ရာထူးကဖယ်ရှားခံရတဲ့ ကယားဝန်ကြီးချုပ်နဲ့ သီးခြားဆက်သွယ်မေးမြန်းချက်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို။ (ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်က ရပ်စဲလိုက်တဲ့အကြောင်း သမ္မတဦးဝင်းမြင့်က ဒီကနေ့ အမိန့်ထုတ်ပြန်ပါတယ်။ ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံက ဝန်ကြီးချုပ်ကို ရာထူးကရပ်စဲဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သမ္မတရဲ့ အခုအမိန့်ထွက်လာတာပါ။

ဦးအယ်လ်ဖောင်းရှိုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တာဝန်က ရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဝန်ကြီးချုပ်ကို အခု တာဝန်ကနေ ရပ်စဲလိုက်ပြီလို့ သမ္မတရုံးက စာရောက်တယ် ကြားလို့ အဲ့ဒါလေး နည်းနည်းရှင်းပြပေးလို့ရမလား။

ဦးအယ်လ်ဖောင်းရှို။ ။ သမ္မတကြီးတို့က ဥပဒေဘောင်နဲ့အညီ ကိုယ့်ထက် အကြီးအကဲတွေ စီမံဆောင်ရွက်တဲ့ အပေါ်မှာ ကျနော်ကျေနပ်ပါတယ်။ ဒါအထက်က လူကြီးတွေ စီမံတာပဲဗျာ။ ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြဌာန်းထားတဲ့အတိုင်းပေါ့ဗျာ။

ကိုဝင်းမင်း။ ။ သမ္မတကြီးဆီကစာ ဘယ်အချိန်က ရောက်လာသလဲ... ဝန်ကြီးချုပ်ဆီကိုလေ။

ဦးအယ်လ်ဖောင်းရှို။ ။ ဒီကနေ့ ၂ နာရီ ကျော်လောက်ပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ကြိုပြီးတော့ရော သိထားလား အခုလို စာလာမယ်လို့။

ဦးအယ်လ်ဖောင်းရှို။ ။ ဒီကိစ္စတွေက ဘယ်လိုလုပ်ကြိုသိမှာတုန်း။ ရောက်တဲ့အချိန်မှ သိတာပေါ့။

ကိုဝင်းမင်း။ ။ ဘာကြောင့်အခုလို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ရတယ်လို့ ထင်လဲ။

ဦးအယ်လ်ဖောင်းရှို။ ။ ဘာကြောင့်ဖြစ်သွားလဲဆိုတော့ အမှန်တရားဆိုတာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အမှန်တရားအတွက်သာ၊ နိုင်ငံတော်အတွက်သာ၊ ပြည်သူတွေအတွက်ကလည်းပဲ သင်ခန်းစာကောင်းရတယ်လို့ပဲ ကျနော်ယုံကြည်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဝန်ကြီးချုပ်။ ဝန်ကြီးချုပ်ရဲ့ တာဝန်တွေကို ဘယ်လို ဆက်လုပ်ဖို့ရှိလဲ။

ဦးအယ်လ်ဖောင်းရှို။ ။ ကျနော့်တာဝန်လွှဲပြီးပြီကိုး။ ကျနော်တို့ အစိုးရက ဝန်ကြီးတယောက်ကို လွှဲပြီးပြီလေ။ စိုက်ပျိုးရေး ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကိုပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ရှေ့မှာရော ဘာဆက်လုပ်ဖို့ မှန်းထားလဲ။

ဦးအယ်လ်ဖောင်းရှို။ ။ ရှေ့မှာတော့ နိုင်ငံရေးကို ကိုယ့်ပါတီက မူ အတိုင်း တစိုက်မတ်မတ် ဆက်သွားမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အခုကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ဆက်လုပ်ခွင့် ရှိတာပေါ့နော်။

ဦးအယ်လ်ဖောင်းရှို။ ။ ဟုတ်ပါတယ်။ ကိုယ်စားလှယ်ပဲ ဆက်လုပ်ရတော့မှာပေါ့။

ကိုဝင်းမင်း။ ။ အခုကိစ္စကိုရော ရင်ဆိုင်သွားဖို့ ရှိလား။

ဦးအယ်လ်ဖောင်းရှို။ ။ အခုကိစ္စလား။ ဥပဒေကြောင်း လမ်းအရသာ သွားရမယ့် ကိစ္စတွေ သွားမှာပါ။

ကိုဝင်းမင်း။ ။ ဝန်ကြီးချုပ်ရော မျှော်မှန်းထားလား ... အခုလို ဖြစ်လာမယ်လို့။

ဦးအယ်လ်ဖောင်းရှို။ ။ လောကဓံကို ရင်ဆိုင်ဖြတ်သန်းဖို့ အသင့်ပဲ။ ကျနော်မျှော်မှန်းထားတာက လောကဓံကို အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းကျော်လွှားနိုင်ဖို့က လူသားတိုင်းရဲ့ တာဝန်ပဲ။ ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနိုင်ရင်တော့ အောင်မြင်မှုရမှာပဲ။ ကျနော်ဒီလိုပဲ ခံယူထားတာ။ အတက်လမ်းတက်ပြီးပြီ။ အတက်လမ်းကို တက်ပြီးသွားရင် အဆင်းလမ်းရဲ့ အတက်ကိုလည်း ကျနော် အင်နဲ့၊ အားနဲ့ အားမာန် အပြည့်နဲ့ တက်ဖို့ အမြဲတမ်းအဆင်သင့်ပဲ။ အမြဲတမ်း ဆက်လက် ကြိုးပမ်းသွားမယ်။ အကောင်းဆုံး ကောင်းသည်ထက်ကောင်းအောင်၊ ပိုပြီးမှ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကျနော်အများကြီး သင်ယူကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော့် နိုင်ငံအတွက်၊ ကျနော့် ပြည်နယ်အတွက်။

ကိုဝင်းမင်း။ ။ လာမယ့်ရွေးကောက်ပွဲမှာရော ဝင်ပြီးတော့ ပြန်အရွေးခံဖို့ရော။

ဦးအယ်လ်ဖောင်းရှို။ ။ ရွေးမှာပေါ့နော်။ လာမယ့် ရွေးကောက်ပွဲလည်း ရွေးမှာပေါ့။ 


၀င်းမင်း/VOA (Burmese)

https://burmese.voanews.com/a/kaya-chidf-minister-lphaungsho/5569268.html

ရာထူးကဖယ်ရှားခံရတဲ့ ကယားဝန်ကြီးချုပ်နဲ့ သီးခြားဆက်သွယ်မေးမြန်းချက် ရာထူးကဖယ်ရှားခံရတဲ့ ကယားဝန်ကြီးချုပ်နဲ့ သီးခြားဆက်သွယ်မေးမြန်းချက် Reviewed by THITHTOOLWIN on 08:56 Rating: 5

No comments:

Powered by Blogger.