ပျားဆိပ်က 'ရင်သား ကင်ဆာဆဲလ် တချို့ကို သတ်နိုင်'

ပျားရည်ထုတ်ပျား

ပျားက ရတဲ့ အဆိပ်ရည်ဟာ ဓာတ်ခွဲခန်းတွင်းမှာ မွေးထားတဲ့ ပွားနှုန်းမြန် ရင်သားကင်ဆာဆဲလ်မျိုးတွေကို ဖျက်ဆီးနိုင်တယ်လို့ သြစတြေးလျ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ပျားဆိပ်ထဲမှာ မယ်လစ်တင် (melittin) လို့ အမည်ရတဲ့ ဒြပ်ပေါင်းတမျိုးပါပြီး အဲဒီ ဒြပ်ပေါင်းကို ကုသရခက်ခဲတဲ့ ကင်ဆာဆဲလ် ၂ မျိုးဖြစ်တဲ့ triple-negative နဲ့ HER2-enriched ဆဲလ်မျိုးတွေကို တိုက်ခိုက်ရာမှာ ပညာရှင်တွေက အသုံးပြုခဲ့ကြပါတယ်။

ပညာရှင်တွေက ဒီလိုတွေ့ရှိမှုကို စိတ်လှုပ်ရှားစရာ အဖြစ် ညွှန်းဆိုထားပြီး နောက်ထပ် စမ်းသပ်မှုတွေ လိုသေးတယ်ဆိုတာကိုလည်း သူတို့က မှတ်ယူထားပါတယ်။

ကမ္ဘာတဝန်းမှာရှိတဲ့ အမျိုးသမီးပေါင်းမြောက်များစွာကို ထိခိုက်ခဲ့တဲ့ ကင်ဆာရောဂါတွေထဲ ရင်သားကင်ဆာက အဖြစ်အများဆုံးကင်ဆာရောဂါ ပါ။

ဓာတ်ခွဲခန်းအတွင်းမှာ ကင်ဆာဆဲလ်ကို တိုက်ခိုက်နိုင်တဲ့ ဓာတုဗေဒ ဒြပ်ပေါင်းတွေ ထောင်နဲ့ ချီပြီး ရခဲ့ပေမယ့် လက်တွေ့ လူမှာကုသဖို့အတွက် အဲဒီထဲက အနည်းအကျဉ်းကသာ အလုပ်ဖြစ်ခဲ့တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အရေပြား ကင်ဆာတမျိုးဖြစ်တဲ့ မယ်လင်နိုးမား (melanoma) လို ကင်ဆာဆဲလ်တွေ အပါအဝင် ကင်ဆာဆဲလ် တချို့ကို ပျားဆိပ်က တိုက်ခိုက်နိုင်တယ်ဆိုတာကို အရင်ကလည်း တွေ့ခဲ့ရဖူးပါတယ်။

အခု ပျားဆိပ်က ရင်သားကင်ဆာဆဲလ် တချို့ကို သတ်နိုင်တယ်ဆိုတဲ့ လေ့လာချက်ကို သြစတြေးလျ အနောက်ပိုင်း ဟယ်ရီ ပါကင် ဆေးသုတေသန အင်စတီကျု (Harry Perkins Institute of Medical Research) က လေ့လာတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ တွေ့ရှိချက်ကို Nature Precision Oncology ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သုတေသီတွေက ဘာတွေ တွေ့ရှိခဲ့သလဲ

ပျားတွေ၊ ပျားပိတုန်းတွေ စုစုပေါင်း အကောင် ၃၀၀ ကျော်က အဆိပ်တွေနဲ့ သူတို့ စမ်းကြည့်ခဲ့ကြတာပါ။

ပျားဆိပ်ရည်တွေဟာ (ကင်ဆာဆဲလ် သတ်နိုင်ဖို့) "သိပ်ကို အာနိသင် ရှိကြောင်း" တွေ့ခဲ့ရတယ်လို့ အဲဒီ သုတေသနကို ဦးဆောင်ခဲ့တဲ့ အသက် ၂၅ နှစ် အရွယ် ပါရဂူတန်းတက်နေတဲ့ သုတေသီ စီယာရာ ဒဗ်ဖီက ပြောပါတယ်။

အဆိပ်ရည်တွေကို သိပ်သည်းအောင်လုပ်ထားတဲ့ အဆိပ်အနှစ် တွေက ကင်ဆာဆဲလ်တွေကို အချိန် တနာရီ အတွင်းသတ်ပစ်နိုင်သလို၊ တခြား ဆဲလ်အကောင်းတွေကိုလည်း ဥပါဒ်မပေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေ ကို နောက်ကာလတခုခြားပြီး နောက်တကြိမ်ပြန်သတ်ဖို့ ပေးမယ်ဆိုရင်တော့ အရင် အဆိပ်ပြင်းအား ပမာဏထက် ထပ်မြှင့်ပေးဖို့ လိုပါတယ်။

ဒေါက်တာ စီယာရာ ဒဗ်ဖီက အဲဒီ သုတေသနကို ဦးဆောင်ခဲ့

မယ်လစ်တင် ဒြပ်ပေါင်းဟာ ကင်ဆာဆဲလ်ကို အလုပ်မလုပ်နိုင်အောင် တားဆီးနိုင်သလို၊ ကင်ဆာဆဲလ်ကျိတ် ကြီးထွားမှုကို ရပ်တန့်သွားအောင်လုပ်နိုင်တာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ပျားဆိပ်ထဲမှာ မယ်လစ်တင် ဒြပ်ပေါင်းကို သဘာဝအတိုင်းတွေ့ရပြီး အဲဒီ ဒြပ်ပေါင်းကို ဓာတ်ခွဲခန်းမှာ သီးသန့် ထုတ်လုပ်တာမျိုးတော့ မရှိသေးပါဘူး။

ရင်သားကင်ဆာဆဲလ် triple-negative အမျိုးအစားဟာ အပွားမြန်တဲ့ အမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် ခွဲစိတ်ကုတာ၊ ဓာတ်ရောင်ခြည်ပေးပြီးကုသတာ၊ ခီမိုသွင်းတာ စတာမျိုးတွေနဲ့ ကုသရတာပါ။ ရင်သားကင်ဆာရောဂါအားလုံးရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်က အဲဒီ အမျိုးအစားပါ။

အနာဂတ်မှာ ဒီပျားဆိပ်နဲ့ ကုသနိုင်မလား

သြစတြေးလျအနောက်ပိုင်းရဲ့ သိပ္ပံပညာရှင်တွေထဲ အကြီးအကဲဖြစ်သူက ဒီ သုတေသနတွေ့ရှိချက်ဟာ "သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်" လို့ ပြောပါတယ်။

ပါမောက္ခ ပီတာ ကလင်ကန်က "ဒီ လေ့လာချက်က မယ်လစ်တင် ဒြပ်ပေါင်းဟာ ရင်သားကင်ဆာဆဲလ်တွေ ထပ်ပွားမလာအောင် ထိန်းချုပ်နိုင်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြသွားတယ်" လို့ ဆိုပါတယ်။

"သဘာဝမှာတွေ့ရတဲ့ ဒြပ်ပေါင်းတွေကို လူသားမှာ ဖြစ်နေတဲ့ ရောဂါတွေကုသဖို့အတွက် သုံးနိုင်တယ်ဆိုတာကို ပြလိုက်တဲ့ နောက်ထပ် အံ့ဖွယ် နမူနာပါပဲ။"

ဒါပေမဲ့ ဒီ ပျားဆိပ်ကနေ ကင်ဆာကို တကယ်ကုသနိုင်တဲ့ ဆေးဖြစ်လာဖို့ အဆင့်ကိုရောက်ဖို့ နောက်ထပ် အလုပ်တွေ အများကြီး လုပ်ရဦးမယ် ဆိုတာကိုလည်း သုတေသီတွေက သတိပေးထားပါတယ်။

ဆစ်ဒနီက ဂါဗန် ဆေးသုတေသန အင်စတီကျု (Garvan Institute of Medical Research) က ပါမောက္ခ အဲလက်စ် ဆွာဘရစ်ခ်က "ဒြပ်ပေါင်းတွေ များစွာဟာ ဓာတ်ခွဲခန်းက စမ်းသပ်ဖန်ပြားခွက်လေးတွေထဲမှာ ဒါမှမဟုတ် ကြွက်တွေမှာ ကင်ဆာဆဲလ်တွေကို သတ်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့် လူနာကို တကယ်ကုသနိုင်တဲ့ အဆင့်ကို ရောက်ဖို့ ခရီးဝေးကို သွားရဦးမှာပါ" လို့ ဘီဘီစီကို ပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54005076

ပျားဆိပ်က 'ရင်သား ကင်ဆာဆဲလ် တချို့ကို သတ်နိုင်'  ပျားဆိပ်က 'ရင်သား ကင်ဆာဆဲလ် တချို့ကို သတ်နိုင်' Reviewed by THITHTOOLWIN on 19:33 Rating: 5

No comments:

Powered by Blogger.