တစ်ကျော့ပြန် ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဖို့မရှိဘူးလို့ပြော

ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက် (Standard Operating Procedure - SOP ) နှင့်အညီဆန္ဒမဲပေးခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြ

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုတွေ တစ်ကျော့ပြန်ပြီး မြင့်တက်လာမှုတွေရှိပေမဲ့လည်း လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လတ်တလော ရွှေ့ဆိုင်းဖို့မရှိဘူးလို့ ရွှေးကောက်ပွဲကော်မရှင်က ပြောခွင့်ရသူ ဦးမြင့်နိုင်က သတင်းထောက်တွေကို ပြောပါတယ်။

လတ်တလော ရန်ကုန်နဲ့ ရခိုင်ပြည်နယ်တို့မှာသာ ကူးစက်မှု အဖြစ်များနေပြီး တခြား ပြည်နယ်နဲ့ တိုင်းတွေမှာတော့ သိသိသာသာ မြင့်တက်လာတာမျိုး မရှိသေးကြောင်းလည်း သူက ပြောပါတယ်။

အကယ်၍ ရောဂါဖြစ်ပွားမှုတွေက ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိပါက လာမယ့် အောက်တိုဘာလ အတွင်း ထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ကိုဗစ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်မှာ ရက်ပိုင်းအတွင်း ရာနဲ့ချီတဲ့ ကူးစက်မှုတွေရှိခဲ့ပါတယ်။

ရန်ကုန်မှာလည်း သြဂုတ်လ ၃၀ ရက်ခန့်ကစပြီး စံချိန်တင်ကူးစက်မှုတွေ ရှိလာပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်ကိုလည်း နေအိမ်မှာ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

တစ်နိုင်ငံလုံး ကိုဗစ်လူနာအရေအတွက် ၉၉၅ ဦးထဲမှာ ရန်ကုန်မှာတင် ၄၀၀ ကျော်အထိရှိနေပြီး ရခိုင်မှာတော့ ၄၄၁ ဦးအထိရှိလာနေပါတယ်။ ရခိုင်နဲ့ ရန်ကုန်က ပြည်တွင်းကူးစက်မှုနှုန်းတွေ အမြင့်ဆုံး ဖြစ်နေတဲ့ နေရာနှစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲရက်ပိုင်း တစ်ရက်အတွင်းပိုးတွေ့သူ လူနာ ၁၀၇ ဦးနဲ့စိချိန်သစ်တင်ထား

တကယ်လို့ အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ဒေသတွေမှာတော့ ရွေးကောက်ပွဲ ရွေ့နိုင်တယ်အခြေအနေ ရှိတယ်လို့ လည်းကော်မရှင်က ပြောပါတယ်။

လာမယ် အောက်တိုဘာလမှာ တစ်နိုင်ငံလုံး ဖြစ်လာတဲ့ အခြေအနေ နဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းမရှိတဲ့ နယ်မြေတွေနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ရှိတဲ့ နေရာတွေကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

နယ်မြေလုံခြုံရေးကြောင့် ဝနယ်မြေက ၅ မြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်၊ကျေးရွာအချို့ ကတော့ ကျင်းပရန်မသင့်ဘူးလို့ တပ်မတော်ဘက် တင်ပြထားတာ ရှိတယ်လို့ လည်းကော်မရှင်က ပြောပါတယ် ။

ကိုဗစ်ကာလ ကျင်းပမယ့်ရွေးကောက်ပွဲ ကာလအတွင်း စိုးရိမ်ကြောင့်ကြမှုမရှိဘဲ မဲပေးသူတွေ စိတ်ချမ်းသာသာနဲ့ မဲပေးနိုင်ရေးအတွက်လည်း ကြိုတင်စီစဥ် ထားတယ်လို့လည်း ဦးမြင့်နိုင်က ပြောပါတယ်။

ကိုဗစ်ကာလ အတွင်းရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ စင်ကာပူ နဲ့ ကိုရီးယားတို့ကို နမူနာယူပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသလို မဲရုံတွေကိုလည်း တိုးချဲ့ထားတယ်လို့လည်း သူက ရှင်းပြပါတယ်။

လက်ရှိ ကိုဗစ်ကာလ မဲပေးရေးအတွက်လည်း မဲရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်ပင်ညှိနှိုင်းပြီး ကိုဗစ်စည်းကမ်းတွေအတိုင်း မဲပေးနိုင်ရေးနဲ့ လိုအပ်ပါက မဲရုံအရေအတွက်ကို တိုးချဲ့သွားမယ်လို့ လည်း သူက ပြောပါတယ်။

မဲရုံတွေကို ကိုဗစ်ရောဂါ ကြောင့်ထပ်မံ တိုးချဲ့ထားတယ်လို့ပြော

တကယ်လို့ ရွေးကောက်ပွဲ အချိန်မီ မလုပ်နိုင်ရင် လက်ရှိအခြေခံဥပဒေအရ ကာလုံ ခေါ်ပြီး တပ်မတော်ကို အာဏာအပ်ရမယ်လို့ နိုင်ငံရေး လေ့လာသူတချို့ကြားမှာ ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ခု တွေ့ဆုံခဲ့ပြီး လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ တပ်မတော်က ဘယ်လို ဆောင်ရွှက်ပေးမလဲ၊ အကယ်၍ ရွေးကောက်ပွဲကို ကော်မရှင်က ရိုးဖြောင့်စွာ ကျင်းပပေးခြင်းခြင်း မရှိပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဝင်ရောက်ထိန်းကျောင်းပေးရန်နဲ့ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီခေါ်ယူဖို့ စတဲ့ အ ချက်တွေကို တောင်းဆိုတင်ပြခဲ့တယ်လို့ အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့သူ အချို့ကပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဦးလှသိန်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည် မရှိကြောင်းနဲ့ ဘက်လိုက်မှုများ ရှိနေကြောင်း အားလုံးက တစ်အုပ်စုတည်းဖြစ်နေလို့ တိုင်တန်း စရာမရှိတော့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြခဲ့တယ်လို့လည်း တက်ရောက်ခဲ့သူတွေဆီကနေ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကော်မရှင်ဘက်က သဘောထားကို စက်တင်ဘာ ၂ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ကော်မရှင်ဘက်က သဘောထားပေးရန်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar

ဒါ့အပြင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မဲရုံတွေ တပ်ပြင် ထုတ်လာဖို့ရှိပြီး လက်ရှိကာလမှာ တပ်မတော်ဘက်က အရာရှိတွေနဲ့ အဆင်ပြေပြေ ဆောင်ရွက်နေကြောင်းလည်း ကော်မရှင်က ပြောပါတယ်။

တပ်မတော်ဘက်က မဲပေးသူတွေ အရေအတွက်ကိုတော့ ကော်မရှင်ဘက်ကပြောကြားခဲ့တာမရှိပါဘူး။

လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၆၉၆၉ ဦး ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိပြီးတော့ အဓိကနိုင်ငံရေးပါတီ ကြီးနှစ်ခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်စီ ဝင်ရောက် ယှဥ်ပြိုင်ဖို့ ရှိနေပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်ပေါင်း ၆၉၆၉ဦးမှာ နိုင်ငံရေးပါတီ က ကိုယ်စားပြုဝင်ပြိုင်မယ့် ကိုယ်စားလှယ်ပေါင်းက ၆၆၈၉ ဦးဖြစ်ပြီး တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ့် ၂၈၀ ဦး ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ အတည်ပြုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု ကတော့ ၁၃ ရာခိုင်နှုန်း ပါဝင်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC

နိုဝင်ဘာလ ၈ ရက်နေ့ကို လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမယ့်နေ့အဖြစ် သတ်မှတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကိုလည်း နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာမဲပေးနိုင်သူသူ စုစုပေါင်းကတော့ ၃၇သန်းခန့် ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တွေကိုလည်း လာရောက်လေ့လာခွင့် ပြုမှာဖြစ်ပြီး အခုလတ်တလော အဖွဲ့ ၇ ဖွဲ့ ကို ခွင့်ပြုပေးထားတယ်လို့လည်း ကော်မရှင် ကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်မယ့် အသင်း အဖွဲ့ ၇ ခုခန့် က စောင်ကြည့်လေ့လာမယ့်သူ ၅၀၀၀ကျော် ခန့်စာရင်းပေးထားပြီး နိုင်ငံတကာ သံရုံးကတာဝန်ရှိသူတွေကို လည်း ဖိတ်ကြားထားတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မှတ်ပုံတင်မထားတဲ့ PACE အဖွဲ့ကလည်း အသင်းအဖွဲ့ ယာယီမှတ်ပုံတင် ရပြီဖြစ်တဲ့ အတွက် ပြန်လည်ခွင့်ပြုလိုက်ပြီလို့လည်း ကော်မရှင်က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54001844

တစ်ကျော့ပြန် ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဖို့မရှိဘူးလို့ပြော  တစ်ကျော့ပြန် ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဖို့မရှိဘူးလို့ပြော Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.