မဲဆွယ်စည်းရုံးရေးကာလမှာ ကွာရန်တင်း ဝင်နေရတဲ့ အမတ်လောင်းတွေ

နိုဝင်ဘာရွေးကောက်ပွဲမှာ အမတ်လောင်း ခုနစ်ထောင်ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ရှိပါတယ်။

ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားတဲ့ မဲဆွယ်စည်းရုံးရေးကာလ နဲ့ အတူဝင်ရောက်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းကြောင့် ကွာရန်တင်းဝင်နေရတဲ့အမတ်လောင်းတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီအချို့က ဘီဘီစီကိုအတည်ပြုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က အမတ်တချို့ ကွာရန်တင်းဝင်ခဲ့ကြရတာဖြစ်ပါတယ်။

အလုံမဲဆန္ဒနယ်၊အမှတ်(၁)ကနေဝင်ပြိုင်တဲ့ ရန်ကုန်တိုင်းအမတ်လောင်း ဦးဇော်ဇော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ်၊ ခြံအမှတ်(၅၄) မှာပိုးတွေ့ခဲ့မှုနဲ့ ဆက်နွယ်ပြီး ဒဂုံဆိပ်ကမ်းက ရိုးမရိပ်သာမှာ ကွာရန်တင်းဝင်နေရပါတယ်။

ခြံအမှတ်(၅၄) မှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိခဲ့ချိန်မှာ အဲ့ဒီရက်ပိုင်းက ခြံထဲကိုခဏသွားခဲ့မိလို့ မဲဆွယ်စည်းရုံးရေးကာလဖြစ်ပေမယ့် ကွာရန်တင်းဝင်ဖို့ ဦးဇော်ဇော်က ဆုံးဖြတ်ခဲ့ပါတယ်။

ကွာရန်တင်းဝင်လိုက်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးထက် ကိုဗစ်တိုက်ဖျက်ရေးကို ပိုဦးစားပေးဖို့ရှိကြောင်း ဦးဇော်ဇော်က ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်တိုင်း အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ

'ကျွန်တော် ကွာရန်တင်းကထွက်တာနဲ့ အောင်နိုင်ရေးမလုပ်တော့ဘူး။ ကိုဗစ် တိုက်ဖျက်ရေးပဲကျရာနေရာက လုပ်တော့မယ်' လို့ သူက ပြောပါတယ်။

ဆိပ်ကြီးခနောင်တိုကဝင်ပြိုင်မယ့် လက်ရှိပြည်သူ့လွှတ်တော်အမတ်ဦးတင်ထွန်းနိုင်လည်း ဆိပ်ကြီးခနောင်တို တံတား ပန္နက်တင် အခမ်းအနားမှာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့သူ တစ်ယောက်မှာပိုးတွေ့ခဲ့လို့ ကွာရန်တင်းဝင်ပြီး လှိုင်သာယာမှာ တို့ဖတ် နမူနာယူ စစ်ဆေးခံခဲ့ရပါတယ်။

မူဆယ်ခရိုင်ကနေ အမျိုးသားလွှတ်တော်အမတ်လောင်း ဝင်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးမော်ထွန်းအောင်ဟာ ပိုးတွေ့သူ အများဆုံးဖြစ်တဲ့ ရန်ကုန်ကလာလို့ ရှမ်းပြည်နယ်မှာ ကွာရန်တင်းဝင်နေရပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကဝင်ပြိုင်တဲ့ လူငယ်အမတ်ဟာ ကွာရန်တင်း ဝင်နေရချိန်မှာ အွန်လိုင်းကနေ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့နိုင်ဖို့ သူကကြိုးစားနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ကပ်ရောဂါကြားထဲက မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေအတွက် တိကျတဲ့အသေးစိတ်အစီအစဉ်တွေရေးဆွဲဖို့ လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ သူကပြောပါတယ်။

ပြည်သူထဲဆင်းပြီး မဲဆွယ်မယ့် အမတ်လောင်း ခုနှစ်ထောင်နီးပါးနဲ့ သူတို့ရဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တွေပါဝင်မယ့် လူခုနှစ်သောင်းနီးပါး(အမတ်လောင်းတစ်ဦးလျှင် အောင်နိုင်ရေးအဖွဲ့ဝင်ဆယ်ဦးနှုန်းဖြင့်တွက် ) အတွက် အသေးစိတ်စီမံချက် မရေးဆွဲနိုင်ကြောင်း သူကထောက်ပြပါတယ်။

မဲဆွယ်စည်းရုံးရေးကာလမှာ လူ ၅၀ အထိ စုဝေးဟောပြောခွင့်ကို ခွင့်ပြု

'လူကြားထဲ နှစ်လလောက်ဆင်းမယ့် ဒီအရေအတွက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအခြေအနေကို ကပြောင်းကပြန်ဖြစ်သွားစေနိုင်တယ်။ ဒါကိုလျော့ချမယ့် နည်းနာရှိစေချင်တာ။' လို့ သူကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မဲဆွယ်စည်းရုံးရေးကာလမှာ လူ ၅၀ အထိ စုဝေးဟောပြောခွင့်ကို ခွင့်ပြုခဲ့ပါတယ်။ ကျန်းမာရေးအသိုင်းအဝိုင်းကဆရာဝန်တချို့ကတော့ ဒီလိုစုဝေးခွင့်ကို အားမပေးခဲ့ကြဘဲ လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ ပိုးတွေ့တာများလာတဲ့ ရန်ကုန်က အမတ်လောင်းတွေက ဒီအခွင့်အရေးကို နှစ်ရက်ပဲရခဲ့ပြီး ကိုကိုးကျွန်းကလွဲလို့ ရန်ကုန်တစ်မြို့လုံးကို အိမ်မှာနေဖို့အမိန့်ထုတ်ခဲ့တာကြောင့် စုဝေးဟောပြောခွင့်မရခဲ့ကြပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် အရ ရန်ကုန်မှာ မလိုအပ်ဘဲအိမ်ပြင်မထွက်ရ အမိန့်ထုတ်တဲ့ကြားကတောင် ပိုးတွေ့သူနဲ့ သေဆုံးသူအရေအတွက် ထိုးတက်ခဲ့ပါတယ်။

'ရန်ကုန်က အမတ်လောင်းတွေကတော့ ကွာရန်တင်းဝင်ရတဲ့သူနဲ့ အပြင်ကလူနဲ့ ဘာမှမထူးပါဘူး။ကျွန်တော်လည်း အိမ်မှာပဲ နေနေရတာပါပဲ။ မဲမှထွက်ဆွယ်လို့မရတာ'လို့ ppp ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇေယျကပြောပါတယ်။

PPPရဲ့ ကဝင်ပြိုင်မယ့် အမတ်လောင်းတစ်ဦးမန္တလေးမှာ မဲဆွယ်စဥ်

PPPရဲ့ လှိုင်ကဝင်ပြိုင်မယ့် အမတ်လောင်း တစ်ယောက်လည်း ကွာရန်တင်းဝင်နေရတယ်လို့ သူကပြောပါတယ်။

ပြည်သူ့ပါတီက ဝင်ပြိုင်မယ့် ကျောက်တန်း တိုင်း (၁) အမတ်လောင်း ဦးလှသောင်းလည်း ကွာရန်တင်းဝင်နေရတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ကပြောပါတယ်။

တခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေ ထက် ဆိုးဆိုးရွားရွားကြုံနေရတာက စစ်ဘေးနဲ့ ကိုဗစ်ကပ်ဘေး ကြားထဲညပ်နေတဲ့ ရခိုင်ပြည်နယ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့သူ တောင်ကုတ်ကနေဝင်ပြိုင်မယ့် ဒေါက်တာတင်မာအောင် လည်း ကွာရန်တင်းဝင်နေရတယ်လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ရခိုင်မှာ မဲဆွယ်စည်းရုံးရေး ခက်ခဲ

အင်တာနက် ဖြတ်တောက်ခံထားရလို့ ရခိုင်ပြည်နယ်ကအမတ်လောင်းတွေဟာ တခြား ပြည်နယ်နဲ့တိုင်းတွေလို အွန်လိုင်းကနေတောင် မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံဖို့ မရှိပါဘူး။

၂၀၁၅ မှာ ရခိုင်မှာအများစုအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီက အမတ်လောင်းတွေဟာ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို လုံးဝနီးပါး ရပ်ဆိုင်းထားရတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဘီဘီစီကိုပြောပါတယ်။

'သွေးပင်လယ်တွေဖြတ်၊အလောင်းတွေကိုနင်းကျော်ပြီးတော့ ငြီးငြူနေကြတဲ့ပြည်သူတွေ၊ ပျက်စီးဆုံးရှုံးနစ်နာကြတဲ့အိုးအိမ်မရှိတဲ့လူတွေကိုဖြတ်သန်းပြီးတော့ မဲဆွယ်စည်းရုံးဖို့ဆိုတာ လည်းတော်တော်လေးကိုမလွယ်တဲ့ကိစ္စပါ' လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲရွေ့ဆိုင်းဖို့ ပါတီတချို့ကတောင်းဆိုနေကြပေမဲ့ ရွေးကောက်ပွဲရွှေ့ဖို့မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54225324

မဲဆွယ်စည်းရုံးရေးကာလမှာ ကွာရန်တင်း ဝင်နေရတဲ့ အမတ်လောင်းတွေ မဲဆွယ်စည်းရုံးရေးကာလမှာ ကွာရန်တင်း ဝင်နေရတဲ့ အမတ်လောင်းတွေ Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.