မလေးရှားမှာ အဆုံးစီရင်လို့ သေဆုံးသူ မြန်မာ ၁၇ ဦးရှိပြီ

ကိုဗစ်ကာလအတွင်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အခက်အခဲတွေနဲ့ စားဝတ်နေရေး အကြပ်အတည်းတွေကြောင့် စိတ်ဖိစီးမှုတွေ ရှိနေပြီး မြန်မာနိုင်ငံသားတချို့ မိမိကိုယ်ကို အဆုံးစီရင်မှုတွေ မကြာခဏ ဖြစ်ပွားလာနေပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးထိ ရှိလာနေပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ် ရှားလန်းမြို့မှာ အသက် ၄၄ နှစ် အရွယ် ကိုဇော်ဇော်နဲ့ ၊မာလက္ကာမြို့နယ် အလော်ဂါဂျာရပ်ကွက်မှာရောက်နေတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တဦး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာက လောလောလတ်လတ်ဖြစ်ရပ်တွေပါ။

ကိုဇော်ဇော်ဟာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်းရွာကဖြစ်ပြီး မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ အဆုံးစီရင်ကြတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကွာလာလမ်ပူမြို့က မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက အခုလိုပြောပါတယ်။

“မနေ့ကနဲ့ ဒီနေ့ သုံးယောက်ဖြစ်သွားတာပေါ့။ ဇော်ဇော်တဲ့ အသက်က ၄၄ နှစ်လို့ပြောတယ်။ ဆလန် ကော ရှားလန်းဘက်မှာ ရခိုင်လို့ ပြောပါတယ်။ သူက တရားမဝင် အလုပ်သမားတဲ့။ ဘာကြောင့်ဆိုတာတော့ ကျနော်တို့ မသိရဘူးခင်ဗျ။ နောက် တယောက်ထပ်ပြီး ဆုံးသွားတယ်။ အဲဒါ မာလက္ကာအနီးက မြို့တမြို့မှာ အသက် ၂၀ အရွယ် ကလေးတယောက်ဆုံးသွားတယ်”

ဦးဇော်ဇော်ရဲ့ နာရေးကို မလေးရှားနိုင်ငံ ရှားလန်းမှာရှိတဲ့ ကပုန်းနာရေးကူညီမှုအသင်းက ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အဆုံးစီရင်ရတာဟာ စိတ်ဖိစီးမှုတခုကြောင့်လည်း အဓိကဖြစ်တယ်လို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။

မာလက္ကာမြို့ အလော်ဂါဂျာရပ်ကွက်ထဲက စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ နယ် သီရိမင်္ဂလာကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုခင်မောင်ထွန်းကလည်း စက်တင်ဘာလ ၁၄ ရက်နေ့က မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ မာလက္ကာဓမ္မရတနာရွှေမြန်မာလူမှု ကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ် က ပြောပါတယ်။

“လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတော့ ပြန်ချင်တယ် ပြန်ချင်တယ်လို့ ပြောတယ်တဲ့။ ပြန်လို့လည်း မရသေးဘူး။ ရောက်တာလည်း သူက မကြာသေးဘူး။ သူ့ညီလေးတယောက်ကလည်း မြန်မာပြည်မှာ အဲဒီလိုပဲ သေသွားတယ်ပြောတယ်။ အဲဒီလိုသေသွားပြီ ကျနော်လည်း ဒီမှာ မနေချင်တော့ဘူး။ ပြန်ချင်တယ် ဆိုပြီးတော့ တဖွဖွပြော နေတယ်တဲ့။ သူ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတွေ ပြန်ပြောပြတာပေါ့နော်။ ဒါ ၁၇ ယောက်ပေါ့”

စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ မာလာကောမြို့မှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ သက် ၂၁ နှစ်အရွယ် ကိုအောင်ဇင်မင်း အဆုံးစီရင်ခဲ့ပါတယ်။ သူဟာ မွန်ပြည်နယ် သထုံမြို့ နယ်ထဲက ကရင်တိုင်းရင်းသား ဖြစ်တယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံ၊ မြန်မာသံရုံးက မလေးရှားနိုင်ငံမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို ၁၃ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန် ပို့ပေးခဲ့ပေမယ့် တရားမဝင် မြန်မာအလုပ်သမားတွေအတွက်တော့ စောင့်ဆိုင်းဖို့ လိုနေတယ်လို့ အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။

မလေးရှားမှာ အလုပ်လုပ်ဖို့ သက်တမ်းကုန်ဆုံးသွားသူတွေ ကျန်းမာရေးနဲ့ အလုပ်အကိုင် အဆင်မပြေတဲ့ မြန်မာလုပ်သားတွေကို မြန်မာသံရုံးကနေ ကူညီဆောင်ရွက်ပေးနေတာတွေ ရှိသလို၊ နေရပ်ပြန်ပို့ပေးတာတွေလည်း ရှိနေတယ်လို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။

အဆုံးစီရင်သွားတဲ့သူတွေမှာ အများအားဖြင့် ကိုဗစ်ကပ်ဘေးကာလမှာ စီးပွားရေး အကျပ်အတည်း ကြောင့် စိတ်ဓာတ်ကျတာ အဓိကဖြစ်ရတယ်လို့ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ သွားရောက်ကူညီပေးနေသူ ဦးသီဟမောင်မောင်က ပြောပါတယ်။

“ပထမတချက်ကတော့ ကပ်ရောဂါဖြစ်တဲ့အပေါ်မှာ လူတွေရဲ့ စိတ်ခံစားမှုပေါ့နော်။ စိတ်ဓာတ်ကျမှုလေးတွေ ပါသွားတာပေါ့”

မြန်မာနိုင်ငံသား ငါးသိန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း မလေးရှားနိုင်ငံ မြန်မာသံရုံးက စက်တင်ဘာလ ၁၆ ရက်နေ့မှာ မလေးရှားရောက် မြန်မာနိုင်ငံသား ၁၆၈ ဦးကို ၁၄ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် နဲ့ ပို့ဆောင်စီစဉ်နိုင်ခဲ့တယ်လို့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ နေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ အထောက်အထားမဲ့သူတွေ၊ ထိန်းသိမ်းရေး စခန်းတွေမှာ စောင့်ဆိုင်းနေတဲ့သူတွေကို ပြန်လည် ပို့ဆောင်နိုင်ဖို့ အလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-suicide-in-malaysia-during-pandemic-09162020174142.html

မလေးရှားမှာ အဆုံးစီရင်လို့ သေဆုံးသူ မြန်မာ ၁၇ ဦးရှိပြီ  မလေးရှားမှာ အဆုံးစီရင်လို့ သေဆုံးသူ မြန်မာ ၁၇ ဦးရှိပြီ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.