ဘွဲ့ ရုပ်သိမ်းထားတဲ့ ကြင်ရာတော်ကို ထိုင်း ဘုရင် ပြန်လည် တင်မြှောက်

ဆီနီနတ်ဟာ ရာစုနှစ်တခုလောက်အတွင်း ပထမဆုံး တင်မြှောက်ခံခဲ့ရတဲ့ တော်ဝင်ကြင်ရာတော် ဖြစ်

ထိုင်း ဘုရင်ဟာ သူ့ကြင်ရာတော်ရဲ့ ဘွဲ့ အဆောင်အယောင်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး တနှစ်နီးပါး အကြာမှာ တော်ဝင်ကြင်ရာတော်ဘွဲ့ကို ပြန်လည် အပ်နှင်းလိုက်ပါတယ်။

ထိုင်းဘုရင် ဝချီရာ လောင်ကွန်းဟာ ကြင်ရာတော် ဆီနီနတ် ဝုန်ဝချီရာပါ့ခ်ရဲ့ ဘွဲ့နဲ့ ရာထူးတွေကို ဗုဒ္ဓဟူးနေ့က ပြန်လည် အပ်နှင်းခဲ့တယ်လို့ ထိုင်းတော်ဝင် ဂေဇက်မှာ ဖော်ပြထားပါတယ်။

ဆီနီနတ်ကို ကြင်ရာတော်ဘွဲ့အဆောင်အယောင်တွေ တရားဝင် အပ်နှင်းပြီး လပိုင်းအကြာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ သူ့ရဲ့ ဘွဲ့ကို ပြန်လည် ရုပ်သိမ်းခဲ့တာပါ။

ဆီနီနတ်ဟာ " သူ့ကိုယ်သူ မိဖုရား အရာရောက်အောင်" တိုးမြှင့် လုပ်ဆောင်ဖို့ ကြိုးစားလာတဲ့အတွက် အပြစ်ပေးခဲ့တာ ဖြစ်တယ်လို့ ထိုင်းဘုရင့် နန်းတော်က ဆိုပါတယ်။

ဆီနီနတ်ဟာ ထိုင်းနိုင်ငံမှာ ရာစုနှစ်တခုလောက်အတွင်း ပထမဆုံး တင်မြှောက်ခံခဲ့ရတဲ့ တော်ဝင်ကြင်ရာတော် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ တော်ဝင်ကြင်ရာတော်ဆိုတဲ့ ဘွဲ့ဟာ ဘုရင်ရဲ့ အဖော် ဒါမှမဟုတ် လက်တွဲဖော် ကြင်ယာဖက်ကို ရည်ညွှန်းပြောဆိုတာပါ။

ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ချက်ထဲမှာတော့ ဆီနီနတ်ဟာ ထိုင်းဘုရင်ကို သစ္စာဖောက်ဖျက်ပြီး မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။

၄ ယောက်မြောက် ဇနီး မိဖုရား ဆုသီဒါနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းဘုရင်

၁၉၈၅ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ ဆီနီနတ်ဟာ အိမ်ရှေ့မင်းသား ဝချီရာလောင်ကွန်းနဲ့ ချစ်ကြိုးမသွယ်ခင် သူနာပြု အလုပ် ဝင်လုပ်ခဲ့ပါတယ်။

အဲဒီနောက် ကိုယ်ရံတော်၊ လေယာဉ်မှူးနဲ့ လေထီးခုန်သူတွေအဖြစ်လည်း သူလုပ်ဆောင်ခဲ့သလို တော်ဝင် အစောင့်တပ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အစောပိုင်းမှာတော့ သူ့ကို ဗိုလ်ချုပ်ရာထူး ခန့်အပ်ခဲ့ပါတယ်။

ထိုင်းဘုရင်ဟာ သူ့ရဲ့ စတုတ္ထမြောက် ဇနီး မိဖုရား ဆုသီဒါနဲ့ လက်ထပ်ပြီး မကြာခင်မှာပဲ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ ဆီနီနတ်ကို တော်ဝင် ကြင်ရာတော်ဘွဲ့ ပထမဆုံး အပ်နှင်းခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ဘွဲ့နဲ့ အဆောင်အယောင်တွေကို အောက်တိုဘာလထဲမှာ မမျှော်လင့်ဘဲ ရုပ်သိမ်းခံခဲ့ရတာကြောင့် ဘုရင်ရဲ့ အရေးပေးမှု မခံရတော့ဘူးဆိုတဲ့ ထင်ကြေးပေးပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ထိုင်းဘုရင်တွေဟာ မိဖုရား ဒါမှမဟုတ် ကြင်ရာတော် အများအပြား ရွေးကောက်တင်မြှောက်ခဲ့တာပါ။

ဒါပေမဲ့ ထိုင်းဘုရင်တပါး ကြင်ရာတော်ဘွဲ့ အပ်နှင်းခဲ့တဲ့ နောက်ဆုံးအချိန်က ၁၉၂၀ ခုနှစ် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၃၂ ခုနှစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးခဲ့ပြီးတဲ့နောက် ကြင်ရာတော်ဘွဲ့ကို ဘယ်သူ့ကိုမှ မအပ်နှင်းခဲ့ကြပါဘူး။

ထိုင်းနိုင်ငံမှာ ဥပဒေအရ ဘုရင်ကို ဝေဖန်ပြစ်တင်လို့မရအောင် တားမြစ်ထားသလို အဲဒီဥပဒေကို ချိုးဖောက်သူတွေအနေနဲ့လည်း ကြီးလေးတဲ့ ထောင်ဒဏ် ပေးအပ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ထိုင်းအစိုးရကို ကန့်ကွက် ဆန္ဒပြပွဲတွေမှာတော့ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ မကြုံစဖူး တောင်းဆိုမှုတွေလည်း ပါဝင်လာခဲ့ပါတယ်။ 



BBC Burmese

https://www.bbc.com/burmese/world-54000518

ဘွဲ့ ရုပ်သိမ်းထားတဲ့ ကြင်ရာတော်ကို ထိုင်း ဘုရင် ပြန်လည် တင်မြှောက်  ဘွဲ့ ရုပ်သိမ်းထားတဲ့ ကြင်ရာတော်ကို ထိုင်း ဘုရင် ပြန်လည် တင်မြှောက် Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.