AA ဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ တဒါဇင်နီးပါး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းမျိုးနွယ်စုအဖွဲ့တွေ တောင်းဆို

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမှာ အရပ်သားတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်နေတဲ့ လုပ်ရပ်တွေ ရပ်တန့်ပြီး အပြစ်မရှိပဲ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ CNLD ချင်းနိုင်ငံရေးပါတီအပါအဝင် ခူမီးချင်းမျိုးနွယ်စု အဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ ရဲ့ကြေညာချက်မှာ AA ဖမ်းဆီးထားတဲ့ ပလက်ဝ ဒေသခံ အရပ်သား စုစုပေါင်း (၁၂)ဦးထိ ရှိနေကြောင်းဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဇူလိုင်လ ၂၉ရက်နေ့က ပလက်ဝကို စက်လှေနဲ့ ရေကြောင်းခရီးသွားနေတဲ့ခူမီးလူငယ်တွေဖြစ်တဲ့ ကိုအောင်စိုးအပါအဝင် အခြားလူငယ် သုံးဦးကို AA လို့ ယူဆရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ စက်လှေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီနောက် တလနီးပါးအကြာမှာတော့ ကိုအောင်စိုးက လွဲပြီး ကျန်တဲ့ လူငယ်သုံးဦးကို AA လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ KACC ပြောခွင့်ရ မိုင်နန်းဝေ က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကိုအောင်စိုးမပါပဲနဲ့ နောက်ထပ် ၃ ယောက်ပေါ့နော် ဆလိုင်းဘန်ဂျာမန်ရယ်၊ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းအောင်ထွန်းကို သူတို့ ၃ ယောက်ကိုတော့ လွှတ်ပေးလိုက်တယ်ပေါ့နော်။ အဲလိုလွှတ်ပေးလိုက်တဲ့အနေအထားမှာ သူတို့ ကို ပြန်တဲ့အခါမှာတော့ အောင်စိုးကို သွားပြီးနှုတ်ဆက်ဖို့အခွင့်တော့ ပေးတယ်လို့ပြောတယ်။ အောင်စိုးက သူတယောက်တည်းကျန်နေခဲ့တယ် ဆိုတာမျိုးပေးသိတဲ့အနေအထားမျိုး လို့တော့ ကျမတို့ယူဆပါတယ်။”

မေး။ ။ အဲဒီတော့ ဆလိုင်းအောင်စိုးကို နောက်ဆုံးတွေ့ခဲ့တဲ့လူတွေ ပြောပြချက်အရဆိုရင် သူတို့က အဓိက ဘာကြောင့်ဖမ်းထားတယ်လို့ ယူဆမိလဲရှင့်။

ဖြေ။ ။ သူတို့ကတော့ ဘာမှမပြောဘူး အောင်စိုးနဲ့ ပတ်သက်တာပဲ သူတို့ကို မေးတယ်လို့ပြောတယ်။ ဒါပေမယ့် ကျမတို့က CHR ရဲ့ ဒုတိယအကြိမ်မြောက် ထုတ်ပြန်ချက်အရပြောမယ်ဆိုရင်တော့ CNLD ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်တယ်။ အဲလိုဖြစ်တဲ့အတွက် အောင်စိုးကို အခုလိုမျိုးမေးစရာရှိနေလို့ သူတို့ ပြန်မလွှတ်သေးဘူး အဲဒါကြောင့်ဖမ်းတယ်လို့ ။ ဒါပေမယ့် ခတ်တာက အခုအထိ AA က ဟို ၃ ယောက်ကိုသာ လွှတ်တာ ၊ ဖမ်းတုန်းကလည်း AA က ဖမ်းတယ်၊ ပြန်လွှတ်တဲ့လူတွေက AA က ဖမ်းတယ် ဆိုတာကို ဒီ ၃ ယောက်ထွက်ဆိုတယ်ပေါ့နော်။ ဒါပေမယ့် AA က အခုထိ ကိုအောင်စိုး ကို ဖမ်းတဲ့အပေါ်မှာ အခုအထိ ဝန်ခံထားခြင်း၊ ငြင်းဆိုထားခြင်းလည်းမရှိဘူးပေါ့နော်။

ဆလိုင်းအောင်စိုးကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်းကို အသေအချာမသိရပေမဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်လို့ AA က ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ CNLD ပါတီရဲ့ ပလက်ဝ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ချင်းပြည်နယ် သတ္တုဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကိုမေးကြည့်တော့

“တချို့ကလေ CNLD က လူငယ်တွေလို့ပြောတယ်။ သို့သော် CNLD က လူငယ်မဟုတ်ပေမယ့် ဒီလိုလုပ်တာက မလုပ်သင့်ဘူး။ သူကတော့ ခူမီးလူငယ်ခေါင်းဆောင်ပါခင်ဗျ။

မေး။ ။ ဒါဆိုရင် သူက CNLD ရဲ့ စည်းရုံးရေးမှူး အဖွဲ့ဝင်တော့ မဟုတ်ဘူးပေါ့နော်။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျ။

မေး။ ။ CNLD ရဲ့ အဖွဲ့ဝင်မဟုတ်ဘူးဆိုတာကတော့ သေချာတယ်ဆိုတော့ အခုလို AA ရဲ့ ဖမ်းဆီးတဲ့ လုပ်ရပ်ပေါ်မှာ ဘယ်လိုမြင်သလဲရှင့်။

ဖြေ။ ။ အဲဒါကတော့ ကျနော်တို့က ပလက်ဝနဲ့ နီးနီးလေးပါ။ အရင်ကတည်းက ခူမီးနဲ့ ရခိုင်က စည်းစည်းလုံးလုံးနေကြတာ ။ တဦးတယောက်က သွေးထိုးတာ ဖြစ်နိုင်တယ်ဆိုတာ ကျနော်သုံးသပ်ပါတယ်ခင်ဗျ။"

ပလက်ဝဒေသမှာ အပြစ်မဲ့ အရပ်သားတွေကို လက်နက်နဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်နေတဲ့ ဖြစ်ရပ်မျိုးကို သူ့အနေနဲ့ ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ မြင်ကြောင်း ဦးကျော်ငြိမ်းက ပြောပါတယ်။

“ ဟုတ်ကဲ့ ကျနော်တို့က မမှန်ပဲနဲ့ အမှုအမှန် ဖြစ်ရပ်မှန်ပေါ်ရင် လွှတ်ပေးသင့်ပါတယ်။ နောက်တခါ ရွေးကောက်ပွဲကလည်း တဖက်ကတော့ ကြေညာထားတယ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ပေါ့။ ကြေညာထားပေမယ့် သူတို့တပ်နဲ့က အဆင်မပြေဘူးဆိုရင် အဓိကတာဝန်ခံကတော့ တပ်နဲ့AA ပဲ အဓိကတာဝန်ရှိပါတယ်။ သူတို့ နှစ်ဦးပြေရင် ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါတယ်။”

ဆလိုင်းအောင်စိုး အပါအဝင် အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းနဲ့ ပတ်သက်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဗွီအိုအေက အကြိမ်များစွာ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ မရှိဖြစ်နေပါတယ်။

ဆလိုင်းအောင်စိုးရဲ့ မိသားစုဝင်တွေကတော့ ဘာကြောင့်ဖမ်းဆီးထားသလဲဆိုတာ မသိရသေးတဲ့အတွက် အခြေအနေတွေကို အလွန်စိုးရိမ်နေတယ်လို့ မိုင်နန်းဝေက ပြောပါတယ်။

“ ကျမတို့ KACC အနေနဲ့ကလည်း မိသားစုနဲ့ ထပ်တူ ဒီ ချင်းလူငယ်တဦး၊ တက္ကသိုလ်ကျောင်းသားတဦး လည်းဖြစ်တယ်။ ကျမတို့ ပလက်ဝမြို့နယ် အတွက်လည်း ဘယ်လိုဖြစ်ဖြစ် တထောင့်တနေရာကနေ အားကိုးရတဲ့လူငယ် တဦးဖြစ်တယ်ပေါ့နော်။ အားကိုးရတယ်ဆိုတာက စစ်ဘေးရှောင်အရေးမှာလည်း data ကောက်ယူတဲ့အပိုင်းတွေမှာ ၊ နောက် စစ်ဘေးရှောင်စခန်းတွေမှာ ဝင်ထွက်သွားလာပြီးတော့ ကျမတို့လိုချင်တဲ့ data အချက်အလက်တွေ ယူတဲ့အကူအညီတွေ နောက်ဆန်၊ဆီ၊ဆားပေးဝေတဲ့ကိစ္စတွေမှာ Logistic အပိုင်းပေါ့နော် အဲလိုနေရာတွေမှာ distribution ဖြန့်ဖြူးတဲ့အပိုင်းတွေမှာဆိုရင် သူက တကယ်ကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်ပေးတဲ့ လူငယ်တဦးဖြစ်တယ်ပေါ့နော်။”

စက်တင်ဘာလ (၅) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ KACC ရဲ့ကြေညာချက်မှာ ဆလိုင်းအောင်စိုးအပါအဝင် ဖမ်းဆီးခံထားရတဲ့ ပလက်ဝ ဒေသခံ အရပ်သား စုစုပေါင်း (၁၂)ဦးထိ ရှိနေကြောင်းဖေါ်ပြထားပါတယ်။အခုလို ဒေသခံချင်းလူမျိုးနွယ်စု တွေ၊ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ AA လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ သူတို့အားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။


အင်ကြင်းနိုင်/VOA (Burmese)

https://burmese.voanews.com/a/aa-paletwa-chin-youth-arrested-case-/5574902.html

AA ဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ တဒါဇင်နီးပါး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းမျိုးနွယ်စုအဖွဲ့တွေ တောင်းဆို AA ဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ တဒါဇင်နီးပါး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းမျိုးနွယ်စုအဖွဲ့တွေ တောင်းဆို Reviewed by THITHTOOLWIN on 18:32 Rating: 5

No comments:

Powered by Blogger.