သြဂုတ်လအတွင်း နေ့စဉ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အိန္ဒိယမှာ အများဆုံးဖြစ် |
အိန္ဒိယနိုင်ငံမှာ ဩဂုတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်သန်းနီးပါးရှိခဲ့ပါတယ်။ ဒါဟာ ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာမှာ တလအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။
သေဆုံးသူဦးရေကလည်း ဩဂုတ်လအတွင်း အဆိုးဆုံး ဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၈,၀၀၀ ထိရှိခဲ့ပါတယ်။
ကိုဗစ် အတည်ပြု လူနာ ၃.၆ သန်းရှိလာနေပြီ ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ တတိယ အများဆုံး ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ မတ်လတုန်းက စတင်ခဲ့တဲ့ လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေကြောင့် အလုပ်အကိုင်ပေါင်း သန်းနဲ့ချီ ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာဖို့ ကြိုးစားတဲ့ အနေနဲ့ အစိုးရက ကန့်သတ်မှုတွေကို ဆက်လက် ဖြေလျှော့ပေးနေပါတယ်။
အိန္ဒိယနိုင်ငံမှာ သြဂုတ်လအတွင်း နေ့စဉ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပျမ်းမျှ ၆၄,၀၀၀ လောက်ရှိပါတယ်။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ဒါဟာ ဇူလိုင်လအတွင်း နေ့စဉ် ပိုးတွေ့ရှိတဲ့ လူနာအရေအတွက်ထက် ၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။
ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အမြင့်ဆုံး ဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် သြဂုတ်လအတွင်း နေ့စဉ် ပိုးတွေ့ရှိသူ အရေအတွက်က ပျမ်းမျှ ၄၇,၀၀၀ လောက်ပဲ ရှိခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုးဟာ ကျေးလက်ဒေသ နေရာအတော်များများကိုပါ စတင်ပျံ့နှံ့နိုင်ခြေရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို နိုင်ငံတွင်းမှာ တိုးချဲ့ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ရောဂါပိုး ကူးစက်ခံထားရသူဦးရေ ထိုးတက်လာခဲ့တာပါ။
အူတာ ပါရာဒက်ရှ်၊ ဂျာ့ခ်ခမ်း၊ ချာတစ်ဒ်ဂါ နဲ့ သြဒိဿယ ပြည်နယ်တို့မှာ ဗိုင်းရပ်စ်ဖြစ်ပွားသူ ဦးရေ ရုတ်တရက် ထိုးတက်သွားခဲ့တာကြောင့် ပြည်ထောင်စု အစိုးရက အဲဒီပြည်နယ်တွေမှာ ဆေးဝန်ထမ်းတွေ စေလွှတ်ခဲ့တယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှု အဓိက ဗဟိုချက်ဖြစ်တဲ့ မဟာရက်ရှ်တာပြည်နယ်မှာ ပိုးတွေ့ရှိသူ ဦးရေ ၈၀၀,၀၀၀ နီးပါးရှိပြီး ကူးစက်မှု ဆက်လက် မြင့်တက်နေပါတယ်။
ပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို ပြည်နယ်တချို့မှာ တဟုန်ထိုး တိုးချဲ့ လုပ်ဆောင်ခဲ့ပေမယ်လည်း လူဦးရေ တသန်းမှာ ၃၂,၀၀၀ နီးပါးလောက်သာ စမ်းသပ်နိုင်တာကြောင့် ဒီစမ်းသပ်စစ်ဆေးမှုတွေဟာ နည်းနေပါသေးတယ်။
ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးကနေ ပြန်လည်သက်သာလာသူ ဦးရေကတော့ အားတက်စရာ ကောင်းပါတယ်။ အိန္ဒိယမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၀၀ မှာ ၇၇ ယောက်လောက်က ပြန်လည် သက်သာလာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေကလည်း နည်းလာနေပြီး ပိုးတွေ့ရှိသူ ၁၀၀ မှာ ၂ ယောက်အောက်ပဲ သေဆုံးခဲ့ပါတယ်။
BBC Burmese
No comments:
Post a Comment