နာဗာ့နီ အခတ်ခံရတဲ့ နိုဗီချော့အဆိပ်က ဘယ်လို ထိခိုက်တတ်သလဲ

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇေ နာဗာ့နီကို ဂျာမနီမှာ ကုသဖို့ ခေါ်ယူထားပြီး လက်ရှိအချိန်အထိ သတိလစ်မေ့မျောနေဆဲဖြစ်

ဂျာမနီနိုင်ငံကို ဆေးကုသဖို့ လေယာဉ်ပျံနဲ့ အရေးပေါ်တင်လာရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇေ နာဗာ့နီဟာ နိုဗီချော့ ဓာတုအဆိပ် အခတ်ခံ ထားရတာ ဖြစ်ကြောင်း ဂျာမနီအစိုးရက ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ရုရှားပြည်တွင်း ဆိုက်ဘေးရီးယားဒေသ လေကြောင်းခရီးစဉ်တစ်ခုမှာ ရုတ်တရက် နာမကျန်းဖြစ်သွားတဲ့ နာဗာ့နီကို ဂျာမနီမှာ ကုသဖို့ ခေါ်ယူထားတာဖြစ်ပြီး လက်ရှိအချိန်အထိ သတိလစ်မေ့မျောနေဆဲ ဖြစ်ပါတယ်။

သူအခုလို မိထားတယ်ဆိုတဲ့ နိုဗီချော့ ဓာတုအဆိပ်ကို ရုရှားသူလျှိုတစ်ဦးဖြစ်တဲ့ ဆာဂေး စခရစ်ပဲလ်နဲ့ သမီးဖြစ်သူ ယူလီယာတို့လည်း ၂၀၁၈ ခုနှစ်က ယူကေနိုင်ငံ ဆော့လ်စ်ဘရီ မြို့မှာ မိသွားခဲ့ဖူးပြီး လက်ရှိ နာဗာ့နီနဲ့ အဲဒီ ၂၀၁၈ ခုနှစ်က အဆိပ်မိမှု နှစ်ခုစလုံးမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။

ဂျာမနီက ကျွမ်းကျင်သူတွေ ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရကို နိုင်ငံတကာက ရှုတ်ချဝေဖန်မှုတွေ ပေါ်ထွက်လာ

စစ်ရေးလက်နက်အဆင့်ရှိတဲ့ နိုဗီချော့အဆိပ်

နိုဗီချော့ ဆိုတာဟာ ရုရှားဘာသာနဲ့ တက်သစ်စ လို့ အဓိပ္ပာယ်ရပြီး ဆိုဗီယက်ပြည်ထောင်စုက ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဖော်စပ်ခဲ့တဲ့ အဆင့်မြင့် ဓာတုအဆိပ် အုပ်စုတစ်မျိုးကို ခေါ်တာ ဖြစ်ပြီး တခြားနိုင်ငံက ပညာရှင်တွေ ထောက်လှမ်းတွေ့ရှိဖို့ ခက်ခဲအောင် ဖော်စပ်ထားတယ်လို့ ဆိုပါတယ်။

ဒီအဆိပ်ဖော်စပ်ထားတဲ့အကြောင်းကို ရုရှားဓာတုဗေဒပညာရှင် ဗီလ် မီဇားယနော့ဗ်က ၁၉၉၀ ပြည့်နှစ်တွေမှာ ရုရှားမီဒီယာတွေက တစ်ဆင့် ထုတ်ပြန်လိုက်ပြီး သူနောက်ပိုင်း အမေရိကန်နိုင်ငံကို ထွက်ပြေးပြီးနောက်ပိုင်းမှာ ရေးသားထုတ်ဝေတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်ဆိုတဲ့ စာအုပ်မှာတော့ အဲဒီ အဆိပ်ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံ အသေးစိတ်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အဲဒီ နိုဗီချော့အဆိပ်တချို့ မူကွဲတွေဆိုရင် လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်သူ အခတ်ခံရပြီး သေဆုံးစေခဲ့တဲ့ ဗီအိတ်က်စ် ဓာတုအဆိပ်ထက် ငါးဆကနေ ရှစ်ဆအထိ ပြင်းတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံ ရက်ဒင်းတက္ကသိုလ်က ဆေးသုတေသနကျွမ်းကျင်သူ ပါမောက္ခ ဂယ်ရီ စတီဖန်ကလည်း အဲဒီ နိုဗီချော့အဆိပ်ဟာ ဗီအိတ်က်စ် ဒါမှမဟုတ် စစ်အေးတိုက်ပွဲကာလမှာ အမေရိကန်ဦးဆောင်တဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ နေတိုးနဲ့ ဆိုဗီယက်ပြည်ထောင်စု နှစ်ဘက်စလုံးက အသုံးပြုခဲ့တဲ့ ဆယ်ရင် ဓာတုအဆိပ်တွေထက် ပိုအန္တရာယ်ကြီးပြီး ပိုပြီး ထောက်လှမ်းတွေ့ရှိဖို့လည်း ခက်ခဲတဲ့ အဆင့်မြင့် ဓာတုအဆိပ်ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဗီချော့အုပ်စုဝင် ဓာတုအဆိပ်တွေဟာ အငွေ့ပျံမသွားတတ်သလို ရေထဲမှာလည်း ပျော်ဝင်မသွားတဲ့ အဆိပ်အမျိုးအစားဖြစ်

နိုဗီချော့က ဘယ်လောက်ကြာရင် အာနိသင်လျော့နိုင်သလဲ

နိုဗီချော့အဆိပ်ရဲ့ သက်ရောက်မှု အာနိသင် ဘယ်လောက်ကြာကြာအထိ ရှိသလဲဆိုတဲ့ ကိစ္စမှာတော့ ပညာရှင်တွေ အကြား ကွဲလွဲနေကြပါတယ်။

ဒေါက်တာ မီဇားယနော့ဗ်ရဲ့ အဆိုအရဆိုရင် ဒီအဆိပ်က လူနဲ့ မထိတွေ့ဘဲ လနဲ့ ချီလာရင်တော့ အာနိသင် မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၈ ဆာဂေး စခရစ်ပဲလ် မိသားစု အခတ်ခံရတဲ့ နိုဗီချော့အမျိုးအစားကို ဖန်တီးသူလို့ ဆိုတဲ့ ဗလာဒီမီယာ အူးဂလက်ဗ်အပါအဝင် တခြားကျွမ်းကျင်သူတွေကတော့ ဒီအဆိပ်ဟာ ရေရှည်အာနိသင်ရှိနေတာ ဖန်တီးထားတာ ဖြစ်ပြီး လနဲ့ နှစ်နဲ့ချီပြီးကြာတဲ့အထိ အာနိသင် ရှိအောင် သိမ်းဆည်းထားနိုင်တယ်လို့ ပြောဆိုခဲ့ကြတာလည်း ရှိနေပါတယ်။

လန်ဒန်တက္ကသိုလ်ကောလိပ် UCL က သဘာဝမဟုတ်သော ဓာတုဖွဲ့စည်းပုံဆိုင်ရာ ပါမောက္ခဖြစ်သူ အန်ဒရေယာ ဆယ်လာကတော့ အဲဒီ နိုဗီချော့အုပ်စုဝင် ဓာတုအဆိပ်တွေဟာ အငွေ့ပျံမသွားတတ်သလို ရေထဲမှာလည်း ပျော်ဝင်မသွားတဲ့ အဆိပ်အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအဆိပ်ကို အခြားဓာတုအဆိပ်တွေထက် သိပ္ပံနည်းကျ လေ့လာထားတာ နည်းသေးတဲ့အတွက် ဘယ်လောက်အထိ ကြာကြာ အာနိသင်ရှိသလဲဆိုတဲ့ ပညာရှင်များ အသိအမှတ်ပြု သိပ္ပံအချက်အလက်တော့ ရှိမထားသေးပါဘူး။

တချို့ နိုဗီချော့မူကွဲတွေက အရည်ဖြစ်ပေမဲ့ တချို့ကတော့ အဆိုင်အခဲပုံစံဖြစ်တဲ့အတွက် ဒါကိုတော့ အလွန်သေးငယ်တဲ့ အမှုန်လေးတွေ အဖြစ် ဖြန့်ကြက်ထားလို့ ရနိုင်ပြီး တချို့ နိုဗီချော့ အမျိုးအစားတွေကတော့ သိပ်မပြင်းထန်တဲ့ အဆိပ် နှစ်မျိုးကို ပေါင်းစပ်ပြီး ဖန်တီးရတာ ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူ သယ်ယူ ပို့ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလို နှစ်မျိုးစပ်ပြီး ဖန်တီးလို့ရတဲ့ နိုဗီချော့တမျိုးကို ဖန်တီးတယ် ဆိုတာကလည်း တစ်ခုချင်းဆိုရင် တားမြစ်စာရင်းထဲ မဝင်အောင် ရည်ရွယ်ပြီး ဖန်တီးတာ ဖြစ်တယ်လို့ ပါမောက္ခ စတီဖင်က ပြောပါတယ်။

နိုဗီချော့အဆိပ်က ကြွက်သားနဲ့ အာရုံကြောတွေအကြား ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်ပြီး ကိုယ်တွင်းအင်္ဂါတချို့ အလုပ်မလုပ်အောင် ထိခိုက်စေ

နိုဗီချော့က လူ့ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်တာလဲ

နိုဗီချော့ဟာ အခြားဓာတုအဆိပ်တွေထက် ပြင်းထန်တဲ့ အဆိပ်ဖြစ်တဲ့အတွက် တချို့ နိုဗီချော့အမျိုးအစားတွေဆိုရင် စက္ကန့် သုံးဆယ်ကနေ နှစ်မိနစ်အတွင်း မိသွားတဲ့ လူမှာ အာနိသင်ပြနိုင်ပြီး ဒီအဆိပ်ကို ရှူမိတာ၊ အစားအစာနဲ့ ရောပြီး စားမိတာနဲ့ အရေပြားနဲ့ ထိမိရာကတစ်ဆင့် အဆိပ်မိတာ မျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုဗီချော့အဆိပ်ရဲ့ ထိခိုက်စေတဲ့ ပုံစံကတော့ အခြား ဓာတုအဆိပ်တွေရဲ့ ထိခိုက်စေတဲ့ ပုံစံနဲ့ ဆင်တူပြီး ကြွက်သားနဲ့ အာရုံကြောတွေအကြား ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်တဲ့အတွက် ကိုယ်တွင်းအင်္ဂါတချို့ အလုပ်မလုပ်နိုင်တော့တဲ့ ထိခိုက်စေမှုမျိုး ဖြစ်ပါတယ်။

ဒီအဆိပ် မိရင် ကနဦးပြတတ်တဲ့ လက္ခဏာကတော့ မိုင်ယိုးစစ်စ် လို့ခေါ်တဲ့ မျက်လုံးသူငယ်အိမ် တင်းကျပ်ပြီး ကျဉ်းသွားတဲ့ လက္ခဏာဖြစ်တယ်လို့ ဒေါက်တာ မီဇားယနော့ဗ်က ပြောပါတယ်။

ဒီအဆိပ်မိတဲ့ ပမာဏများရင်တော့ တစ်ကိုယ်လုံး အကြောဆွဲသလို ဖြစ်လာပြီး အသက်ရှူသံလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်လာမယ်လို့ သူက ဆိုပါတယ်။

ဒီလိုဖြစ်လာရာကနေ ဆက်လက် အကြောဆွဲနေပြီး အော့အန်တာတွေလည်း ဖြစ်လာအပြီးမှာတော့ အသက်သေဆုံးတဲ့ အဆင့် ရောက်သွားတာလို့ သူက ဆက်ပြောပါတယ်။

ဒီလို အဆိပ် စမိတဲ့ ကာလကနေ သေဆုံးတဲ့အထိ ကာလစပ်ကြားမှာ တခြား အဆိပ်မိတဲ့ လက္ခဏာတွေလည်းဖြစ်တဲ့ သတိလစ်တာ၊ အဆုတ်ထဲမှာ သလိပ်ထွက်များလာတာ၊ အစပိုင်း သွေးတိုး နှလုံးခုန် မြန်လာပြီး နောက်ပိုင်း သွေးကျ နှလုံးခုန်နှေးတာ၊ မူးဝေ အော့အန်ပြီး ဝမ်းလျှောတာ၊ ချွေးထွက်လွန်တာတွေလည်း ဖြစ်နိုင်ပြီး နောက်ဆုံးမှာ အသက်ရှူကြပ်တာ ဒါမှမဟုတ် နှလုံးအမောဖောက်ပြီး သေဆုံးတတ်တာမျိုး ဖြစ်တယ်လို့ ယူကေနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကလည်း လေ့လာထုတ်ပြန်ထားပါတယ်။

ဒီ နိုဗီချော့အဆိပ်အတွက် atropine နဲ့ athene တို့ကို ဖြေဆေးအဖြစ် ပေးနိုင်ပေမဲ့ ဒီဆေးတွေက အဆိပ်ရဲ့ သက်ရောက်မှုကိုသာ ဆိုင်းငံ့ထားနိုင်ပြီး တကယ်ပျောက်ကင်းသွားစေတဲ့ ဆေးတော့မဟုတ်ဘူးလို့ဒေါက်တာ မီဇားယနော့ဗ်က ပြောပါတယ်။

ဒီအဆိပ်မိသွားသူအနေနဲ့ အဝတ်အစားတွေချွတ်ပစ်ပြီး တစ်ကိုယ်လုံးကို ရေနဲ့ ဆပ်ပြာသုံးဆေးကြောကာ၊ မျက်လုံးကိုလည်း ရေဆေးပေးရမယ့်အပြင် နောက်ပိုင်းမှာ အောက်စီဂျင်ပေးထားဖို့လည်း လိုမယ်လို့ သူက ဆက်ပြောပါတယ်။

နိုဗီချော့အဆိပ်ကို တစ်စုံတစ်ဦးက မိထားတယ်ဆိုရင် ဒါကို အတည်ပြုနိုင်ဖို့အတွက် တချို့နိုင်ငံတွေရဲ့ အစိုးရတွေက ဒါကို ဓာတ်ခွဲခန်းထဲမှာ ပမာဏနည်းနည်း ဖန်တီးထားနိုင်

နိုဗီချော့အဆိပ်ကို ဘယ်လို လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ဖော်စပ်နိုင်သလဲ

နိုဗီချော့အဆိပ်ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံကို ဒေါက်တာမီဇားယနော့ဗ်ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပြီးသားဖြစ်ရာမှာ ဒီအဆိပ်ကို သုံးနေတယ်လို့ စွပ်စွဲခံနေရတဲ့ ရုရှားဘက်က ခုခံပြောဆိုရာမှာတော့ တခြားနိုင်ငံနဲ့ အဖွဲ့အစည်းတွေကလည်း ဖော်စပ်နိုင်ခြေ ရှိတယ် ပုံစံမျိုးနဲ့လည်း တုံ့ပြန်ခဲ့ပါတယ်။

ဒေါက်တာ မီဇားယနော့ဗ်ကတော့ ရုရှားဟာ ပထမဆုံး ဒီအဆိပ်ကို တီထွင်ပြီး လက်နက်အဖြစ် အသုံးပြုတဲ့ အတွေ့အကြုံလည်း ရှိတဲ့အတွက် ဆာဂေး စခရစ်ပဲလ် နိုဗီချော့အဆိပ်ခပ်ခံရမှုရဲ့ နောက်ကွက်မှာ ရုရှားရဲ့ ပတ်သက်မှု ရှိရမယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကတော့ ဆိုဗီယက်ပြည်ထောင်စုလက်ထက်က ဖော်စပ်ခဲ့တဲ့ ဓာတုအဆိပ်တွေနဲ့ ပတ်သက်လို့ ၁၉၉၂ မှာ သုတေသနပြုမှုတွေ ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ စုဆောင်းသိမ်းဆည်းထားတဲ့ ဓာတုအဆိပ်လက်နက် တန်ချိန် ၃၉,၉၆၇ ကို ဖျက်ဆီးခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ဒါကို နိုင်ငံတကာ ဓာတုလက်နက် တားဆီရေး အစည်းအရုံး OPCW ကလည်း အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ နိုဗီချော့ အမျိုးအစား ဓာတုအဆိပ်တွေကို အမည်နဲ့တကွ ရုရှားဘက်က OPCW ကို ဘယ်တုန်းကမှ ထုတ်ဖော်ကြေညာတာ မရှိခဲ့ဘဲ ဒီအဆိပ်တွေရဲ့ ဓာတုဖွဲ့စည်းပုံအပေါ် ရှင်းရှင်းလင်းလင်း သိထားတာ မရှိတာကြောင့် တစ်ကြောင်းလည်း ဒီအဆိပ်ဟာ တားမြစ်ဓာတုပစ္စည်းစာရင်းမှာ မပါဝင်ခဲ့ဘူးလို့ လိဒ်စ် တက္ကသိုလ်က ပါမောက္ခ အဲလက်စတာ ဟေးက ပြောပါတယ်။

နိုဗီချော့အဆိပ်ကို တစ်စုံတစ်ဦးက မိထားတယ်ဆိုရင် ဒါကို အတည်ပြုနိုင်ဖို့အတွက် တချို့နိုင်ငံတွေရဲ့ အစိုးရတွေက ဒါကို ဓါတ်ခွဲခန်းထဲမှာ ပမာဏနည်းနည်း ဖန်တီးပြီး သိမ်းဆည်းထားတာမျိုးတော့ ရှိနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

နာဗာ့နီစတင် အဆိပ်မိခံရတယ်လို့ ယူဆရတဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ အပြီး နှစ်ပတ်ကျော်အကြာ စက်တင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဒီလို အဆိပ်ခတ်ခံရတာ စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ရုရှားအစိုးရကို ရှုတ်ချဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။


မစ္စတာ ထရမ့်က ဒီကိစ္စကို ရုရှားလုပ်တယ်ဆိုတဲ့ သက်သေကို သူမတွေ့ရသေးတဲ့အတွက် ဒီလို ငြင်းဆန်တာလို့ ပြောဆိုခဲ့ပြီး သတင်းသမားတွေအနေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ တရုတ်အစိုးရဘက်ကိုသာ အာရုံပိုစိုက်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂျာမနီနဲ့တကွ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ နေတိုး ကတော့ ဒီကိစ္စကို ရုရှားဘက်က လုပ်တယ်ဆိုတာ သံသယဖြစ်စရာမလိုတော့တဲ့ သက်သေအထောက်အထားရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရုရှားဘက်ကတော့ ဒါကို ငြင်းဆိုတဲ့အပြင် ၁၉၉၂ နိုင်ငံတကာ ဓာတုလက်နက်ထိန်းချုပ်ရေး စာချုပ်အရ ၂၀၂၃မှာ ဓာတုအဆိပ်လက်နက်အားလုံး ဖျက်ဆီးပေးရမယ့် အမေရိကန်အစိုးရဟာ ဓာတုအဆိပ်လက်နက် အမျိုး ၁၅၀ ကျော် တရားဝင်မှတ်ပုံတင်ထားပြီး ရုရှားကတော့ ၂၀၁၇ ကတည်းက အားလုံး ဖျက်ဆီးပြီးသားဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာမနီဘက်က သူတို့ရဲ့ တွေ့ရှိမှု သက်သေတွေကို ရုရှားကို အခုအထိ ပြသတာမျိုး မရှိသေးဘူးလို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ နေတိုးအဖွဲ့ဘက်ကလည်း ၂၀၁၈ ဆာဂေး စခရစ်ပဲလ် ဓာတုအဆိပ်သင့်မှုဟာ ရုရှားဘက်မှာ ဓာတုလက်နက်တွေအားလုံး တကယ် မဖျက်ဆီးခဲ့တာကို ပြနေတယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပြီး ရုရှားရဲ့ နိုဗီချော့ဓာတုအဆိပ် ထုတ်လုပ်နေတဲ့ အစီအမံတွေကို နိုင်ငံတကာ စောင့်ကြည့်သူတွေကို စစ်ဆေးခွင့်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။


BBC Burmesea

https://www.bbc.com/burmese/world-54047657

နာဗာ့နီ အခတ်ခံရတဲ့ နိုဗီချော့အဆိပ်က ဘယ်လို ထိခိုက်တတ်သလဲ  နာဗာ့နီ အခတ်ခံရတဲ့ နိုဗီချော့အဆိပ်က ဘယ်လို ထိခိုက်တတ်သလဲ Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.