ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်တဲ့ အာကဒီ ရိုတန်ဘာ့ဂ်ဟာ ငွေကြေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ဖို့ ငွေမည်းတွေကို ငွေဖြူလုပ်ပြီး လန်ဒန်မြို့က Barclays ဘဏ်ကို အသုံးချခဲ့ဖွယ် ရှိတယ်လို့ ပေါက်ကြားပေါ်ထွက်လာတဲ့ အစီရင်ခံစာ ဖိုင်တွဲတွေမှာ ဖော်ပြထားပါတယ်။
ဘီလျံနာ သူဌေးကြီး မစ္စတာ ရိုတန်ဘာ့ဂ်ဟာ သမ္မတပူတင်နဲ့ ငယ်စဉ် ကလေးဘဝကတည်းက သိကျွမ်း ခင်မင်လာခဲ့တာပါ။
၂၀၁၄ ခုနှစ်က မစ္စတာ ရိုတန်ဘာ့ဂ်ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ (အီးယူ) က ငွေကြေးဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ဖြစ်တဲ့အတွက် သူနဲ့ ဆက်ဆံလုပ်ကိုင်တဲ့ အနောက်နိုင်ငံ ဘဏ်တွေအနေနဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
Barclays ဘဏ်ကတော့ ဥပဒေကြောင်းနဲ့ ကျင့်ဝတ်စည်းမျဉ်းဆိုင်ရာ လုပ်သင့်လုပ်ထိုက်တာတွေ အားလုံး သူတို့ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
မစ္စတာ ရိုတန်ဘာ့ဂ် ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ ကုမ္ပဏီတွေက လျှို့ဝှက် ဘဏ်စာရင်းတွေ ဘယ်လိုဖွင့်ထားကြသလဲဆိုတာကို ပေါက်ကြား ပေါ်ထွက်လာတဲ့ "ဘဏ်တွေရဲ့ မသင်္ကာဖွယ် လုပ်ဆောင်မှု အစီရင်ခံစာများ (FinCEN ဖိုင်တွဲများ)" ထဲမှာ ဖော်ပြထားပြီး ဒီဖိုင်တွဲတွေကို ဘီဘီစီရဲ့ Panorama အစီအစဉ်က ဖော်ထုတ်တွေ့ရှိခဲ့တာပါ။
ရင်းနှီးတဲ့ အသိုင်းအဝိုင်းအုပ်စုအတွင်း
၂၀၁၄ ခုနှစ်မတ်လမှာ ယူကရိန်းနိုင်ငံတွင်းက ခရိုင်းမီးယားဒေသကို သိမ်းယူခဲ့တဲ့အတွက် ရုရှားကို အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
အသက် ၆၈ နှစ်အရွယ် မစ္စတာ အာကဒီ ရိုတန်ဘာ့ဂ်နဲ့ အသက် ၆၃ နှစ်အရွယ် သူ့ရဲ့ညီ ဘောရစ်စ် ရိုတန်ဘာ့ဂ် တို့ကို ရုရှားအစိုးရခေါင်းဆောင်ပိုင်းရဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်း အုပ်စုထဲက လူတွေအဖြစ် ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ပါတယ်။
သူတို့ညီအစ်ကို နှစ်ဦးဟာ ငယ်ငယ်တုန်းက ဂျူဒိုသင်တန်းတစ်ခုကို သမ္မတပူတင်နဲ့ အတူတူတက်ခဲ့ကြတာပါ။
စီးပွားရေးလုပ်ငန်းရှင် မစ္စတာ ရိုတန်ဘာ့ဂ်နဲ့ သမ္မတပူတင်ကို မနှစ်က ဆိုချီမြို့က ဂျူဒိုသင်တန်းတစ်ခုမှာ တွေ့ရစဉ်လတ်တလော နှစ်တွေအတွင်း မစ္စတာ အာကဒီ ရိုတန်ဘာ့ဂ်ရဲ့ ကုမ္ပဏီတွေက ဂက်စ်ပိုက်လိုင်းတစ်ခု၊ စက်ရုံတစ်ခုနဲ့ လမ်းတွေကို ရုရှားအစိုးရပေးတဲ့ ကန်ထရိုက်တွေကနေတစ်ဆင့် လုပ်ခဲ့ပါတယ်။
သူတို့ ညီအစ်ကို နှစ်ဦးဟာ သမ္မတပူတင် စိတ်ဝင်စား အာရုံစိုက်တဲ့ စီမံကိန်းတွေကို ထောက်ပံ့ ကူညီခဲ့ကြပြီး Gazprom ဂက်စ်စီမံကိန်းနဲ့ ဆိုချီ ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေက ကန်ထရိုက်လုပ်ငန်းတွေမှာ ဒေါ်လာငွေ ဘီလျံနဲ့ချီ ငွေတွေ ဝင်ခဲ့ကြတယ်လို့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ အမေရိကန်က မစ္စတာ အာကဒီ ရိုတန်ဘာ့ဂ် ရဲ့ သားဖြစ်သူ အီဂေါ ကို သူတို့ရဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။
ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ရည်ရွယ်ချက်က အဲဒီစာရင်းမှာ ပါတဲ့သူတွေကို အနောက်အုပ်စုနိုင်ငံတွေရဲ့ ငွေကြေးစနစ်တစ်ခုလုံးနဲ့ အဆက်ဖြတ်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ရိုတန်ဘာ့ဂ်တို့ ညီအစ်ကိုကတော့ ယူကေနဲ့ အမေရိကန်ကနေတစ်ဆင့် ငွေအလွှဲအပြောင်းတွေ ဆက်လုပ်နေခဲ့တဲ့ ပုံရှိပါတယ်။
ပန်းချီကားတွေနဲ့ ငွေကြေးခဝါချမှု
၂၀၀၈ ခုနှစ်မှာ Advantage Alliance ဆိုတဲ့ ကုမ္ပဏီအတွက် ဘဏ်စာရင်းတစ်ခု Barclays ဘဏ်မှာ ဖွင့်ခဲ့ပါတယ်။
အဲဒီကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်ကနေ၂၀၁၆ ခုနှစ်အတွင်း ပေါင်စတာလင် သန်း၆၀ ရွှေ့ပြောင်းခဲ့တယ်လို့ ပေါက်ကြား ပေါ်ထွက်လာတဲ့ ဖိုင်တွဲတွေမှာ ဖော်ပြထားပါတယ်။
ငွေလွှဲမှုအတော်များများဟာ မစ္စတာ ရိုတန်ဘာ့ဂ်တို့ ညီအစ်ကို ဒဏ်ခတ်ပိတ်ဆို့ ခံခဲ့ရအပြီးမှာ လုပ်ခဲ့တာပါ။
ရိုတန်ဘာ့ဂ်တို့ ညီအစ်ကိုဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်လွှဲဖို့အတွက် တန်ဖိုးကြီးတဲ့ ပန်းချီကားတွေ လျှို့ဝှက် ဝယ်ယူတာမျိုး လုပ်နေပြီး အဲဒီလို လုပ်တဲ့အထဲမှာပါတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဟာ Advantage Alliance ကုမ္ပဏီ ဖြစ်တယ်လို့ အခုနှစ် ဇူလိုင်လမှာ အမေရိကန် ဆီးနိတ်လွှတ်တော်က လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး တစ်ခုက စွပ်စွဲဖော်ပြခဲ့ပါတယ်။
Advantage Alliance ကုမ္ပဏီကို မစ္စတာ အာကဒီ ရိုတန်ဘာ့ဂ် ပိုင်ဆိုင်တယ် ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာ ရှိပြီး ကုမ္ပဏီက လန်ဒန်မြို့ Barclays ဘဏ်က ဘဏ်စာရင်းကနေ သူ့အတွက် တန်ဖိုးကြီး ပန်းချီကား ဒေါ်လာသန်းနဲ့ချီ ဝယ်ပေးခဲ့တယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ကြပါတယ်။
လျှို့ဝှက်၊ အမည်မဖော်မှုတွေ၊ စည်းမျဉ်း လစ်ဟာမှုတွေကြောင့် ငွေကြေး ခဝါချမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်ရှားနိုင်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
ပန်းချီကားဝယ်တဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို မေးခွန်းထုတ်ဖို့ ယူကေနဲ့ အမေရိကန် အစိုးရတွေက ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားက အာကဒီ ရိုတန်ဘာ့ဂ်ဟာ ပန်းချီဆရာကြီး ရနေး မာဂရိရဲ့ La Poitrine ဆိုတဲ့ ပန်းချီကားကို ဒေါ်လာ ၇ သန်းခွဲ ပေးဝယ်နိုင်ခဲ့ပုံ ရပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ မစ္စတာ အာကဒီ ရိုတန်ဘာ့ဂ် နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတစ်ခုက Advantage Alliance ကုမ္ပဏီရဲ့ လန်ဒန်မြို့ Barclays ဘဏ်စာရင်းကို မော်စကိုမြို့ကနေ ငွေလွှဲခဲ့ပါတယ်။ နောက်တစ်နေ့မှာပဲ Barclays ဘဏ်က နယူးယောက်မှာရှိတဲ့ ပန်းချီကားရောင်းသူထံ ငွေပို့ပေးခဲ့ပါတယ်။
ဘဏ်စာရင်းပိတ်လိုက်
၂၀၁၆ ခုနှစ် ဧပြီလမှာ ရိုတန်ဘာ့ဂ်နဲ့ ဆက်နွှယ်နေသူတွေလို့ မသင်္ကာတဲ့ ဘဏ်စာရင်းအများအပြားကို Barclays ဘဏ်က ဘဏ်တွင်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်ခဲ့ပါတယ်။
မသင်္ကာစရာ ငွေအလွှဲအပြောင်းတွေ လုပ်ရာမှာ အသုံးပြုနေတယ်လို့ စိုးရိမ်လာတဲ့အတွက် ၆ လကြာတဲ့အခါ Advantage Alliance ကုမ္ပဏီရဲ့ ဘဏ်စာရင်းကို Barclays ဘဏ်က ပိတ်လိုက်ပါတယ်။
ဒါပေမဲ့ ရိုတန်ဘာ့ဂ်တို့ ညီအစ်ကိုနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ Barclays ဘဏ်စာရင်းတွေကတော့ ၂၀၁၇ ခုနှစ်အထိ ဆက်ဖွင့်ထားဆဲပဲလို့ ပေါက်ကြားခဲ့တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
အဲဒီကုမ္ပဏီတစ်ခုကတော့ Ayrton Development Limited ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ လုပ်ဆောင်မှုတွေအပေါ် Barclays ဘဏ်က မသင်္ကာ ဖြစ်လာခဲ့ပြီး အာကဒီ ရိုတန်ဘာ့ဂ်ဟာ Ayrton Development Limited ရဲ့ ပိုင်ရှင်အစစ် ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ရိုတန်ဘာ့ဂ်တို့ ညီအစ်ကိုနဲ့ ဆက်နွှယ်နေတယ်လို့ မသင်္ကာတဲ့ ဘဏ်စာရင်း ဘယ်နှစ်ခုလောက်ရှိသလဲလို့ Panorama အစီအစဉ်က မေးခဲ့ရာမှာ Barclays ဘဏ်က ပြန်ဖြေဖို့ ငြင်းခဲ့ပါတယ်။
"အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ လိုက်နာရမယ့် ဥပဒေကြောင်းနဲ့ စည်းမျဉ်းတွေ အားလုံးကို Barclays ဘဏ်က လိုက်နာဆောင်ရွက်ခဲ့ပါတယ်"လို့ Barclays ဘဏ်ပြောခွင့်ရသူက ပြောပါတယ်။
ရိုတန်ဘာ့ဂ် တို့ ညီအစ်ကိုကလည်း တုံ့ပြန်ချက် ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
FinCen ဖိုင်တွဲဟာ ကမ္ဘာတစ်ဝန်းမှာ ငွေကြေးခဝါချမှုတွေကို အဓိကဘဏ်ကြီးတွေက ဘယ်လို လုပ်ခွင့် ပြုခဲ့ကြသလဲ ဆိုတာကို ဖော်ပြထားတဲ့ လျှို့ဝှက်အစီရင်ခံစာတွေ ဖြစ်ပြီး အခုအခါ ပေါက်ကြားပေါ်ထွက်လာခဲ့တာပါ။
ယူကေဟာ ငွေကြေးစနစ်မှာ မကြာခဏဆိုသလို လျော့ရဲ အားနည်းလေ့ ရှိပြီး လန်ဒန်ဟာ ရုရှားရဲ့ ငွေတွေနဲ့ ဖုံးလွှမ်းခံနေရတယ် ဆိုတာကိုလည်း အဲဒီအစီရင်ခံစာတွေမှာ တွေ့ရပါတယ်။
ဒီအစီရင်ခံစာတွေကို ဖော်ထုတ် ရရှိခဲ့တဲ့ BuzzFeed News သတင်းဌာနက ICIJ စုံစမ်းဖော်ထုတ်ရေး သတင်းထောက်များ နိုင်ငံတကာအဖွဲ့နဲ့ ကမ္ဘာတစ်ဝန်းက သတင်းထောက် ၄၀၀ ကို ပြန်ဝေမျှခဲ့တာ ဖြစ်ပြီး Panorama အစီအစဉ်က ဘီဘီစီအတွက် လေ့လာ သတင်းထုတ်ပြန်ခဲ့တာပါ။
BBC Burmese

No comments:
Post a Comment