ကျိုက်မရော ဘိလပ်မြေစက်ရုံမှာ အလုပ်လျှော့ခံရသူ ၁၂၀၀ ကျော်ရှိ


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာရှိတဲ့ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံဟာ ဇူလိုင် လကတည်းက လုပ်ငန်းတချို့ ရပ်နားလိုက်တာကြောင့် အလုပ်သမား ၁၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေပြီး ရပ်နားလိုက်တဲ့အပိုင်းတွေကို ဒီနေ့အချိန်အထိ ပြန်မလည်နိုင်သေးဘူးလို့ သိရပါတယ်။

ကျိုက်မရောမြို့နယ်က MCL ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ Siam Cement Group(SCG) နဲ့ မြန်မာနိုင်ငံက Pacific Link Cement Industries(PLCI) ကုမ္ပဏီတို့ အကျိုးတူ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး PLCI ကုမ္ပဏီ ဆီက ထုံးကျောက်တွေ မရတော့တာကြောင့် စက်ရုံရပ်နားရတာဖြစ်တယ်လို့ SCG ဘက်က ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ကြေညာခဲ့ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ အလုပ်တွေ ရပ်နားလိုက်တယ်ဆိုတာကြောင့် နောက်တစ်နေ့မှာ ပြန်လာရတဲ့ ကျိုက်မရော ဒေသခံ ကိုနိုင်ထွေးက ဘာကြောင့်ရပ်နားလိုက်တယ်ဆိုတာကိုတော့ သူ့အနေနဲ့ သေချာမသိဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ပြောတာတော့ ခြောက်လလောက်ပိတ်မယ်လို့ ပြောတာပဲ၊ တကယ်လို့ စက်ရုံပြန်ဖွင့်ရင်တော့ ပြန်ခေါ်မယ်လို့ အဲလိုတော့ပြောတယ်၊ ဒီကြားထဲမှာတော့ စက်ရုံက ပြန်မလည်သေးဘူး၊ ဘာလို့ ပိတ်လဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး မမေးမိဘူး၊ ကျွန်တော်တို့လည်း ပိတ်တာနဲ့ ချက်ခြင်းတန်းပြီးပြန်လာတာ၊ ကျွန်တော်တို့က ဇူလိုင် ၂၀ ရက်နေ့က ပြန်လာတာ၊ ၁၉ ရက်နေ့က ပိတ်လိုက်တာဗျ”

စက်ရုံပြန်လည်နိုင်ဖို့တော့ သူ့အနေနဲ့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ အလုပ်ကြမ်းသမား ကိုနိုင်ထွေးက ဆိုပါတယ်။

အဲဒီစက်ရုံဟာ ၂၀၁၇ ခုနှစ်ကတည်းက SCG Cement အမှတ်တံဆိပ်နဲ့ ဘိလပ်မြေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

စက်ရုံရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အခြားပြင်ပကိုမပြောရဆိုတဲ့ စာချုပ်စည်ကမ်းအရ အမည်မဖော်လိုတဲ့ လက်ရှိဝန်ထမ်းရဲ့ ပြောပြချက်အရ ထုံးကျောက်ဝယ်ယူရတဲ့ ဈေးနှုန်းဟာ စတင်လုပ်ဆောင်တဲ့ ၂၀၁၅ ခုနှစ်လောက်က တစ်တန်ကို အမေရိကန်ဒေါ်လာ ဝ.၆ လောက်ပဲရှိရာကနေ နှစ်စဉ်တက်လာပြီး နောက်ဆုံး မဝယ်နိုင်လောက်တဲ့အထိ ဈေးတွေတိုးတောင်းတာကြောင့် စက်ရုံရပ်နားဖို့အထိ ဖြစ်လာတာလို့ ဆိုပါတယ်။

ဒါပေမဲ့ နောက်ဆုံး တစ်တန်အတွက် ဈေးနှုန်းကိုတော့ သူ့အနေနဲ့ မသိရှိဘူးလို့ ဆိုပါတယ်။

ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းမောင်ကတော့ ကုမ္ပဏီနှစ်ခု အဆင်မပြေတာကြောင့် ရပ်နားလိုက်တာလို့ သိရပေမယ့် အလုပ်သမားတွေကတော့ မဆက်သွယ်လို့ သေချာမသိဘူးလို့ RFA ကို ပြောပါတယ်။

“သူက နှစ်ခုပေါင်းထားတာဗျ၊ ကျောက်ထုတ်တဲ့ ကုမ္ပဏီနဲ့ ဘိလပ်မြေကုန်ချောထုတ်တဲ့ ကုမ္ပဏီဆိုပြီး နှစ်ခုပေါင်းထားတာတော့ အဲနှစ်ခုက သဟဇာတမဖြစ်ကြဘူးဗျ၊ သိထားတာကတော့ ဈေးပိုတောင်းတယ် ပေါ့ဗျာ၊ ဟိုကမပေးနိုင်ဘူးပေါ့ဗျာ ဘိလပ်မြေထုတ်တဲ့သူက၊ ကျောက်သမားက ဈေးပိုတောင်းတယ်၊ ကိုဗစ် -၁၉ ကလည်းဖြစ်နေတော့ လောလောဆယ်တော့ အဲဒီအလုပ်သမားတွေဆီက ဘာမှအသံမကြားရသေးဘူးဗျ၊ ကျွန်တော်တို့ဆီတော့ ဘာမှစာမရောက်ဘူးဗျ၊ ကျွန်တော်တို့ဘက်ကတော့ သူတို့ဆီက ဘာမှလာပြီးတော့ တင်ပြတာမရှိတော့လည်း ကျွန်တော်တို့လည်း မဆက်သွယ်မိဘူးဗျ၊ နောက်မှ မေးကြည့်ရမှာပေါ့ဗျာ”

ထိုင်းနိုင်ငံအခြေစိုက် SCG Cement ကုမ္ပဏီထံ RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ထုံးကျောက် လုပ်ပိုင်ခွင့် ရှိတဲ့ မိတ်ဖက်ကုမ္ပဏီဘက်က ထုံးကျောက်အတွက် ကုန်ကျစရိတ်အဖိုးအခတွေကို အဆမတန် တိုးမြှင့်တောင်း ခံတာကြောင့် အခုလို စက်ရုံကို ယာယီရပ်ဆိုင်းလိုက်တာလို့ အီးမေးလ်ကနေ အကြောင်းပြန်ပါတယ်။

ဒီလိုရပ်ဆိုင်းမှုကြောင့် အလုပ်သမား တစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားရတဲ့အပေါ် ကူညီဖြေရှင်းပေးဖို့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စု ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွေ၊ အစိုးရသတ္တုတွင်းဦးစီးဌာန အပါအဝင် ပြည်နယ်အဆင့်နဲ့ နိုင်ငံတော်အဆင့် အစိုးရတာဝန်ရှိသူတွေထံကို ဆက်သွယ်တာ၊ တင်ပြတာတွေ လုပ်ခဲ့ပေမယ့် ဘာမှမထူးခြားဘူးလို့ SCG ရဲ့ အကြောင်းပြန်စာမှာ ပါရှိပါတယ်။

အခုလို ကုမ္ပဏီအပေါ် ထိခိုက်နစ်နာစေမှုအခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ ထိခိုက်နိုင်တယ် လို့လည်း SCG ဘက်က ဆိုပါတယ်။

SCG ဘက်က ပြောဆိုချက်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့မယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း သူတို့ဆီကို ဘာမှမကူအညီတောင်းတာ မရှိဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဆီတော့ ဘာမှတောင်းတာ မရှိပါဘူး။ SCG နဲ့ ဒီဘက်က မြန်မာကုမ္ပဏီနဲ့ပေါင်းပြီးတော့ MCL ဆိုပြီးဖြစ်လာတာကိုး၊ မြန်မာကုမ္ပဏီဘက်က ကျောက်သွင်းရမယ့် ကျောက်နှုန်းထားတွေက အရင်ကထက် ပိုပြီးတော့ ဈေးများလာတဲ့ အနေအထားဖြစ်လာတယ်ပေါ့၊ ဆိုတော့ ဈေးပိုယူတဲ့အခါ SCG ဘက်က ထိုင်း ဘက်က မတတ်နိုင်တော့ဘူး၊ အဲဒါကြောင့်မို့လို့ လုပ်ငန်းက ရပ်ထားရတာ”

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေဘက်ကလည်း တစ်စုံတစ်ရာ အကူညီပေးနိုင်ဖို့ ဆက်သွယ်လာတာ မျိုးတွေ မရှိဘူးလို့လည်း ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။

သတ္ထုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်ကို ဆက်သွယ်ရာမှာလည်း SCG ကုမ္ပဏီအနေနဲ့ ဝန်ကြီး ဌာနကို အကူအညီတောင်းခံလာတာ မရှိကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

လက်ရှိ ကန်ထရိုက် အလုပ်ကြမ်းသမား ၁၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေရပြီး စက်ရုံထဲက ဝန်ထမ်း ၄၀၀ ကျော်ကတော့ ကျန်ရှိနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကြောင့် ဆက်လက် လုပ်ကိုင်နေရဆဲ ဖြစ်ပေမယ့် နောက်လ လယ်လောက်ဆို လုံးဝရပ်နားရမယ့် အခြေအနေဖြစ်တယ်လို့ အမည်မဖော်လိုသူဝန်ထမ်းက ပြောပါတယ်။

အဲဒီဘိလပ်မြေစက်ရုံဟာ အရင်က တစ်ရက်ကို တန်ချိန် ငါးထောင်ကျော်ထွက်ရှိပြီး လက်ရှိ လက်ကျန်ကုန်ကြမ်းနဲ့ ထုတ်နေရချိန်မှာတော့ တစ်ရက်ကို တန်ချိန် ငါးရာလောက်ပဲ ထွက်တော့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ဘိလပ်မြေစက်ရုံအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ထားမှုကြောင်း ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြခံရသလို မွန်ပြည်နယ်လွှတ်တော်မှာလည်း အဲဒီကိစ္စနဲ့ပဲ ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲခဲ့ဖူးပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mcl-factory-09072020051226.html

ကျိုက်မရော ဘိလပ်မြေစက်ရုံမှာ အလုပ်လျှော့ခံရသူ ၁၂၀၀ ကျော်ရှိ ကျိုက်မရော ဘိလပ်မြေစက်ရုံမှာ အလုပ်လျှော့ခံရသူ ၁၂၀၀ ကျော်ရှိ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.