AA ကို ငွေထောက်ပံ့မှုနဲ့ အမျိုးသားတစ်ဦး ထောင် ၁၅ နှစ် ကျ

ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူတွေကို ၂ဝ၁၉ သြဂုတ် ၂၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်

Photo: Thant Zin Oo/RFA

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်မျိုးဝင်းကို ရက္ခိုင့်တပ်တော် AA ကို ငွေကြေး ထောက်ပံ့မှုနဲ့  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် မနေ့ကပဲ ချမှတ်လိုက်ပါတယ်။

AA ကို ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်ဘဲ အထိန်းသိမ်းခံရစဉ် ရဲတပ်ဖွဲ့ထံမှာ ထွက်ဆိုထားတာကို အခြေခံပြီး အမိန့်ချမှတ်တာ လို့ သူ့ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

ရဲထွက်ချက်ဟာ တရားရုံးမှာ သက်သေအဖြစ် သုံးမရဘူးလို့လည်း သူက ဝေဖန်လိုက်ပါတယ်။

ကိုအောင်မျိုးဝင်းဟာ ၂၀၁၉ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် နေအိမ်မှာ အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက်  သတင်းတပ်ဖွဲ့က ဒု-ရဲမှူးကြီး တင်ရွှေက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားလိုလုပ် တရားစွဲခဲ့တာပါ။

အမှုရင်ဆိုင်နေရတာ တစ်နှစ်ကျော်ကြာမှာ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုအောင်မျိုးဝင်းကို တရားစွဲဆိုစဉ်က AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာရသေးဘဲ ၂၀၂၀ မတ်လ ၂၃ ရက်နေ့မှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာလို့ ရှေ့နေ့က ထောက်ပြပါတယ်။

ခရိုင်တရားရုံးက အခုလိုအမိန့်ချမှတ်တဲ့အပေါ် မကျေနပ်တာကြောင့် တိုင်းတရားရုံးကို အယူခံ တင်မယ်လို့လည်း ရှေ့နေကပြောပါတယ်။

AA စစ်ဦးစီးချုပ်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် စင်္ကာပူနိုင်ငံ ရခိုင်အသင်း အဖွဲ့ဝင်တချို့ဟာ AA ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာပြည်မှာ ထိန်းသိမ်းခံရအပြီး ရက်ပိုင်းအတွင်းမှာဘဲ ကိုအောင်မျိုးဝင်း အဖမ်းခံရတာဖြစ်ပါတယ်။

နောက်ဆုံးမှာ အဖမ်းခံရတာ ဖြစ်ပေမယ့် သူ့အမှုကို အရင်ဆုံး စီရင်ချက်ချခဲ့ပါတယ်။ ကျန်အမှုတွေကို တရားရုံးက စစ်ဆေးနေဆဲပါ။

ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ AA ကို ကူညီထောက်ပံ့တယ်၊ ပတ်သက်မှုရှိတယ်လို့  စွပ်စွဲခံရပြီး  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံနေရသူ အများအပြား ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/a-man-jailed-for-fifteen-years-for-financing-AA-09042020055233.html

AA ကို ငွေထောက်ပံ့မှုနဲ့ အမျိုးသားတစ်ဦး ထောင် ၁၅ နှစ် ကျ  AA ကို ငွေထောက်ပံ့မှုနဲ့ အမျိုးသားတစ်ဦး ထောင် ၁၅ နှစ် ကျ Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.