![]() |
မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကိုတွေ့ရစဉ် / Photo: တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ |
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပါတယ်။
တပ်ရဲ့ခြံစည်းရိုးအနီးပတ်ဝန်းကျင်မှာ ပါတီဆိုင်းဘုတ်တွေ မစိုက်ထူရဆိုတာမျိုး ရွေးကောက်ပွဲ ဥပဒေမှာ မပါရှိပေမယ့် ပြဿနာမကြီးထွားအောင် ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ မှော်ဘီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဇေယျက RFA ကို စက်တင်ဘာ ၁၈ ရက်နေ့ ဒီကနေ့မှာ ပြောပါတယ်။
“တပ်ရှေ့က စည်ပင်ပိုင်မြေပဲလေ။ တကယ်တမ်းပြောမယ်ဆိုရင် စည်ပင်ပိုင်တဲ့မြေပဲ။ သူတို့ကလည်း စည်ပင်မှာ အခွန်ဆောင်ပြီးတော့ စိုက်တာ။ သို့သော် တပ်က ကန့်ကွက်တဲ့အတွက် ပြဿနာအရှည် မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်တာ။ မနက်ကတော့ အခြေအနေ ကောင်းတယ်။ အခု နာရီဝက်လောက်မှာ NLD ဘက်က ရပ်ကျေးအောင်နိုင်ရေးအဖွဲ့ဝင် နှစ်ဦးလောက်က ကန့်ကွက်တော့ အဆင်ပြေနိုင်မယ့် နည်းလမ်းရှာပြီး ချိတ်ဆက်ပေးနေတယ်”
နယ်မြေခံတပ်ရင်းရှေ့ အုတ်တံတိုင်းနဲ့ ပေ ၂၀၀ ခန့် အကွာမှာ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ လာရောက် စိုက်ထူခဲ့တာလို့ သိရပါတယ်။
NLD နဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တို့က စက်တင်ဘာ ၁၃ ရက်နေ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဆိုင်းဘုတ် စိုက်ထူခဲ့ကြတာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ တပ်မတော်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ ဆိုင်းဘုတ်တွေကို တပ်မျက်နှာစာကနေ လွတ်ကင်းတဲ့နေရာကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုရာမှာ UPB နဲ့ USDP ပါတီတို့က ကားလမ်းတစ်ဖက်ကို ပြောင်းရွှေ့စိုက်ထူခဲ့ပြီး NLD က ရွှေ့ပြောင်းပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
NLD ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က မဲဆွယ်ဆိုင်းဘုတ်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ စည်ပင်ကို အခွန်ငွေပေးသွင်း စိုက်ထူထားတာဖြစ်တယ်၊ တပ်ရဲ့မျက်နှာစာရှေ့မှာ ဆိုင်းဘုတ်စိုက်ထူခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားချက် ရှိမရှိကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
တားမြစ်ချက်ရှိရင် ဖယ်ရှားပေးရမှာဖြစ်ပြီး တားမြစ်ချက်မရှိရင် စိုက်ထူခွင့်ပေးရမှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/military-request-nld-signboard-in-hmawbi-09182020055258.html
![မှော်ဘီစစ်တပ်ရှေ့ မဲဆွယ်ဆိုင်းဘုတ် ဖယ်ရှားပေးဖို့ တပ်က တောင်းဆို](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyUDFbnVVtQaq4LiYayeCR7dW9gCbjQT1A3P3HayiQeWG4gSEw4xydcDUZ5aSBAf816-1ME1IxBVmdLyqBzrHbfpGqvWWJ1Yhrva1RMYm59H3BuqbaAajZNzwIgT1MDE5oYmxtHEazHLI/s72-w500-c-h281/5.jpg)
No comments:
Post a Comment