ကပ်ဘေးကာလမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် နေပြည်တော် ရောက်လာ

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျိချီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ စက်တင်ဘာ ၁ ရက်နေ့ နေပြည်တော်မှာတွေ့ရစဉ်


တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျိချီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်မှာ ဒီနေ့ညနေက လာရောက် တွေ့ဆုံခဲ့ပါတယ်။

ကပ်ဘေးကာလ နိုင်ငံတကာအစိုးရခေါင်းဆောင်တွေ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှု ဆိုင်းငံ့ထားချိန်မှာ လာရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာအစိုးရအပေါ်  ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့   ကပ်ဘေးကာလအတွင်းမှာကို ပြိုင်ဆိုင်မှု ပြင်းထန်နေတာကြောင့် တရုတ်ခေါင်းဆောင်က အခုလို လာ ရောက်တွေ့ဆုံတာ ဖြစ်နိုင်လို့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အဲဒီလို ယူဆသူတွေထဲမှာ အာဏာရပါတီ NLD ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် လည်း ပါဝင်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျိချီရဲ့ ခရီးစဉ်အတွင်းမှာ One Belt One Road – OBOR  လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဆောင်ရွက်ဖို့ကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထား ဆွေးနွေးမယ်လို့ ယူဆကြောင်း မုံရွာအောင်ရှင်က ပြောပါတယ်။

“ကျွန်တော်တို့ ဒေသမှာ တောင်တရုတ်ပင်လယ်ကိစ္စတွေရှိတယ်။ နောက်တခါ အမေရိကန်နဲ့ တရုတ်ရဲ့ ထိတွေ့မှုတွေ ပွတ်တိုက်မှုတွေ ရှိတယ်ပေါ့။ အဲဒီဟာတွေပေါ်မှာ အခြေခံပြီးတော့ ရောက်လာတယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ ကျွန်တော်မြင်တာ အဓိကကတော့ OBOR ကိစ္စပဲ အဓိက ဆွေးနွေးလိမ့်မယ်လို့ ထင်ပါတယ် တိုက်တွန်းလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတွက် တရုတ်နိုင်ငံက ဘယ်လောက်အထိ ပံ့ပိုးနိုင်မလဲ၊ ကူညီနိုင်မလဲ ဒါတွေကိုပဲ ဆွေးနွေးလိမ့်မယ်လို့ ထင်ပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မုံရွာအောင်ရှင်ဟာ NLD ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ တရုတ်နိုင်ငံ မကြာခဏ သွားရောက်လေ့လာခဲ့ဖူးသူ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် လာရောက်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသူ၊ တရုတ်မြန်မာနယ်စပ် ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကာလကြာရှည် နေထိုင်ခဲ့ဖူးသူ ဦးမောင်မောင်စိုးက ဒီနေ့လာရောက်တဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ယန်ကျိချီက နိုင်ငံခြားရေးမူဝါဒရေးရာကို ဆောင်ရွက်နေသူဖြစ်တာကြောင့် မူဝါဒ ခိုင်မာရေးကို အဓိကထားဆွေးနွေးမယ်လို့ ယူဆကြောင်း သုံးသပ်ပါတယ်။

"အနောက်အုပ်စုနဲ့ ဗမာအပေါ်  ဆက်ဆံရေးနဲ့ တရုတ်ရဲ့ ဗမာပြည်အစိုးရဆက်ဆံရေး မဲတင်းနေကြတယ်လို့ ထင်တယ်။ မကြာသေးခင်ကမှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန လာသွားသေးတယ်ဆိုတော့။ နောက်တစ်ချက် အနေနဲ့ ပြောမယ်ဆိုရင် တရုတ်အနေနဲ့ မြန်မာနိုင်ငံကနေဖြတ်ပြီ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြတ်ဖို့ ပိုပြီးခိုင်မာစေချင်တယ်လို့ ထင်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ ကိုဗစ်နိုင်တင်းကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပါဝင်မယ်လို့ ထင်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေ ပိုခိုင်မာစေချင်တယ်လို့ ထင်ပါတယ်။ အသေးစိတ် အချက်အလက်ကတော့ သူနဲ့ ပါချင်မှ ပါလာမှာပါ။"

တရုတ်နိုင်ငံမှာနေထိုင်ပြီး အခြေစိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုလေ့လာနေတဲ့ ဒေါက်တာ လှကျော်ဇောကတော့ ကပ်ဘေးကာလအလွန်မှာ စီပွားရေးလုပ်ငန်းတွေ ပြန်လည်ကောင်းမွန်နိုင်အောင် ကြိုးစားဖို့  တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျိချီက မြန်မာနိုင်ငံကို ရောက်နေသလို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ဥရောပနိုင်ငံတွေ ခရီးတွေထွက်ပြီး စီးပွားရေးနာလံထူဖို့ ဟန်ချက်ညီညီ လုပ်ဆောင်နေတာလို့ ထောက်ပြပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်နဲ့ ပဋိပက္ခတွေ ဖြစ်နေတာကြောင့် လက်ဦးမှုရအောင် တရုတ်နိုင်ငံ က ကြိုးစားနေတာလို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ဒီနှစ်ကုန်မှာ တရုတ်အနေနဲ့က အာဆီယံနဲ့ ပတ်သက်လို့ သူတို့မှာ စီမံကိန်းကြီး နှစ်ခုရှိတယ်။ တစ်ခုက အာဆီယံ ဆယ်နိုင်ငံနဲ့ ကျန်တဲ့ခြောက်နိုင်ငံနဲ့ပေါင်းပြီး ARCEP ပေါ့။ Regional Comprehensive Economic Partnership အဲဒီဟာ စာချုပ်ချုပ်ဖို့ သူတို့ တော်တော်စိုင်းပြင်းနေတယ်။ နောက်တစ်ခုက တောင်တရုတ် ပင်လယ်တွင်းမှာ Code of Conduct ပေါ့ အာဆီယံနဲ့ တရုတ်နဲ့ပေါင်းပြီးတော့ အဲဒီဟာအတွက်လည်း သူတို့ ပူပူပြင်းပြင်းလုပ်နေရတယ်။ တောင်တရုတ်ပင်လယ်တွင်းမှာ အမေရိကန်နဲ့ တရုတ်နဲ့ ပဋိပက္ခတွေ ပြင်းထန် နေတဲ့အခါမှာ တရုတ်က လက်ဦးမှုရှိရှိ အရင်ဦးအောင်လာပြီး ပြောပြီး စည်းရုံးနေတာနဲ့ တူပါတယ်။”

နိုင်ငံတကာမှာ တရုတ်က ကိုရိုနာဗိုင်းရစ်ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကူညီနိုင်တာ ကူညီမယ်လို့ ပြောဆိုထားတာကြောင့် ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ရုတ်တရက် မြင့်တက်နေတာကို ကူညီချင်တာလည်း ပါလိမ့်မယ်လို့ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

ရန်ကုန်မြို့အခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု လို့ ခေါ်တဲ့ ISP-Myanmar  အဖွဲ့က ဒေါ်ခင်ခင်ကျော်ကြီးကတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာ တရုတ်နိုင်ငံက စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ရေးကြိုးစားနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“တရုတ်ဘက်ကတော့ သူတို့အဆိုပြုထားတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့အတွက်တော့ တွန်းအား တွေရှိမှာပဲပေါ့နော်။ ပြည့်ပြည့်ဝဝဆိုတဲ့အနေမှာ ကျွန်မတို့ မြန်မာနိုင်ငံဘက်ကလည်း ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်နိုင်ငံရေး ပြည်တွင်းအခြေအနေ၊ နိုင်ငံတကာအခြေအနေနဲ့တော့ ချိန်ထိုးပြီး စဉ်းစားရမှာပေါ့။ အဓိကကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ တရုတ်နိုင်ငံအနေနဲ့က ဒီစီမံကိန်းရဲ့ အနာဂတ်ကို တစုံတစ်ရာ အတည်ပြုချင်တာမျိုးတော့ ရှိနိုင်ပါတယ်။”

ဒေါ်ခင်ခင်ကျော်ကြီးဟာ  ISP-Myanmar အဖွဲ့ရဲ့ တရုတ်အရေး လေ့လာမှုဌာနကို ဦးဆောင်နေသူ ဖြစ်ပါတယ်။  

နှစ်နိုင်ငံသံတမန် ထူထောင်တဲ့နှစ် ၇ဝ ပြည့် အထိမ်းအမှတ်အနေနဲ့ တရုတ် သမ္မတရှီကျင့်ဖျင်က ဒီနှစ်ဆန်းပိုင်းမှာပဲ နေပြည်တော်ကို ရောက်လာပါသေးတယ်။ တရုတ်သမ္မတခရီးစဉ်မှာ  ယန်ကျိချီလည်း ပါဝင်ခဲ့ပါတယ်။  ဒါပြီးရင် သူက စပိန်၊ ဂရိနိုင်ငံတို့ကို သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံက  မြန်မာနိုင်ငံမှာ နှစ်ရှည်စီးပွားရေးစီမံကိန်း အများအပြား ရှိနေပါတယ်။ အဲဒီ ထဲမှာ  ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်း၊ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည်စီမံကိန်းတို့က ထင်ရှားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/china-meets-dassk-winmyint-09012020053958.html

ကပ်ဘေးကာလမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် နေပြည်တော် ရောက်လာ ကပ်ဘေးကာလမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် နေပြည်တော် ရောက်လာ Reviewed by THITHTOOLWIN on 18:33 Rating: 5

No comments:

Powered by Blogger.