အပန်းဖြေစခန်း ထွက်ကြသူတွေ ကယ်လီဖိုးနီးယား တောမီးထဲ ပိတ်မိ

ကယ်လီဖိုးနီးယားမှာ လောင်ကျွမ်းနေတဲ့ တောမီး ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ ရဟတ်ယာဉ်တစီး။ (စက်တင်ဘာ ၅၊ ၂၀၂၀)

ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး တောမီးတွေ အကြီးအကျယ် ဆက်လက် လောင်ကျွမ်းနေတာကြောင့် Labor Day အားလပ်ရက် တောစခန်းထွက် အပန်းဖြေသူတွေထဲက အနည်းဆုံး အယောက် ၆၀ ကျော်ကို စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ပေးခဲ့ရပါတယ်။

မီးကူးစက်မှု မြန်ပြီး ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုဟာ ၃ နေရာမှာ ဖြစ်ပွားနေတာပါ။

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ Sierra အမျိုးသားဥယျာဉ်ထဲမှာ ပိတ်မိနေသူ ၆၃ ဦးကို ကယ်ထုတ်ခဲ့ရပြီး အဲဒီထဲက ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ Fresno မီးသတ်ဌာနက ပြောပါတယ်။ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားနေပါတယ်။

Shaver ရေကန်ကြီးနားက တောမီးကတော့ စတုရန်းမိုင် ၅၀ ကျော် လောင်ကျွမ်းနေတာပါ။ Fresno မြို့ အရှေ့မြောက်ဘက် ၃၅ မိုင်မှာရှိတဲ့ ဒီရေကန်ပတ်လည်မှာ ထင်းရှူးတောတွေရှိပြီး အပူရှိန် သိပ်မြင့်မားပြီး ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် မီးလောင်လွယ်နေတာ ဖြစ်ပါတယ်။

သောကြာနေ့ညပိုင်းက မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေ တညလုံး မီးသတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စနေနေ့မှာတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ရတာပါ။

ကယ်လီဖိုးနီးယား အမြန်လမ်းမကြီး ၁၆၈ ကိုလည်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ရာမှာ သုံးဖို့ တခြားယာဉ်အသွားအလာတွေ ပိတ်ထားရပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းက လော့စ်အိန်ဂျလိစ် အရှေ့ဘက်မှာ လောင်ကျွမ်းနေတဲ့ တောမီးကလည်း အရှိန်ပိုပြင်းလာနိုင်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ထားပါတယ်။

စန်ဒီယေဂိုကောင်တီ အရှေ့ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကတော့ တနာရီအတွင်းမှာပဲ ဧက ၄၀၀ လောက်ကို ပျံ့နှံ့သွားတာကြောင့် Cleveland အမျိုးသားဥယျာဉ်နားမှာ နေသူတွေအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ မီးအကြီးအကျယ် လောင်ကျွမ်းနေတဲ့ နေရာ ၂၂ နေရာရှိပြီး မီးသတ်သမား ၁၂,၀၀၀ ကျော် မီးငြှိမ်းသတ်နေရတယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး တောမီးလောင်ကျွမ်းမှု ၉၀၀ ရှိခဲ့ပြီး အများစုဟာ မိုးကြိုးပစ်တာကြောင့် ဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့ ဧရိယာက စတုရန်းမိုင် ၂,၀၀၀ ကျော် အကျယ်အဝန်း ရှိနေပြီး လူ ၈ ဦး အသက်ဆုံးခဲ့ရသလို အဆောက်အဦပေါင်း ၃,၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/california-wild-fire/5573483.html

အပန်းဖြေစခန်း ထွက်ကြသူတွေ ကယ်လီဖိုးနီးယား တောမီးထဲ ပိတ်မိ အပန်းဖြေစခန်း ထွက်ကြသူတွေ ကယ်လီဖိုးနီးယား တောမီးထဲ ပိတ်မိ Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.