ရန်ကုန်ကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ဖို့ တောင်းဆိုသူတွေရှိနေ

ရန်ကုန်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေသူတွေကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်

Photo: Nay Myo Htun/RFA

အတည်ပြုလူနာနေ့စဉ် ရာနဲ့ချီတိုးလာနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းထဲက လူနာကအရေအတွက် အများဆုံး ဖြစ်နေတာကြောင့် ပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ၁၄ရက် ကြာ အသွားအလာတင်းတင်းကျပ်ကျပ် ကန့်သတ်ဖို့ တချို့က တောင်းဆိုလာကြပါတယ်။

အဲဒီလိုကန့်သတ်လိုက်ရင် စားသောက်ရေး အခက်အခဲကြုံနိုင်တဲ့ အခြေခံလူတန်းစားတွေကို တတ်နိုင်သလောက် ထောက်ပံ့ဖို့ အသင့်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တချို့က  ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ နေ့စဉ်နဲ့အမျှ တိုးလာနေတဲ့ထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး တွေ့ရှိမှုရဲ့ တစ်ဝက်ကျော်ရှိပါတယ်။ ပိုးတွေ့ရှိမှုများပြားတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ နေထိုင်သူတွေကို အိမ်မှာပဲနေဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

မဖြစ်မနေ ဆေးရုံ၊ ဆေးခန်းသွားရမယ့်သူ၊ လုပ်ငန်းခွင်ဝင်ရမယ့်သူ၊ ဈေးသွားရမယ့်သူဆိုရင်တော့ သွားလာဖို့ ခွင့်ပြုထားပါတယ်။

အိမ်မှာပဲနေဖို့ သတ်မှတ်ချက်ကို လိုက်နာသူတွေရှိသလို တချို့ကလည်း မလိုက်နာတာကြောင့် ရန်ကုန်ကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ဖို့ တောင်းဆိုတာတွေ ရှိလာတာပါ။

အဲဒီလို တောင်းဆိုသူတွေထဲမှာ ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့  ဦးဇော်ဝင်းခိုင်လည်း ပါဝင်ပါတယ်။

“မမြင်ရတဲ့ ရန်သူကို တိုက်ရတာ အသေချာဆုံးနည်းလမ်းကို ရွေးရမယ်ဆိုတဲ့အခါ အစားအသောက် ခက်ခဲတာ ဖြေရှင်းလို့ မရတဲ့ပြဿနာ မဟုတ်ဘူး၊ အကယ်၍ ပိုးတွေ့လူနာ ထိန်းမရတော့ရင် အဲတော့မှ ပြဿနာက ဖြစ်မှာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေးဆိုတာတွေ ဖြစ်လာတော့မှာ။ ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် တိတိ ကျကျ lockdown တစ်ခုကို အနည်းဆုံး ၂ ပတ်လောက် ချပစ်လိုက်ချင်တယ်တယ်၊ အဲဒီအခါ အချင်း ချင်း အပြန်အလှန် ကူညီကြပေါ့”

ဦးဇော်ဝင်းခိုင်ဟာ We Love Yangon အဖွဲ့မှာ ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြောဆိုချက်ဟာ တစ်ဦးတည်းရဲ့ အမြင်လို့ ဆိုပါတယ်။ ကူးစက်ခံရသူ များပြားတဲ့ ရခိုင်ပြည်နယ်ကိုလည်း အိမ်မှာပဲနေဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အခုအခါ ရခိုင်ပြည်နယ်မှာ ပိုးတွေ့ရှိသူ နည်းပါးလာပြီး ဒီလိုထိန်းချုပ်နိုင်တာဟာ အပြင်ထွက်သွားလာမှု တစ်ဦးနဲ့ တစ်ဦး ထိတွေ့မှုနည်းပါးတဲ့အတွက်လို့ ပြောကြပါတယ်။

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်အနေနဲ့ မဖြစ်မနေ အလုပ်သွားကြရတဲ့သူက တစ်အိမ်တစ်ယောက်နှုန်းနီးပါး ရှိနေတဲ့အတွက် အားလုံးအိမ်မှာပဲ နေထိုင်ကြဖို့ ကြပ်မတ်တဲ့အနေနဲ့ ၂ ပတ် ကန့်သတ်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

၂ ပတ် ကန့်သတ်စောင့်ကြည့်ဖို့ဆိုတာကို လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက လုပ်ဆောင်သင့်တာလို့ ရန်ကုန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောပါတယ်။

“ကျွန်တော့် တစ်ယောက်တည်းရဲ့အမြင် ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက တစ်ခါတည်း “ lock down ချပစ်မယ်။ အဲလိုဆို ဒီအခြေအနေထိ တက်လာစရာအကြောင်း နည်းသွားမယ်။ အခုအချိန် ကတော့ နည်းနည်းနောက်ကျတဲ့ အချိန်ပိုင်းရောက်နေပြီလို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ ဘာကြောင့်လဲ ဆိုရင် အခုက အပြင်ကိုဘယ်မှခရီးသွားလာတဲ့ ရာဇဝင်မရှိတာတို့ ဘာတို့ကနေပြီး ဘယ်ကဖြစ်လို့ဖြစ် မှန်းမသိတဲ့ လူနာဦးရေက ပိုများလာတယ်။ ဒီအချိန်မှာတော့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆုံးရှုံးမှုအနည်းဆုံးနဲ့ ထိန်းသိမ်းနိုင်အောင်ပဲ ကြိုးစားဖို့အဆင့်ဖြစ်သွားပြီ“

အဲဒီလို ကန့်သတ်လိုက်မယ်ဆိုရင် တစ်နေ့လုပ် တစ်နေ့စားရတဲ့သူတွေအတွက် စားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်ဖို့က အစိုးရမှာ တာဝန်ရှိသွားပြီး သေချာစဉ်းစားပြီးမှ လုပ်ရမယ့် အရာတွေဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

“lock down လုပ်မယ်ဆိုရင်တော့ နောက်ကနေလိုက်ပြီးတော့ ရိက္ခာထောက်ပံ့တဲ့ကိစ္စတွေ အင်မတန် အရေးကြီးလာမယ်။ စီးပွားရေးဘက်က စဉ်းစားရင်လည်း အလုပ်အကိုင် နှစ်ပတ်လောက် ရပ်လိုက်တယ် ဆိုရင်လည်း ထိခိုက်မှုတစ်ခု ရှိနိုင်တယ်။ ဒါတွေကိုပါ အသေးစိတ် သေချာပြန်စဉ်းစားသင့်တယ်။ lock down ချခြင်း၊ မချခြင်းကိုရော ဘယ်လိုစီမံမလဲဆိုတာ စဉ်းစားပြီးမှ လုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်“

ထိန်းချုပ်ကန့်သတ်မယ့် ၂ ပတ်တာကာလအတွင်း အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး ထောက်ပံ့ပေး နိုင်ဖို့ အလှူရှင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းထောက်ပံ့ပေးသွားဖို့ အသင့်ရှိနေတယ်လို့ လူမှုကူညီ ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေကတော့ ပြောပါတယ်။

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက အားလုံးအိမ်မှာပဲနေနိုင်ရင် အကောင်းဆုံးဆိုပေမယ့် စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ကို ၂ ပတ် ကန့်သတ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။

“ကိုယ့်အိမ်မှာပဲ ကိုယ်နေကြ ဘယ်မှမထွက်ကြနဲ့ဆိုပြီး လုပ်လိုက်မယ်ဆိုရင် အကောင်းဆုံးပေါ့၊ ဒါပေမဲ့ ရန်ကုန်မြို့လိုက အတော်လေးခက်ခဲပါတယ်၊ လူဦးရေ အရမ်းများတယ် စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် ထွက်တဲ့သူက အနည်းနဲ့အများတော့ ရှိတဲ့သူက ရှိနေမှာပဲ။ သို့သော် Lockdown ကို တကယ်တမ်း လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မယ် ထင်ပါတယ်”

အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းက အားလုံးကောင်းဖို့ဆို ပူးပေါင်းပါဝင်ဖို့ အသင့်ရှိနေပါတယ်လို့ ပြောပါတယ်။

“ပေါ့ဆလို့ဖြစ်တဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ သတိထားပြီးလုပ်နေကြတဲ့ ကြားထဲကနေ ဖြစ်နေတဲ့ အနေအထားဖြစ်တဲ့အတွက် နည်းနည်းလေး ပိုစိုးရိမ်စရာရှိတယ်။ ကျွန်တော်တို့တွေကတော့ ပူးပေါင်းဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့အနေအထားပေါ့လေ။ ခင်ဗျားတို့ သေပေးလိုက် အများအတွက်ပဲဆိုတာကတော့ မဖြစ်နိုင်ဘူး။ တကယ့်ကို ဒီရောဂါရဲ့ အနေအထားက လူတွေအားလုံး ငြိမ်ငြိမ်လေး ၂ ပတ် ( သို့ ) ၃ ပတ် ငြိမ်ငြိမ်လေး အားလုံးတပြိုင်နက်တည်းနေမှ အဖြူအမဲကွဲသွားမယ့် အနေအထားဖြစ်တယ်။ အဲဒါကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် အကောင်းဆုံးလမ်းကို ရွေးရမယ်“

အသွားအလာ ကန့်သတ်မယ်ဆိုရင် အလုပ်တွေလည်း ပိတ်ရမှာဖြစ်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အလုပ်ပိတ်ရက်နဲ့ လုပ်ခလစာကိစ္စတွေမှာ ပြဿနာတွေလည်း ရှိနိုင်ပါတယ်။

အလုပ်တွေပိတ်ရလို့ အခက်အခဲဖြစ်တာတွေကို လျှော့ချနိုင်ဖို့ဆိုရင် လာမယ့် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ရုံးပိတ်ရက်တွေကို ဒီလထဲမှာပိတ်ပေးပြီး အောက်တိုဘာနဲ့ နိုဝင်ဘာပိတ်ရက်တွေမှာ အစားထိုးအလုပ်ပြန်ဆင်းဖို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ညှိနှိုင်းသဘောတူညီချက်ရယူ ဆောင်ရွက်တာမျိုးတွေ လုပ်လို့ရနိုင်ကြောင်း အကြံပြုသူတွေလည်း ရှိပါတယ်။

JJ Express ယာဉ်လိုင်းပိုင်ရှင် ဦးမြင့်ဦးက အစိုးရကဦးဆောင်ပြီး အဲဒီလို ပိတ်ရက်ကို ညှိနှိုင်းသဘောတူညီမှုနဲ့ အစားထိုးဆောင်ရွက်နိုင်မယ်ဆိုရင် အလုပ်ပိတ်ရက်ကိစ္စ၊ လုပ်ခလစာကိစ္စ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ သုံးသပ်ပါတယ်။

“သီတင်းကျွတ်၊ တန်ဆောင်တိုင် ပိတ်ရက်ရှည်တွေရှိတယ်လေ အဲကျမှ ပိတ်မယ့်အစားအခု ရွှေ့ပြီးပိတ်လိုက်လို့ရှိရင်ပေါ့ တကယ်လို့ သူတို့ညှိတဲ့အခါ အဲဒီရက်တွေကျရင်တော့ အလုပ်ရှင်က အစားပြန်ဆင်းခိုင်းမှာပေါ့၊ အလုပ်ရှင်လည်း လစာပေးလို့ရမယ် အလုပ်သမားလည်း အဆင်ပြေမယ်။ ဒါတွေက တာဝန်ရှိတာကတော့ ဝန်ကြီးဌာနကတို့ဘာတို့ အများကြီးတော့ ညှိရဦးမှာပေါ့ဗျာ”

ရန်ကုန်ကို အသွားအလာကန့်သတ်ဖို့ချဖို့ တောင်းဆိုတာတွေရှိနေတာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကတော့ ရန်ကုန်ကို တိုင်းအစိုးရအနေနဲ့ အသွာအလာကန့်သတ်ဖို့ချဖို့ အစီအစဉ်မရှိသေးကြောင်း စက်တင်ဘာ ၁၇ ရက်နေ့က သူ့ရဲ့ Facebook အကောင့်မှာ ကောလာဟလ ထွက်နေတာနဲ့ ပတ်သက်ပြီး ဖြေရှင်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်နဲ့အမျှ သေဆုံးသူတွေရှိနေပြီး ပိုးတွေ့ရှိသူဟာ ရာကျော်လာပါပြီ။ ဒီလိုများပြား လာတာနဲ့အမျှ ဆေးရုံတွေမှာလည်း လူနာလက်ခံနိုင်မှုဟာ အကန့်အသတ် ကြီးမားလာနေပါတယ်။

ဒီလိုအခြေအနေကြောင့် အစိုးရရဲ့ ကပ်ဘေးကာလ ကျန်းမာရေးဆိုင်ရာ မူဝါဒတချို့ကို ပြောင်းလဲပြီး ရောဂါမပြင်း ထန်သူတွေကို ယာယီဆေးရုံတွေမှာ စောင့်ကြည့်ကုသဖို့၊ ပိုးတွေ့သူနဲ့ ဆက်စပ်ထိတွေ့သူတွေကိုအိမ်မှာပဲ ကြပ်မတ်စောင့်ကြည့်ထားရှိဖို့  အကြံပြုထားကြပါတယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၄၆၂၁ ဦးရှိနေပြီး သေဆုံးသူ ၇၅ ဦး ရှိပြီဖြစ် ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/14-day-curfew-in-yangon-09192020044448.html

ရန်ကုန်ကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ဖို့ တောင်းဆိုသူတွေရှိနေ ရန်ကုန်ကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ဖို့ တောင်းဆိုသူတွေရှိနေ Reviewed by THITHTOOLWIN on 18:17 Rating: 5

No comments:

Powered by Blogger.