ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ အောက်တိုဘာမှာကြေညာမယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၅)

ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ရွေးကောက်ပွဲရက်ကို လတ်တလော ရွှေ့ဆိုင်းဖို့မရှိသေးပေမဲ့ စစ်ပွဲတွေကြောင့် နယ်မြေဒေသတချို့မှာတော့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်မှုအခြေအနေဟာ တစ်နေ့တစ်ခြားမြင့် တက်လာနေပြီး ဒီကနေ့မှာဆိုရင် ကူးစက်ခံရသူ ၁,၀၀၀ ကျော်အထိ ရောက်ရှိလာနေတာပါ။

ဒီလို ရောဂါကူးစက်မှု မြင့်မားလာနေတာကြောင့် ၂၀၂ဝ ပြည့်ရွေးကောက်ပွဲကို မူလ သတ်မှတ်ထားတဲ့အတိုင်း နိုဝင်ဘာလမှ ကျင်းပနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ မရှိသေးကြောင်းနဲ့ ရှိခဲ့ရင်လည်း အောက်တိုဘာလမှ ထုတ်ပြန်သွားမယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“ရွှေ့ဖို့အကြောင်း အခုထိ မရှိသေးဘူးပေါ့။ ရွှေ့ရင် ခုဏကလို အောက်တိုဘာလမှာ ကြိုတင်ပြီးတော့ ပြောမှာပေါ့။ များများလာတာကလည်း စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့နေရာတွေမှာတော့ ဒီလောက် မရှိဘူးပေါ့။ စစ်တွေနဲ့ ရန်ကုန်မှာပဲ ပိုများတာပေါ့။”

၂၀၂၀ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် နယ်မြေတွေကတော့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ၅ မြို့နယ်နဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေ ပါဝင်နိုင်ကြောင်း ပြောဆိုပြီး၊ လတ်တလောစိစစ်နေကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

“အဲဒါတွေ စိစစ်နေပြီးတော့ ရွေးကောက်ပွဲနဲ့ နီးတဲ့အခါမှာတော့ အချိန်မီ အဲဒါတွေကို ကြေညာမှာပေါ့။ မြို့နယ် တစ်ခုလုံးမကျင်းပနိုင်ဘူး။ ဒါမှမဟုတ် မြို့နယ်တစ်ခုအတွင်းမှာ မဲဆန္ဒနယ်တစ်ခုတော့ မကျင်းပနိုင်ဘူး။ ဒါမှ မဟုတ်ရင် မြို့နယ်တစ်ခု၊ မဲဆန္ဒနယ် တစ်ခုအတွင်းမှာ ဘယ်ကျေးရွာအုပ်စု၊ ဘယ်ရပ်ကွက်ကတော့ မကျင်းပနိုင်ဘူး။ ဒါတွေလည်း ကြိုပြီးတော့ ကြေညာသွားမယ်။”

လုံခြုံရေးအရ ရွေးကောက်ပွဲရွှေ့ဆိုင်းတာကို အရင်ရွေးကောက်ပွဲတွေလို အောက်တိုဘာလမှာ ကြေညာမှာဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်အနေနဲ့ကတော့ မြို့နယ်တချို့မှာတော့ ရွေးကောက်ပွဲဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ကတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ တဘက်မှာ AA တပ်တော်ဘက်ကလည်းရွေးကောက်ပွဲကို အနှောက်အယှက်မပေးဘူး။ သူတို့လိုလားတယ်ဆိုတဲ့ ကြေညာချက်မျိုးထုတ်ထားတော့၊ ဒါက တစ်ဘက် မနှောင့်ယှက်ဘူး။ တိုက်ပွဲတွေလည်း အဲဒီကာလ ကြားထဲမှာ ရပ်တန့်ထားမယ်ဆိုရင်တော့ ရွေးကောက်ပွဲက ရာခိုင်နှုန်း အပြည့်မဟုတ်ရင်တောင်မှ လုပ်နိုင်တဲ့ဒေသတွေကို လုပ်မယ်ဆိုရင် လုပ်ဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သဘောထား၊ တစ်နည်းအားဖြင့် အစိုးရရဲ့ သဘောထားပေါ် မူတည်တယ်လို့ မြင်ပါတယ်။”

လာမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသွားမယ့် ဖန်တီးအိမ်အရပ်ဘက်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကတော့ COVID ကပ်ရောဂါကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းတာမျိုးရှိရင်လည်း မြို့နယ်အလိုက်ရွှေ့ဆိုင်းတာကို ဦးစားပေးစဉ်းစားမယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ဥပဒေထဲမှာတော့ ရွေးကောက်ပွဲကော်မရှင်က သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လုံခြုံရေး အခြေအနေကြောင့်ဖြစ်စေ ရွေးကောက်ပွဲကို သူက တစ်စုံလုံးလို့ မဟုတ်ဘဲနဲ့ နယ်မြေအလိုက်ပေါ့ ရွေးကောက်ပွဲကို သီးခြားစီလည်း ခွဲပြီးတော့ ရွှေ့ဆိုင်းတာမျိုး လုပ်လို့ ရတယ်လို့တော့ ပါတယ်။ ပါတော့ ကျမထင်တာကတော့ ရွှေ့ဆိုင်းမယ်ဆိုလည်း ရွေးကောက်ပွဲ ရက်တွေ အကုန်လုံး ရွှေ့ဆိုင်းတာထက် နယ်မြေအလိုက်ခွဲခြားပြီး ရွှေ့ဆိုင်းတာမျိုးတွေ လုပ်ဖို့ ပထမ ဦးစားပေး စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ဒါမှ မဟုတ် တစ်နိုင်ငံလုံးမှာကို COVID အခြေအနေ ပြန့်ပွားလာရင်တော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ရွှေ့ဖို့တော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။”

ရွေးကောက်ပွဲ ကော်မရှင်ကတော့ COVID ကပ်ရောဂါ ကာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအရေအတွက် တိုးမြှင့်တာ၊ မဲရုံနယ်မြေ တိုးချဲ့တာတွေလုပ်ဆောင်ဖို့ အပြင် မဲဆွယ်စည်းရုံးရာမှာလည်း တိကျတဲ့ စည်းကမ်းတွေထုတ်ပြန်သွားဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁,၉၄၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၉၇၆ ဦး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ၃,၈၄၇ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အတွက် ၂၁၂ ဦးတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


မိုးဇော်/VOA (Burmese)

https://burmese.voanews.com/a/myanmar-election/5569159.html

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ အောက်တိုဘာမှာကြေညာမယ် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ အောက်တိုဘာမှာကြေညာမယ် Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.