေ့က တနေကုန်လို့ ပြောလို့ရတယ်။ ကျော်တော်မြို့နယ် အထက်ပိုင်းရွာ သုံး၊ လေးရွာက လူတွေ ၀ရုန်းသုန်းကား ထွက်ပြေးကြတာပေါ့။ စစ်ကြောင်းဝင်လာတယ်ဆိုပြီးတော့ ရွာသားတချို့ကို ခေါ်ယူတာတို့ စစ်ဆေးတာတို့ရှိတော့ ရွာသားတွေကလည်း ကြောက်လန့်ပြီးတော့ ပြေးတယ်။ လက်နက်ကြီးတွေ ကျတယ်။ ကလေးနှစ်ယောက်လည်းပဲ မနေ့က ဒဏ်ရာရပြီးတော့ ဆေးရုံ ကို အရေးပေါ်ပို့လိုက်ရတဲ့ အခြေအနေ တစ်ခုဖြစ်ခဲ့တယ်။ ညနေဘက် ၇နာရီလောက်မှာလည်း ပစ်သံတွေ ကျနော်တို့ကြားတယ် သိပ်မကြာခင်မှာပဲ ရွာသားတချို့ နီးနီးနားနားက လှမ်းမြင်ရတဲ့သူတွေက ဖုန်းဆက်လာတယ်။ ရွာကတော့ မီးလောင်နေပြီ ... အဲဒီမှာ နှစ်ယောက်ကတော့ သေတယ်လို့ မနက်ပိုင်းကျမှ ကြားရတာ။ အခု ကျောက်တော်ဆေးရုံကို နာရေးကားနဲ့ ရောက်နေပါပြီ။ မီးလောင်တာကို ကျနော်တို့ ကျောက်တော်ကလည်း လှမ်းမြင်ရတယ်။"

ကျေးရွာတွေမီးလောင်တာဟာ ဒေသတွင်းမှာ စစ်ဆင်ရေးတွေလုပ်နေတဲ့ တပ်မတော်ရဲ့ လက်ချက်လို့လည်း ဒေသခံတွေက စွပ်စွဲနေကြပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က မီးရှို့ဖျက်ဆီးတာ မရှိခဲ့ကြောင်းနဲ့ အခင်းဖြစ်တဲ့နယ်မြေအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ကို ခြံုခိုတိုက်ခိုက်ခဲ့တာသာ ရှိခဲ့ကြောင်း ဒီကနေ့နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"မနေ့က ညနေပိုင်းမှာ စစ်တွေ၊ ကျော်တော်၊ အပေါက်ဝ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ပေးနေတဲ့ ကားကို AA ကနေပြီးတော့ remote မိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ လမ်းမပေါ်မှာပဲ ကျောက်တော်ရဲ့တောင်ဘက် မီတာ ၄,၀၀၀ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိတယ်။ ရဲတစ်ယောက် ဒဏ်ရာရရှိ သွားတာရှိတယ်။ ပို့ဆောင်ပြီး ပြန်အလာမှာလည်း အဲဒီကားတွေကို အဲဒီနေရာကပဲ ဆက်လက်တိုက်ခိုက်ခဲ့တာရှိတယ်။ ရန်သူ့အလောင်း တစ်လောင်းနဲ့ သေနတ်တစ်လက် ရရှိခဲ့တာ ရှိတယ်။ အဲဒီဖြစ်စဉ်တစ်ခုပဲရှိတယ်။"

ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက ပြည်နယ်တစ်ခုလုံး မလိုအပ်ရင် အပြင်မထွက်ကြဖို့နဲ့ ပြည်နယ်တစ်ခုလုံးနီးပါး ညမထွက်ရ အမိန့်ထုတ်ပြန်ထားရပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်မယ့်အရေး ပြည်တွင်းပြည်ပက သတိပေးနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒီတပတ်ထဲမှာပဲ ထပ်မံတိုက်တွန်းထားပါတယ်။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါရော စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အဝ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။


သက်နိုင်/VOA (Burmese)

https://burmese.voanews.com/a/rakhine-kyauk-taw-conflict/5570666.html

ကျောက်တော်ဘက်ပစ်ခတ်မှု ကျေးရွာတချို့မီးလောင်ပြီး ရွာသားတွေ သေဆုံးဒဏ်ရာရ ကျောက်တော်ဘက်ပစ်ခတ်မှု ကျေးရွာတချို့မီးလောင်ပြီး ရွာသားတွေ သေဆုံးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.