ရှမ်းပြည်နယ် မဲစာရင်းရှင် ခုနှစ်သိန်းကျော်မှာ မှတ်ပုံတင်မရှိ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ မဲပေးဖို့ တန်းစီနေကြသူတွေကို တွေ့ရစဉ်

Photo: Aung Thain Kha/RFA

ရှမ်းပြည်နယ် ရွေးကောက်ပွဲမှာ မဲပေးမယ့်သူ ခုနှစ်သိန်းကျော်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိဘူးလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က RFA ကိုပြောပါတယ်။

တစ်ပြည်နယ်လုံး မဲပေးနိုင်သူ စုစုပေါင်း ၃၅ သိန်းကျော် ရှိတဲ့အထဲ ၂၀ ရာခိုင်နှုန်းနီးပါးက မှတ်ပုံတင် မရှိတာဖြစ်ပါတယ်။ မှတ်ပုံတင်မရှိတဲ့သူတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကလည်း ပါဝင်ပါတယ်။

မဲပေးမယ့်သူတွေ မှတ်ပုံတင်မရှိပေမယ့်လည်း မဲပေးလို့ရအောင် စီစဉ်ပေးထားကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

“မှတ်ပုံတင်မရှိပေမဲ့ နိုင်ငံသားဖြစ်တယ်ဆိုရင် သူ့မှာရှိတဲ့ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ အရန်မီးသတ် ကတ်၊ ပရဟိတကတ်တို့ အထောက်အထားကတ် တစ်ခုခုရှိရင်မဲပေးခွင့်ရှိတယ်။ အဲလိုမှမရှိရင် ရက်ကွက်ထဲမှာ နေတာမှန်ကန်တယ်၊ နိုင်ငံသားဖြစ်တယ်၊ အသက် ၁၈ ပြည့်ပြီဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါရင် မဲပေးပိုင်ခွင့်ရှိတယ်”

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကလည်း တချို့ကျေးရွာတွေအထိကွင်းဆင်းပြီးတော့ မှတ်ပုံတင်လုပ်ပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်းဖွီးကျေးရွာ အုပ်စုနေ (လုံခြုံရေးအရ) အမည်မဖော်လိုသူတစ်ဦးကတော့ မှတ်ပုံတင်မရှိသူအရေအတွက်များမှ လာလုပ်ပေးတယ်လို့ပြောပါတယ်။

“လူဦးရေစုစုပေါင်း ၁၀၀ ယောက်လောက်ရှိရင်တော့ ကျေးရွာထဲက ဘုန်းကြီးကျောင်းထိ လာနေပြီး လုပ်ပေးတယ်၊ ကျေးရွာ အုပ်စုတစ်ခုချင်းစီကို လူဦးရေ နှစ်ယောက်၊ သုံးယောက်လောက်ရှိရင်တော့ လဝကရုံးအထိသွားလုပ်ရမှာ”

ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း မဲပေးနိုင်တဲ့သူ အရေအတွက် ဘယ်လောက်ထဲက မှတ်ပုံတင်ရှိ၊ မရှိကို မေးမြန်း တဲ့အခါ  ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့သက်တမ်းမဟုတ်လို့ မသိနိုင်ဘူးလို့ဆိုပါတယ်။

မှတ်ပုံတင်မရှိတဲ့ အရေအတွက်များပြားနေတာဟာ အစိုးရတစ်ရပ်ရဲ့ တာဝန်ယူဆောင်ရွက်နိုင်မှု အားနည်း ချက်ကြောင့်ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဝေဖန်ပါတယ်။  

“အစိုးရက သူလုပ်ပေးရမယ့်မှတ်ပုံတင်ကိုလုပ်မပေးဘူးဆိုကတည်းက ချို့ယွင်းမှု လို့ပြောရမှာပေါ့ အစိုးရရဲ့ ပျက်ကွက်မှုပေါ့နော်။ အသက် (၁၇)၊ (၁၈)နှစ်ပြည့်ပြီဆိုရင် သူ့မှာမှတ်ပုံတင်ရှိကိုရှိထားရမှာလေ။ တကယ် တမ်းကျတော့ အသက် (၁၂ ) နှစ်ဆို ရင်လည်း ၁၂နှစ်ပြည့်တဲ့ မှတ်ပုံတင်ငယ်ငယ်ကတည်းက လုပ်ထားရမယ့် အနေအထား ဒါပေမဲ့ ကျေးရွာတွေမှာ တောခေါင်တဲ့နေရာတွေမှာတော့ ဒါတွေ အဆင်မပြေဘူးပေါ့။ ဘာဖြစ် ဖြစ် မဲထည့်ရမယ့် အသက်၁၈ နှစ်ပြည့်ပြီဆိုလို့ရှိရင်တော့ မှတ်ပုံတင် မလွဲမတွေလုပ်ပေးရပါလိမ့်မယ်၊ မှတ်ပုံတင်မရှိဘူးဆိုလို့ရှိရင်လည်းပဲ ရှိအောင်လုပ်ပေးရမယ့် ဝတ္တရားကတော့ သက်ဆိုင်ရာအစိုးရရဲ့ဝတ္တရား ဖြစ်တယ်။”

မှတ်ပုံတင်ကတ်မရှိတဲ့အရေအတွက်များပြားတာက နယ်မြေတည်ငြိမ်မှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဒေသခံလူထု ဗဟုသုတနည်းပါးမှုတွေနဲ့လည်း ဆက်စပ်နေတယ်လို့ သူက ပြောပါတယ်။

လူတစ်ဦးချင်းစီမှာ မှတ်ပုံတင်ကတ်ရှိမှသာ ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဘဏ်ငွေသွင်းငွေထုတ် ကအစ ဆောင်ရွက်လို့ရတာပါ။


RFA Burmese

https://www.rfa.org/burmese/news/shan-voters-no-nrc-09032020060913.html

ရှမ်းပြည်နယ် မဲစာရင်းရှင် ခုနှစ်သိန်းကျော်မှာ မှတ်ပုံတင်မရှိ  ရှမ်းပြည်နယ် မဲစာရင်းရှင် ခုနှစ်သိန်းကျော်မှာ မှတ်ပုံတင်မရှိ Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.