ရန်ကုန်နဲ ရခိုင်မှာ ကူးစက်မှု အများဆုံးဖြစ်နေ |
စက်တင်ဘာလ၆ ရက်နေ့မှာ တစ်ရက်တည်းပိုးတွေ့သူ ၁၆၆ဦးရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စစ်ပိုးတွေ့သူ အတည်ပြုလူနာ ၁၄၁၉ ဦး အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ နေ့လယ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ၆၆ ဦး အတည်ပြုလူနာအဖြစ်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့ ည၈နာရီမှာ အတည်ပြုလူနာ ၁၀၀ ဦးထပ်တွေ့ ကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ အထိ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၄၀၀ ကျော်လာသလို သေဆုံးသူလည်း ၈ ဦးအထိရှိလာပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်လူနာတွေထဲက အသက် ၆၀ကျော် အရွယ် အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၅ ရက်နေ့ ကသေဆုံး သွားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် တချို့လမ်းတွေ lockdown လုပ်ထား |
သေဆုံးသူ အမျိုးသမီးဟာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူလျက်ရှိတဲ့ ဓာတ်ခွဲအတည်ပြုလူနာ (Case - 1236) ဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တ ရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းနဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးတာ အပါအဝင် ဆီးချိုရောဂါ အခံ တွေကြောင့် စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ရေးကော်မတီကနေ သိရပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ် အတည်ပြုလူနာဟာ အမှတ် ၁၂၃၆ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ခဲ့တာဖြစ်ပြီး သဃန်းကျွန်းမြို့နယ် စံပြ (၄) လမ်းလိပ်စာပေးထားပေမဲ့ ကျိုက္ကဆံ ဘုရားဝင်းထဲ ဗေဒင်ဟောသူလို့လည်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ရေးကော်မတီ ကပြောပါတယ် ။
ဘုရားက ပိတ်ထားတဲ့အတွက် ဟောခန်းလဲ ပိတ်ထားတာကြောင့် ထိစပ်သူတော့ များများစားစား မရှိနိုင်ဘူးလို့ ယူဆရကြောင်း သဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ဘီဘီစီကိုရှင်းပြပါတယ်။
ကိုဗစ် ရောဂါ အတည်ပြုလူနာ အရေအတွက် ရန်ကုန်မှာ ၄၀၀ ကျော်လာ |
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်းက သဃန်းကျွန်းမြို့နယ်ဟာ ကိုဗစ် ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ကူးစက်မှု ဒုတိယ အများဆုံး အခြေအနေမှာရှိနေပြီး စင်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၆၆ဦး တိုးပြီး ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ကတော့ ၁၁ ဦးအထိ တိုးလာတာဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က ကူးစက်မှု အများဆုံးဖြစ်တာကတော့ လူနာအမှတ် ၅၉၅ ဆီက ဖြစ်ပြီးတော့ အဲ့ဒီလူနာ နဲ့ပတ်သက်ပြီးကူးတာက ၃၀ ကျော်သွားပြီလို့လည်း ဒေါက်တာကျော်စွာဦးကပြောပါတယ်။
စက်တင်ဘာ၆ ရက်နေ့ ညက လူနာ ၁၀၀ ထပ်တိုးတဲ့စာရင်းမှာ သင်္ဃန်းကျွန်းကလည်း ပါဝင်တယ်လို့ သိရပြီးတော့ အသေးစိတ် လူနာစာရင်းထွက်မလာသေးတဲ့အတွက် ဘယ်နှစ်ဦးပါဝင်တယ်ဆိုတာ မသိရသေးကြောင်းသူ ကပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန |
ဒါ့အပြင် ဒီရက်ပိုင်း ကူးစက်မှုတွေများလာခဲ့တဲ့ မြင်းခြံမြို့မှာလည်း ဓါတ်ခွဲ အတည်ပြု လူနာ ၃၀ အထိ ရှိခဲ့သလို အဓိက အားလုံးဟာ ပြည်တွင်းကူးစက်မှုတွေပဲဖြစ်တယ်လို့ မြင်းခြံမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က ဘီဘီစီကို ပြောပါတယ်။
မြန်မာ တစ်နိုင်ငံလုံးက ဓာတ်ခွဲနမူနာပေါင်း ၂၀၂၀ ခုကို စက်တင်ဘာလ ၆ ရက်နေ့က စစ်ဆေးခဲ့ ရာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ လည်း သတင်းထုတ်ပြန်ချက် ကဖော်ပြပါတယ်။
ဓာတ်ခွဲနမူနာစစ်ဆေးခဲ့တဲ့ မြို့နယ်တွေထဲမှာ ရန်ကုန်၊ စစ်တွေ၊ မန္တလေး၊ ပုသိမ် ၊နေပြည်တော်၊ကျောက်ဖြူ နဲ့ လွိုင်ကော် တို့ပါဝင်ပါတယ်။
ဓာတ်ခွဲ စစ်ဆေးမှုများပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တို တောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုလျက်ရှိရာ ပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
BBC Burmese
No comments:
Post a Comment