၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ် |
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုများနေချိန်မှာ ရွေးကောက်ပွဲကို နောက်ဆုတ်သင့်တယ်လို့ ဝေဖန်ချက်တချို့ ရှိနေပေမယ့်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တိကျတဲ့ ဥပဒေပြဌာန်းချက် မရှိတဲ့အတွက် မူလသတ်မှတ်ထားတဲ့အတိုင်းသာ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီအများစုက လိုလားနေပါတယ်။
ဒါပေမဲ့ ကပ်ရောဂါကာလမှာ မဲဆွယ်စည်းရုံးရေးလုပ်ဖို့က လူဦးရေကန့်သတ်ချက်ရှိနေလို့ ဘယ်လိုနည်းလမ်းနဲ့ မဲဆွယ်နိုင်တယ်ဆိုတာမျိုးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တိကျတဲ့ ညွှန်ကြားချက် ထုတ်ပြန်သင့်တယ်လို့ တိုက်တွန်းကြပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးလုပ်နိုင်မယ့် အချိန်က လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်တော့မှာဖြစ်ပေမယ့် ကပ်ရောဂါကာလမှာ မဲဆွယ်ဖို့က ကန့်သတ်ချက်တွေရှိနေပြီး ကိုယ်စားလှယ်လောင်း အတော်များများအတွက် အခက်အခဲတွေ ရှိနေပါတယ်။
NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့နဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဌာန်းထား တာမရှိဘူးလို့ ပြောပါတယ်။
"ကျနော်တို့တော့ ဘာဖြစ်ပါစေလို့ ပြောတာမဟုတ်တဲ့အတွက် ဖြစ်လာတဲ့အခြေအနေအရ အခု လောလောဆယ်လုပ်မယ်ဆိုရင်၊ ဘယ်လိုစနစ်မျိုးနဲ့ လုပ်မယ်ဆိုတာလောက်ကဲ စဉ်းစားထားချက်ရှိတယ်။ အဲဒါကျတော့ တကယ်တော့ ဖွဲ့စည်ပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲကြီးကို အကုန်လုံးကို ရွှေ့ပြောင်းဖို့ဆိုတဲ့ဟာ ပြဌာန်းထားချက်က မရှိဘူးဗျ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အဲဒါမတွေ့ဘူး။ တချို့နေရာတွေမှာ မလုပ်နိုင်တဲ့နေရာတွေမှာ ရွှေ့ဆိုင်းနိုင်ဖို့ကတော့ ရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးထားတယ်လေ။"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်းမှာတော့၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို ပြဌာန်းထားပြီး ၊ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သဘာ၀ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ နယ်မြေလုံခြုံရေးအရဖြစ်စေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့က ဥပဒေလမ်းကြောင်းအရ ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့အချက် မပါဝင်တာဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အားနည်းချက်ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့က ထောက်ပြကြပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ရွေးကောက်ပွဲရွှေ့ဆိုင်းရတာမျိုးကို ကန့်ကွက်စရာမရှိဘူးလို့ ပြောပါတယ်။
"ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ နိုင်ခြေမရှိတဲ့နေရာတွေကို မလုပ်ပဲထားလိုက်အောင် လုပ်တာမျိုးဆိုတဲ့ မသမာမှုတွေပါ ရှိခဲ့တယ်ဆိုတာ ကျမတို့ ကိုယ်တွေ့ ကြားဖူးထားတယ်။ အဲတော့ ရိုးရိုးသားသား မဟုတ်ဘဲနဲ့ မသမာမှုနဲ့သာ ရွေးကောက်ပွဲကို ကရော်ကမည် ရွှေ့ဆိုင်းတာတို့ နောက်ဆုတ်တာတို့ ဖျက်သိမ်းတာတို့ လုပ်မယ်ဆိုရင်တော့ တရားမျှတမှုမရှိဘူး၊ ဥပဒေနဲ့ မညီဘူးလို့ ကျမတို့ ပြောမယ်။"
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအရ လူ ၃၀ ထက်မပိုတဲ့ အရေအတွက်ကိုသာ ခွင့်ပြုထားတဲ့အတွက် လူစုလူဝေးနဲ့ ဟောပြောပွဲတွေ၊ စည်းရုံးမှုတွေလုပ်ဖို့က အခက်အခဲ ရှိနေပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးနီးပါးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ရှိသလား၊ ရွေးကောက်ပွဲကို မရွှေ့ဘူးဆိုရင် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို တိကျတဲ့ ညွှန်ကြားချက်တွေ ဘယ်တော့ထုတ်မလဲ စတဲ့ မေးခွန်းတွေကို RFA သတင်းဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အီးမေးလ်နဲ့ရော တယ်လီဖုန်းနဲ့ပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ကတော့၊ သတ်မှတ်ထားတဲ့အချိန်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ဖို့လိုတယ်လို့ ပြောပါတယ်။
"လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်ဖို့ပဲလိုအပ်တယ်။ နောက်ဆုတ်တယ်ဆိုရင် ခုနက အခြေခံဥပဒေအရ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ ရှိတယ်လေ၊ အဲဒါတွေဟာ ဒီအစိုးရက လက်ခံပြီး ဆောင်ရွက်မှာလား မဆောင်ရွက်ဘူးလား ဒီအပေါ်မှာလည်း မူတည်ပါတယ်။ အဲဒါကြောင့်မလို့ ကိုယ်ကတော့ ဘာမှ အဆုံးအဖြတ် မပေးနိုင်ဘူး။ ဖြစ်စေချင်တာကတော့ လုပ်ရမယ့်အချိန်မှာ၊ လုပ်ရမယ့် ကာလမှာ ဖြစ်မြောက်အောင်မြင်အောင် လုပ်တာကတော့ အားလုံးအတွက် အဆင်ပြေမယ်လို့ ထင်တယ်လေ။"
NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ လက်ရှိအခြေအနေကို ကြည့်ပြီး တချို့က ကာလုံအစည်းအဝေး ခေါ်စေချင်နေပေမယ့် မလိုအပ်ဘူးလို့ ပြောပါတယ်။
"ကာလုံခေါ်ချင်တဲ့ သူတွေက အဲဒီဟာတွေ အကြောင်းပြပြီးတော့ ကာလုံခေါ်ပါ ကာလုံခေါ်ပါ လျှောက်ပြောနေတာပါ၊ ဒါတွေက အဲလောက်ထိ မလိုအပ်ပါဘူး။ နောက်တစ်ခုကလည်း ရွေးကောက်ပွဲကို ရွှေ့တာကလည်း အတိုင်းအတာတစ်ခုအထိပဲ ရွှေ့မှာပေါ့။ မရွှေ့ဘဲနဲ့ တကယ်အသည်းအသန်ဖြစ်နေတဲ့ နေရာတွေကို နောက်မှလုပ်ပေါ့ ဒါမျိုးလည်း လုပ်လို့ ရချင်လည်း ရမှာပေါ့။"
တချို့ယူဆနေသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘဲ ရွှေ့ဆိုင်းလိုက်ရင်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဲဒီအခြေအနေကို ကိုင်တွယ်ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ဖြစ်နိုင်ချေမရှိဘဲ၊ သမ္မတကသာ လုပ်ပိုင်ခွင့်အရှိဆုံးလို့ မုံရွာအောင်ရှင်က တုံ့ပြန်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ မှာတော့၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များဆိုတဲ့ အခန်းပါဝင်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ-ကာလုံနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို အလေးပေးဖော်ပြထားပါတယ်။
အဲဒီထဲမှာ တိုင်းပြည်အတွင်း ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စတဲ့ အခြေအနေတွေကြောင့် အချုပ်အခြာ အာဏာကို လက်လွတ်ဆုံးရှုံးစေမယ့် ကိစ္စတွေဖြစ်လာရင်၊ နိုင်ငံတော် သမ္မတက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌ စတဲ့ တာဝန်ရှိသူတွေပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ နဲ့ညှိနှိုင်းပြီး လိုအပ်တဲ့အမိန့်ကို ထုတ်ပြန်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ အရေးပေါ်အခြေအနေ ပြဌာန်းချက်ထဲမှာ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဖော်ပြထားတာမရှိဘူးလို့ ပြောပါတယ်။
"ဒါက ဥပဒေ ပြဿနာဖြစ်ပါတယ်။ ဒီဟာကို ဘာအခြေအနေလို့ ပြောရမလဲ။ ကပ်ရောဂါ ဆိုက်လို့ရှိရင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်တယ်ဆိုတဲ့ ပြဌာန်းချက် ဖွဲ့စည်းပုံထဲမှာ မပါပါဘူး။ ဖွဲ့စည်းပုံထဲမပါတော့ ဘယ်နှယ့်လုပ်ကြမှာတုန်း ။ အရေးပေါ် အခြေအနေကြေညာတဲ့အတွက် ဒီကိစ္စမှာ သမ္မတက ကာလုံခေါ်တာတို့ ကျန်တဲ့ လွှဲအပ်တာတို့က လုပ်လို့ ရတာတွေရှိတယ်လေ။ ဒါပေမဲ့ အရေးပေါ် အခြေအနေဆိုတာ ဘာကို ပြောတာတုန်းဆိုတဲ့ သတ်မှတ်ပြဌာန်းချက် မပါရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ။ ပထမဆုံး အဲအတိုင်း လုပ်ချင်ရင်တော့ အရေးပေါ် အခြေအနေဆိုသည်မှာ ဘာလဲဆိုတာကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးဖို့ လိုအပ်တယ်။"
လက်ရှိအနေအထားအရ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွှေ့ဆိုင်းဖို့ မလိုအပ်သေးဘဲ၊ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာသာ ရွေးကောက်ပွဲကို ယာယီရွှေ့ဆိုင်းတာမျိုးတော့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီအများစုက သုံးသပ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဖွဲ့နဲ့ရော နိုင်ငံရေးပါတီတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်းလည်း ပါတီခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက တစ်ညီတစ်ညွတ်တည်း တိုက်တွန်းသွားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/donot-have-exact-law-to-postpone-election-09012020052607.html
No comments:
Post a Comment