မြန်မာ ကိုဗစ်စည်းမျဉ်းတချို့ ပြောင်းလဲသတ်မှတ်

ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် အမျိုးသမီးတဦးကို ကိုယ်အပူချိန် တိုင်းပေးနေတဲ့ ဝန်ထမ်းတဦး။ (မတ် ၂၁၊ ၂၀၂၀)

COVID- 19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်နဲ့ အသွားအလာ ကန့်သတ်ခံထားရသူတွေအပေါ် ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ပြောင်းလဲလိုက်ပြီးတော့ မဲဆွယ်စည်းရုံးရေးကာလမှာ ပြည်သူတွေရောဂါကာကွယ်ရေး စည်းမျဉ်းတွေဆက်ပြီး လိုက်နာဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ပြည်တွင်းပိုးတွေ့လူနာတွေနဲ့ ရောဂါသံသယကြောင့် အသွားအလာကန့်သတ်ခံထားရသူတွေအပေါ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့အချက်တွေကို ဒီကနေ့ကစပြီး ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ခံထားရသူတွေကို အရင်က ရက်သတ္တပတ် ၃ပတ်တာကာလ သတ်မှတ်ထားပြီး၊ အခုတော့ ၁၄ရက်တာအဖြစ် Quarantine ကာလကို သတ်မှတ်လိုက်တာပါ။ အဲဒါအပြင် ရောဂါပိုးရှိလို့ ဆေးရုံတက်ရသူတွေ COVID- 19 Negative နှစ်ကြိမ်ဆက်တိုက်ပြမှ ဆေးရုံကဆေးခွင့်ရတဲ့အခြေအနေကနေ အခုအခါမှာတော့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ဆေးရုံဆင်းရတဲ့အဆင့်ကို ပြောင်းလဲလိုက်တဲ့အကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“Negative ၂ ကြိမ်ဆက်တိုက်ဖြစ်တဲ့အထိ ရဖို့အတွက် ရက် ၉၀ ကျော်ကြာတဲ့အခြေအနေထိ ရှိပါတယ်။ တချို့တွေက ရက် ၈၀ ကျော်ကြာပါတယ်။ အဲဒါဆိုတဲ့အခါကျတော့ မလိုအပ်ပဲနဲ့ သူတို့တွေက ဆေးရုံမှာအကြာကြီးနေရပြီးတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ရှိနိုင်တယ်။ သူဆေးရုံမှာအကြာကြီးနေရတော့ မိသားစုတွေကလည်း တာဝန်ပိုကြီးတယ်၊ ပင်ပန်းဆင်းရဲတယ်။ ပြီးတော့ ဒီလူနာကို စောင့်ကြပ်ကြည့်ရှုနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ဝန်ထုတ်၊ ဝန်ပိုးပိုဖြစ်တယ်။ သူတို့တွေ ဒီလိုမျိုးကြည့်နေရတဲ့အတွက်ကြောင့်မို့ တခြားတကယ်လိုအပ်တဲ့လူနာတွေကို အချိန်ပေးနိုင်ဖို့က အကန့်အသတ်ရှိတယ်။”

အခုလိုပြောင်းလဲလိုက်တာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လမ်းညွှန်ချက်အတိုင်း ဖြစ်ပြီး နိုင်ငံတကာမှာလည်း လူနာတွေကိုဆေးရုံဆေးခွင့်ပေးတဲ့ပုံစံ ပြောင်းလဲနေကြပြီလို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပါတယ်။ ဒါပေမဲ့လည်း WHO ရဲ့ Guideline ထဲမှာတော့ ရောဂါလက္ခဏာသက်သာသူတွေကို ဆေးရုံမှာ နောက်ထပ် ၃ရက်စောင့်ကြည့်ပြီးမှ ဆင်းခွင့်ပေးတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပိုပြီးစိတ်ချရအောင် စောင့်ကြည့်ရက်ကို တရက်တိုးထားတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပိုးတွေ့လူနာတွေအနေနဲ့ ဆေးရုံမှာအနည်းဆုံး ၁၄ ရက်တာ စောင့်ကြပ်ကုသမှု ခံယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါအတွက် ပြည်သူတွေလိုက်နာရမဲ့ အချက်ထဲမှာ တဦးနဲ့တဦး ခပ်ခွာခွာနေထိုင်ရမယ်ဆိုတာနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်နိုင်ဖို့ကလည်း ဒီရောဂါထိန်းချုပ်ကာကွယ်ရာမှာ အရေးကြီးဆုံး အချက်တွေဖြစ်နေပါတယ်။ ဒါတွေကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလအစမှာ ပြည်သူအားလုံး လိုက်နာရမယ့်ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေကို ဆက်ပြီးဆောင်ရွက်ဖို့ ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

“ဒီရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေ ဒီလိုမဲဆွယ်စည်းရုံး ကိစ္စရပ်တွေကြောင့် ပြည်သူလူထုရောဂါကူးစက်မှု မဖြစ်ပေါ်စေဖို့ ဒါကျမတို့စိတ်ထဲမှာ အဓိကထားပါတယ်။ ဒါ့အပြင် မဲပေးတဲ့အခါမှာလည်း စိတ်ချလုံခြုံစွာနဲ့ အန္တရာယ်ကင်းစွာ မဲပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ပြည်သူလူထုရဲ့လိုက်နာမှုလိုပါတယ်။ နောက်တခုက တတ်နိုင်လို့ရှိရင် လူစုလူဝေးထဲ မသွားတာအကောင်းဆုံးပါပဲ။ ကိုယ်အားပေးချင်တဲ့ပါတီ၊ ကိုယ်အားပေးချင်တဲ့လူကို အွန်လိုင်းမီဒီယာကနေတဆင့်လည်း အားပေးလို့ရပါတယ်။ အဲဒါကြောင့် ဒီလူကြားထဲကိုသွားမှရယ်လို့ မဟုတ်ပါဘူး။ တနည်းအားဖြင့်ဆို ကိုယ့်ကိုယ်ကူးစက်နိုင်မယ့်အခွင့်အလမ်းကတော့ ပြည်သူထဲမှာ လူအုပ်စုထဲကိုသွားပြီဆိုရင်တော့ ကူးစက်နိုင်တဲ့ အခွင့်အလမ်းက များပါတယ်။”

ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှု စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ကို သတ်မှတ်ထားပြီးတဲ့နောက် ကူးစက်နှုန်းတိုးလာနေတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ ခုကိုလည်း အပြင်ထွက်ခွင့် ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ အဲဒါအပြင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စည်းကမ်းချက်တွေချမှတ်ထားပြီး မလိုက်နာသူတွေကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတာတွေ ရှိလာပါတယ်။

အစိုးရရုံးတွေအခြေစိုက်ရာ နေပြည်တော်မှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေကို တဝက်တက် တဝက်နားရုံးတက်စနစ်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြန်လည်စတင်ဖို့ ဗဟိုကော်မတီကညွှန်ကြားထားတယ်လို့ သိရပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/myanmar-covid-instructions/5573682.html

မြန်မာ ကိုဗစ်စည်းမျဉ်းတချို့ ပြောင်းလဲသတ်မှတ် မြန်မာ ကိုဗစ်စည်းမျဉ်းတချို့ ပြောင်းလဲသတ်မှတ် Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.