ကိုဗစ်စည်းကမ်းမလိုက်နာသူတွေ ထိထိရောက်ရောက်အရေးယူမည်

နေအိမ်များသို့သွားရောက်ပြီး ကိုယ်ပူချိန်တိုင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ရန်ကုန်၊ မေ ၁၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ ကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာသူတွေအပေါ် ထိထိရောက်ရောက်အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ရခိုင်ပြည်နယ်ကနေ ကိုဗစ်ရောဂါ တကျော့ပြန်ကူးစက်လာရာက အခုဆိုရင် ရန်ကုန်အပါအဝင် တခြားဒေသတွေကိုပါ ပျံ့နှံ့လာနေတာကြောင့် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာကွယ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ အွန်လိုင်းဆွေးနွေးရာမှာ ပြောဆိုလိုက်တာပါ။ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ကူးစက်မှုတွေ စံချိန်ချိုးအောင် များလာတာဟာ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့လည်း ပြောသွားပါတယ်။ ဒါကြောင့်လည်း ပြည်ထဲရေးလို ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဖို့လည်း အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာပါ။

“ပြည်ထဲရေးဘက်ကတော့ ဥပဒေနဲ့ပတ်သက်လို့ ခပ်မာမာတော့ ကိုင်တွယ်ရပါလိမ့်မယ်။ ကျမက ဒီလိုတာဝန်မဲ့တဲ့ လုပ်ရပ်တွေကိုတော့ လုံးဝမနှစ်မြို့ဘူး။ ဥပမာဆိုလို့ရှိရင် မလိုအပ်ပဲနဲ့ပေါ့နော်၊ ဘာမှလည်းအရေးမကြီးပဲနဲ့ ဒီ နိုက်ကလပ်တွေလိုဟာမျိုးပေါ့။ ဒါတွေကို တရားမဝင် ကန့်သတ်ထားတဲ့ကြားထဲကနေ ဖွင့်တာတွေဘာတွေဆို။ ဒါတွေဟာ ဘာမှလိုအပ်တဲ့ကိစ္စလည်း မဟုတ်ပဲနဲ့ အင်မတန်တာဝန်မဲ့ပြီးတော့ ပြည်သူအပေါ်မှာရော နိုင်ငံအပေါ်မှာရော စေတနာအင်မတန်နည်းတယ်လို့ ကျမတို့ဒီလိုပဲ သတ်မှတ်ရမှာပဲ။ ဒါကြောင့်မို့ ဒါတွေဟာ အရေးယူမှာ။ ကျမတို့ကြပ်ကြပ်မတ်မတ် အရေးယူမယ်၊ တင်းတင်းကြပ်ကြပ်အရေးယူမယ်။ အရေးယူတယ်ဆိုတာ ဒေါသစိတ်နဲ့မဟုတ်ဘူး။ ကျမတို့ရဲ့ နိုင်ငံကို ကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့သာ အရေးယူရမှာဖြစ်ပါတယ်။”

ရောဂါကူးစက်မှုတွေ တိုးလာတဲ့ ရခိုင်ပြည်နယ်မှာတော့ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့နဲ့ ခရီးသွားလာမှုတွေကို ကန့်သတ်ထားပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာလည်း အလားတူ အိမ်မှာနေဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကနေ ရန်ကုန်အပါအဝင် တခြားဒေသတွေကို ခရီးသွားသူတွေ အများအပြား ရှိခဲ့တာကြောင့် ရောဂါပြန့်ပွားမယ့် အန္တရာယ် ရှိနေတာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးထား ပြောဆိုသွားခဲ့တာပါ။ အထူးသဖြင့် လူနေထူထပ်တဲ့ ရန်ကုန်လို နေရာမျိုးမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး ထိထိရောက်ရောက် မလုပ်နိုင်ရင် အန္တရာယ်ကြီးမားတယ်လို့လည်း သတိပေးခဲ့ပါတယ်။

“ရောဂါပိုးကူးစက်နေတဲ့ ပြည်သူတွေဟာ ရန်ကုန်တိုင်းမှာ ၄၀၀ ရှိသွားပါပြီ။ နောက်ပြီးတော့ ဒီမြို့နယ်တွေမှာ ၃ယောက်ကျော်ပြီးတော့ အစတုန်းကတည်းက ၃ ယောက်ကျော်လို့ရှိရင် ကျမတို့ Stay at Home လုပ်ပါတယ်။ အဲတော့ ၃ယောက်ကျော်တဲ့မြို့နယ်တွေဟာလည်း တော်တော်များလာပါပြီ။ အဲတော့ ရန်ကုန်မှာတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် Stay at Home အစီအစဉ်တွေလုပ်ရမယ်။ ရန်ကုန်သူ ရန်ကုန်သားတွေက အခုချိန်မှာ သူတို့အစွမ်းပြရမယ်။ တကယ်ပဲ ကိုယ့်မြို့နယ်အတွက် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ်လုပ်နိုင်တယ်။ ကိုယ်ခံနိုင်တယ်ဆိုတာကိုပြဖို့ အချိန်ဖြစ်လာပါပြီ။”

ကပ်ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေကို မလိုက်နာခဲ့ရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ သာမက ပြစ်ဒဏ်ပိုကြီးတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ပါ အရေးယူဖို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါ ထိန်းချုပ်ရေး စည်းကမ်းမလိုက်နာသူတွေကို အရေးယူရာမှာ နောက်ဆက်တွဲ ပြဿနာတွေ ကြုံရမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုဗစ်ကူးစက်မှုတွေ ပြန်စနေချိန်မှာ စည်းကမ်းတင်းကြပ်ဖို့ ပိုပြီးလိုအပ်ပေမဲ့ ဒါတွေကိုကိုင်တွယ်ဖြေရှင်းတဲ့အခါ သတိထားဖို့လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အဲဒီတော့ စည်းကမ်းနဲ့အမိန့်ကို တာဝန်ယူလုပ်ဆောင်မယ့်သူတွေ ကိုယ်တိုင်ကသေသေချာချာသိရဲ့လား။ ဘယ်လောက်ထိလုပ်ပိုင်ခွင့်ရှိလဲ။ ဘယ်အချက်တွေကတော့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်တယ်ဆိုတဲ့ အကြောင်းအရာကို ပထမဦးဆုံးသိဖို့ အရမ်းအရေးကြီးပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ လုပ်ပိုင်ခွင့်အာဏာရှိပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့အကြောင်းကို မသိလို့ရှိရင် သူတို့ဘက်ကလည်း စိုးရိမ်မှုကြီးတဲ့အတွက်ကြောင့်မို့ လိုအပ်တာထက်ပိုမိုပြီးတော့ ကိုင်တွယ်ဖြေရှင်းမှုတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အခုကာလမှာ လူတွေအကုန်လုံးက ကြောက်လန့်တဲ့အရာမျိုး စိုးရိမ်တဲ့ အရာမျိုးကြီးတဲ့အခါမှာ လုပ်တဲ့ဟာကလူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် မလုပ်သင့်မလုပ်ထိုက်သောပြစ်ဒဏ်တွေ ကိုင်တွယ်ဖြေရှင်းမှုတွေဖြစ်လာနိုင်တာ အဲဒါမျိုးဆိုရင်တော့ မဖြစ်သင့်ပါဘူးခင်ဗျ။”

ကိုဗစ်ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားချိန် ဘာသာရေးအခမ်းအနားပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့အတွက် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကို ပြီးခဲ့တဲ့လထဲမှာပဲ ထောင်ဒဏ် ၃လ စီရင်ချက်ချခဲ့သလို၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် မှာ ဘုန်းကြီးပျံပွဲ ကျင်းပခဲ့သူတွေနဲ့ နေအိမ်အတွင်း လူစုလူဝေးနဲ့ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်က အစ္စလာမ်ဘာသာဝင်တွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ဖူးပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေမှာတော့ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာ ဆောင်ရွက်တာ၊ ဘေးအန္တရာယ် တခုခု ကျနိုင်တာကို သိလို့ ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာ ဒါမှမဟုတ်ရင်လည်း ကြုံရအောင် အကြောင်းရင်းတွေ ဖန်တီးတယ်ဆိုရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။


 စုစု/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar/5567530.html

ကိုဗစ်စည်းကမ်းမလိုက်နာသူတွေ ထိထိရောက်ရောက်အရေးယူမည် ကိုဗစ်စည်းကမ်းမလိုက်နာသူတွေ ထိထိရောက်ရောက်အရေးယူမည် Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.