ကပ်ဘေးကာလ ကန့်သတ်ချက်တချို့ လျှော့ချ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေကို ရက်လျှော့ချလိုက်တဲ့ အပြင် ပိုးကူးစက်ခံရပြီး ဆေးရုံတက်နေရသူတွေကို ကန့်သက်ထားချက်တွေ လျှော့ချတာ အပါအဝင် ကျန်းမာရေးမူဝါဒတွေကို ဒီနေ့ပြင်ဆင်လိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ထိတွေ့ခဲ့သူတွေ၊ ပြည်ပက ပြန်လာသူတွေကို အရင်က ကန့်သတ်စောင့် ကြည်ရေး စခန်းတွေမှာ ၂၁ ရက် နေထိုင်ဖို့ သတ်မှတ်ထားချက်ကို ၁၄ ရက်လို့ ပြင်ဆင်ပြောင်းလဲလိုက်ပါတယ်။

အတည်ပြုလူနာတွေကိုလည်း အရင်က ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့မှ ဆေးရုံက ဆင်းခွင့်ပြုရာကနေ အခုဆိုရင် ပိုးတွေ့ရှိပြီး ၁၁ ရက်နောက်ပိုင်း ရောဂါသက်သာရင် ဆေးရုံဆင်းနိုင်စေဖို့ အပါအဝင် အပြောင်းအလဲတချို့ ပြုလုပ်ဖို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအစည်းအဝေးကနေ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

Quarantine လို့ ခေါ်တဲ့ သီးခြား နေထိုင်ခြင်း အပါအဝင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တချို့ကို အရင်အစည်း အဝေးမှာ ဆွေးနွေးခဲ့ပြီး ဒီနေ့မှ အတည်ပြုလိုက်တာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“ပြုပြင်ပြောင်းလဲတာ တချို့ရှိပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ပြည်ထောင်စုဝန်ကြီး အစည်း အဝေးမှာ Quarantine ကိစ္စရပ်တွေ၊ ဆေးရုံဆင်း ကိစ္စရပ်တွေ၊ ပြန်လည်သုံးသပ်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းတွေကို မကြာခဏ ပါပြီးသားဖြစ်ပါတယ်၊ အဲဒီကိစ္စကို ဒီနေ့ အမျိုးသားအဆင့် ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ရေးကော်မတီကနေ အတည်ပြုပြီးဖြစ်တာကြောင့် ဒီနေ့ကစပြီး Quarantine ကိုအရင်က ၃ ပတ် ကနေ ၂ ပတ်လျှော့ချမှာဖြစ်ပါတယ်၊ ဆေးရုံဆင်းတဲ့ သတ်မှတ်ချက်ကိုလည်း အရင်က ရောဂါပိုးစမ်းသပ်တာ မတွေ့ရှိတာ ၂ ကြိမ်ဆက်တိုက်ဖြစ်မှသာ ဆေးရုံက ဆင်းရတဲ့အခြေအနေကနေ အခုလူနာတယောက်ရဲ့ ရောဂါလက္ခဏာ သက်သာမှုအပေါ် မူတည်ပြီးတော့ ဆေးရုံပေးဆင်းမှာဖြစ်ပါတယ်”

အရင်က ရောဂါကူးစက်မှု အခြေအနေကို မသိသေးတာကြောင့် ပိုး ရှိ၊ မရှိ ၂ ကြိမ် စစ်ဆေးတာဖြစ်ပြီး အခု နောက်ပိုင်း နိုင်ငံတကာ လေ့လာမှုတွေ၊ တွေ့ရှိချက်တွေအရ ၁၁ ရက် နောက်ပိုင်း ပိုးကူးစက်တာ မရှိတာကြောင့် နိုင်ငံတကာနည်းတူ ပြောင်းလိုက်တာလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ  အယောက် ၁၀၀ အထိ စံချိန်တင်ခဲ့သလို့ ဒီနေ့မနက်မှာလည်း ၄၅ ဦး တွေ့ရှိခဲ့ပါတယ်။

ဒီလိုကူးစက်မှုတွေထဲမှာ ရန်ကုန်တိုင်းက ၉၂ ဦးအထိ ပါဝင်ခဲ့ပြီး အရင်ကူးစက်မှုတွေ အများအပြားရှိခဲ့တဲ့ ရခိုင်ပြည်နယ်ကတော့ ၃၈ ဦး ပါဝင်ပါတယ်။

ရန်ကုန်တိုင်းဟာ လူနေထူထပ်ပြီး ရောဂါကူးစက်မှုတွေ များနိုင်တာကြောင့် ကျန်းမာရေးဌာနကလည်း ပညာပေး လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှာ ကူးစက်ခံရသူ ၆၆ ဦးရှိပြီး ကူးစက်မှုများတာကြောင့် နေအိမ်မှာပဲ နေထိုင်ဖို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။

ကူးစက်မှု လျှော့ချနိုင်ဖို့ လမ်းထဲအဝင်အထွက် လုပ်သူတွေကို စစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

နေရာအခက်အခဲကြောင့် ထိတွေသူတွေကို ကန့်သတ်စောင့်ကြည်ရေး စခန်းတွေမှာ အားလုံးကို မထားရသေး ဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အခက်အခဲကတော့ ရှိတာပေါ့နော်၊ ပထမထားတဲ့နေရာက သုဝဏ္ဏထဲက ဆောက်လုပ်ရေး သင်တန်း ကျောင်းမှာ ထားတာ၊အဲမှာက သင်္ကန်းကျွန်းက လူတွေတင်မကဘူး တိုင်းကျန်းမာရေးရဲ့ အောက်မှာရှိတော့ ကျန်တဲ့နေရာကလူတွေပါ ထည့်လိုက်တော့ ၆၀ ပြည့်သွားပြီ၊ နောက်တစ်နေရာတော့ ထပ်ရှာထားတယ်၊ ဦးဘဟန်လမ်းပေါ်က ပညာရေးကောလိပ်ပေါ့ အဲမှာ ထားဖို့ပြင်နေတယ်၊ ဒီနေ့ညနေ သို့မဟုတ် မနက်ဖြန် လောက်တော့ စထားလို့ရပြီပေါ့၊ ထိတွေ့သူတွေကများတော့ ကန့်သတ်စောင့်ရေး စခန်းမှာ ထားချင်ရဲ့သားနဲ့ နေရာမရှိလို့ မထားရသေးတာတွေလည်း ရှိတယ်၊ အဲဒါတွေက မကောင်းဘူးလေ၊ ကန့်သတ်စောင့်ရေး စခန်းမှာ မြန်မြန်ထားနိုင်မှ အဆင်ပြေမှာ”

ထိတွေ့လူနာတွေကို သွားရောက်ခေါ်ရာမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှု အားကောင်းပေမယ့် ကန့်သတ်စောင့်ကြည်ရေး စခန်းတွေမှာ မထားနိုင်ခင်မှာ မိမိနေအိမ်မှာပဲ နေထိုင်ရေး ညွှန်ကြားချက်ကို  လိုက်နာမှုပိုင်းမှာ အားနည်းတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီတစ်ကြိမ်ကူးစက်မှုနှုန်းဟာ ပိုမြန်ပြီး ပြည်တွင်းကူးစက်မှုတွေ ဖြစ်တာကြောင့် ပိုမိုစိုးရိမ်စရာဖြစ်ပေမယ့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်း လိုက်နာမယ်ဆိုရင် ကူးစက်မှု ပြန်ကျသွားမယ်လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

“အခုဒီတစ်ကြိမ်ဟာ ကူးစက်မှုနှုန်းမြန်တယ်၊ ကူးစက်မှုနှုန်းမြန်တဲ့အတွက် ရောဂါတွေ့ရှိသူ များတာပေါ့၊ ဒီတစ်ခေါက်ဖြစ်တာက ပြည်တွင်းကူးစက်မှုများတယ်၊ အဲအတွက် စိုးရိမ်စရာ အခြေအနေတော့ရှိတယ်၊ အရမ်းကြီး အကြောက်လွန်ဖို့တော့ မဟုတ်ဘူး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက ထုတ်ပြန်ချက်တွေကို တလေးတစားလိုက်နာမယ်ဆိုရင် မြင့်တတ်နေတာတွေက ပြန်ကျသွားပါလိမ့်မယ်”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဒီနေ့မနက်အထိ ၁၄၆၄ ဦးရှိနေပြီး အဲဒီထဲက သေဆုံးသူ ရှစ်ဦး ရှိပါတယ်။

မနက်ဖြန်ကစပြီး ရန်ကုန်တိုင်းအတွင်းက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာ ရောင်းချဖိ့ုနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရုံးတွေကိုလည်း ဝန်ထမ်းအင်အား တဝက်နဲ့သာ လုပ်ကိုင်ဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-corona-09072020061750.html

ကပ်ဘေးကာလ ကန့်သတ်ချက်တချို့ လျှော့ချ  ကပ်ဘေးကာလ ကန့်သတ်ချက်တချို့ လျှော့ချ Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.