ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းကြောင့် သင်္ဘောသားတွေနဲ့အတူ ကုန်တင်သင်္ဘောကြီးတစီး ပျောက်ဆုံးနေ

သင်္ဘောသား တယောက်ကို ဂျပန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်

တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဂျပန်ကမ်းလွန်အနီးမှာ နစ်မြုပ်သွားပြီလို့ ယူဆရတဲ့ ကုန်တင် သင်္ဘောတစီးပေါ်က လူတဦးကို ဂျပန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ပါတယ်။

အဲဒီသင်္ဘောပေါ်မှာ သင်္ဘောအမှုထမ်း ၄၀ ကျော် ပါသလို ကျွဲနွားတိရစ္ဆာန် ၆၀၀၀ ကျော် ကိုလည်း တင်ဆောင်လာတာပါ။

သူတို့ သင်္ဘောမှောက်သွားတယ်လို့ အသက်ကယ် ဝတ်စုံတစုံနဲ့ ပင်လယ်ထဲမျောနေခဲ့တဲ့ အဲဒီသင်္ဘောသားက ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်အနီး တိုက်ခတ်ခဲ့တဲ့ မိုင်ဆမ်ခ် (Maysak) တိုင်ဖွန်းမုန်တိုင်းနဲ့ ကြုံခဲ့ရပြီးတဲ့နောက် Gulf Livestock သင်္ဘောဟာ ဘေးအန္တရာယ်ကျရောက်နေပြီဆိုပြီး အရှေ့တရုတ်ပင်လယ်ထဲကနေ အချက်ပြခဲ့ပါတယ်။

ကျန်နေသေးတဲ့ သင်္ဘောအမှုထမ်းတွေနဲ့ သင်္ဘောတစီးလုံးကို ဆက်လက် ရှာဖွေနေပါတယ်။

ဒါပေမဲ့ အားလုံးကို အသက်ရှင်လျက် ပြန်တွေ့ဖို့ကတော့ မလွယ်ပါဘူး။

ကုန်တင်သင်္ဘောပေါ်ကြီးပေါ်က အမှုထမ်းတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက သင်္ဘောသား ၃၉ ယောက်၊ နယူးဇီလန်က နှစ်ယောက်နဲ့ သြစတြေးလျက နှစ်ယောက် ပါ ပါတယ်။

သင်္ဘောကြီး ဘာဖြစ်ခဲ့တာလဲ

အခု ကယ်ဆယ်ထားလိုက်နိုင်တဲ့ သင်္ဘောသားဟာ ဖိလစ်ပိုင်က ဖြစ်တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

သင်္ဘောကြီး မမှောက်ခင် လှိုင်းလုံးကြီးတလုံးနဲ့ ဝင်ဆောင့်မိပြီး သင်္ဘော အင်ဂျင်ပျက်စီးသွားတယ်လို့ အဲဒီသင်္ဘောသားက ဆိုပါတယ်။

သူတို့ သင်္ဘော အမှုထမ်းတွေ အားလုံးကို အသက်ကယ် ဝတ်စုံ ဝင်ဆင်ထားဖို့ ညွှန်ကြားခံရပြီးတဲ့နောက် ရေထဲကို သူခုန်ချခဲ့တယ်လို့ အသက် ၄၅ နှစ်အရွယ် အရာရှိ ဆရီနို အယ်ဒရာဒို (Sareno Eduarodo) က ပြောပါတယ်။

သူ့ကို မကယ်တင်နိုင်သေးခင် တခြား ဘယ်လုပ်ဖော်ကိုင်ဖက်ကိုမှ သူ မတွေ့မိဘူးလို့ ဆိုပါတယ်။

သူ အဆင်ပြေပြေ ဘေးကင်းတဲ့အကြောင်း ဆေးရုံပေါ်ကနေ ဖုန်းဆက်ပြောခဲ့တယ်လို့ မစ္စတာ အယ်ဒရာဒိုရဲ့ ဇနီးက ဘီဘီစီကို ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပုံတွေကို ဂျပန်ကမ်းခြေစောင့်တပ် ထုတ်ပြန်

Gulf Livestock ကုန်တင်သင်္ဘောကြီးဟာ သြဂုတ်လ ၁၄ ရက်နေ့က နယူးဇီလန် နိုင်ငံကနေ တရုတ်နိုင်ငံကို ဦးတည် ထွက်ခွာ လာတာဖြစ်ပြီး ခရီးစဉ် ကြာချိန် ၁၇ ရက်လောက် ရှိမယ်လို့ ခန့်မှန်းတွက်ဆခဲ့ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီသင်္ဘောကြီးဟာ ဗုဒ္ဓဟူးနေ့ညမှာ ဘေးအန္တရာယ် ကျရောက်နေပြီဆိုပြီး ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက အမ်မာမီ အိုရှီးမားကျွန်း အနောက်ဘက် ရေပြင်ထဲကနေ အချက်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနကတော့ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ရှိတဲ့ သူတို့ ကောင်စစ်ဝန်ရုံးဟာ "အခြေအနေ စောင့်ကြည့်စစ်ဆေးနေပြီး အဲဒီက အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်" လို့ ပြောပါတယ်။

မကြာခင်မှာ နောက်ထပ် တိုက်ခတ်လာနိုင်တယ်လို့ မှန်းဆထားကြတဲ့ တိုင်ဖွန်းမုန်တိုင်းမတိုင်ခင် ဂျပန်ကမ်းခြေစောင့်တပ်ဟာ "ရှာဖွေကယ်ဆယ်ရေးတွေ ဒုတိယအကြိမ် ထပ်လုပ်နေတယ်"လို့ သတင်းထုတ်ပြန်ပါတယ်။

တိုင်ဖွန်းကြောင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန် ဆိပ်ခံတံတားက ကွန်တိန်နာတွေ လဲပြိုကျ

အသက် ၃၈ နှစ်အရွယ် လီဇယ် ပီတိုဂိုဟာ အဲဒီသင်္ဘောပေါ်မှာ ပါသွားတဲ့ သင်္ဘောသား ခင်ပွန်းဖြစ်သူ လင်ဒန်နဲ့ အင်္ဂါနေ့ ညနေခင်းမှာ နောက်ဆုံး ဖုန်းပြောခဲ့ပါတယ်။

သူတို့တွေ တရုတ်နိုင်ငံကို သွားနေကြပေမယ့် ရာသီဥတုကိုတော့ နည်းနည်း စိတ်ပူနေတယ်လို့ ခင်ပွန်းသည်က ပြောတဲ့အကြောင်း သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။

"ဗုဒ္ဓဟူးနေ့မှာ သူ့ဖုန်းကို ဆက်လို့ မရတော့ဘူး။ ပင်လယ်ထဲမှာဆိုတော့ လိုင်းမကောင်းလို့ ဖြစ်မှာပါလို့ ကျွန်မ ထင်ခဲ့မိတာ။ ဒါပေမဲ့ ကုန်တင်သင်္ဘောတစီး ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းကို သင်္ဘောသားတယောက်ရဲ့ ဇနီးက ဖေ့စ်ဘွတ်ခ် ပေါ်မှာ တင်ထားတာ တွေ့တော့ တခြား သင်္ဘောသားတွေရဲ့ ဇနီးသည်တွေကို ကျွန်မ ဆက်သွယ်ပြီး လိုက်မေးဖြစ်တယ်" လို့ မစ္စ ပီတိုဂိုက ပြောပါတယ်။

သင်္ဘောအမှုထမ်းတွေရဲ့ မိသားစုဝင်တွေကို အဲဒီမှာရှိတဲ့ သူတို့ကောင်စစ်ဝန်ရုံးတွေက အကူအညီပေးနေတယ်လို့ သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံလုံးက ပြောပါတယ်။

ပနားမားနိုင်ငံ အလံလွှင့်ထူထားတဲ့ Gulf Livestock ကုန်တင်သင်္ဘောကြီးကို ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့တာပါ။

တိုင်ဖွန်းမုန်တိုင်းနဲ့အတူ အဲဒီဒေသမှာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးအဆက်အပြတ် ရွာသွန်းနေတာကြောင့် သင်္ဘောရှာဖွေကယ်ဆယ်ရေး လုပ်ငန်းရပ်တွေမှာ အဟန့်အတားဖြစ်နေပါတယ်။

တိုင်ဖွန်းမုန်တိုင်းက ဘယ်လောက် အားပြင်းသလဲ

အရှေ့တရုတ်ပင်လယ်ထဲကို ဖြတ်ဝင်တိုက်ခတ်သွားပြီးတဲ့နောက် မိုင်ဆမ်ခ် တိုက်ဖွန်းမုန်တိုင်းဟာ ကြာသပတေးနေ့မှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယား ဆိပ်ကမ်းမြို့ ဘူဆန်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ဒီမုန်တိုင်းကြောင့် အနည်းဆုံး လူတယောက် သေဆုံးခဲ့ပြီး လူ ၂,၂၀၀ ကျော်ကိုလည်း ကူညီကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။

အဲဒီဒေသက လူနေအိမ်ပေါင်း ၁၂၀,၀၀၀ နီးပါးမှာလည်း လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

လေပြင်းမုန်တိုင်းတွေကြောင့် ဘူဆန်မြို့ လမ်းမတွေပေါ်မှာ ရေတွေ ကြီးခဲ့ပါတယ်။

လေယာဉ်တွေနဲ့ သင်္ဘောခရီးစဉ်တွေကိုလည်း လောလောဆယ် ဆိုင်းငံ့ထားလိုက်ပါတယ်။ မိုင်ဆမ်ခ် တိုင်ဖွန်းမုန်တိုင်းဟာ နှစ်ပေါင်းများစွာအတွင်း ဘူဆန်မြို့မှာ တိုက်ခတ်တဲ့ အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခု ဖြစ်ပါတယ်။ အခုတော့ ဒီမုန်တိုင်းဟာ မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး မြောက်ကိုရီးယားနိုင်ငံတွင်းက ကမ်ချက်ခ်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စံချိန်တင် မိုးရာသီနဲ့ ကြုံတွေ့ခဲ့ရသလို ဒီနှစ်နွေရာသီမှာလည်း နေရာအနှံအပြား ရေကြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54015886

ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းကြောင့် သင်္ဘောသားတွေနဲ့အတူ ကုန်တင်သင်္ဘောကြီးတစီး ပျောက်ဆုံးနေ  ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းကြောင့် သင်္ဘောသားတွေနဲ့အတူ ကုန်တင်သင်္ဘောကြီးတစီး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.