ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်မှာ စိုးရိမ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ပြော


ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ ကြီးထွားလာတာကြောင့် ဒုက္ခသည်စခန်းတွေ အတွက်ပါ စိုးရိမ်စရာဖြစ်လာနေပြီး နိုင်နင်းအောင်လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့သြဂုတ် ၂၈ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၁၇ ဦးအထိ ရှိလာပါတယ်။

ဒီမနက် အသစ်ထပ်မံစစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၂၆ ဦးကတော့ စစ်တွေက ၁၅ ဦး၊ ကျောက်ဖြူက သုံးဦး၊ မောင်တောက ခြောက်ဦး၊ တောင်ငူနဲ့ ပေါက်တောတို့က တစ်ဦးစီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒေသတွင်း ကူးစက်မှုနှုန်းမြန်နေလို့ စခန်းတွေမှာ ပြွတ်သိပ်ပြီး နေထိုင်နေ ရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို စိတ်ပူမိတယ်လို့ ဒီနေ့မနက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ အွန်လိုင်းစကားဝိုင်းမှာ ပြောဆိုခဲ့ပါတယ်။

“အိုင်ဒီပီစခန်းတွေ၊ တိုက်ပွဲရှောင်စခန်းတွေ ဒီနေရာတွေမှာ လူတွေက ပြွတ်သိပ်ပြီးတော့ ကျပ်ညှပ်နေတဲ့ အတွက် ဒီရောဂါကလည်း အခုနောက်ဆုံးအခြေအနေအရ အင်မတန်မှ ကူးစက်မြန်တယ်လို့သတ်မှတ်တဲ့ အတွက် ဒီအပေါ်မှာလည်း ကျွန်တော်တို့ စိုးရိမ်မှုတွေရှိပါတယ်”

ရခိုင်ပြည်နယ်မှာ အစိုးရရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့အထိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေက စခန်းပေါင်း ၁၅၅ ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေ ခုနစ်သောင်းကျော် ရှိပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် မွတ်စလင် ဒုက္ခသည် တစ်သိန်းကျော်ဟာ စစ်တွေမြို့က ဒုက္ခသည်စခန်းပေါင်း ၁၀ ခုကျော်မှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် ကတော့ ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Social Distancing လို့ ခေါ်တဲ့ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတဲ့နည်းနဲ့ ကူးစက်မှု ဟန့်တားရေး အစီအစဉ်ကို ဒုက္ခသည်စခန်းတွေမှာ  အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ပြောပါတယ်။

“Social Distancing လို့ခေါ်တဲ့ ကိစ္စတွေက IDP တို့ စစ်ဘေးရှောင်အုပ်စုတို့ နေရာတွေမှာ လုပ်လို့မရပါဘူး ခင်ဗျ။ လုပ်လို့မရတော့ တတ်နိုင်သရွေ့တော့ ကျွန်တော်တို့ Social Distancing မရပေမယ့်လို့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ဟာကို လက်လှမ်းမီသလောက်ကို ကျွန်တော်တို့ ရအောင် လုပ်ထားပါတယ်”

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ကိုရိုနာ ကူးစက်ရောဂါကာ ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အစိုးရဘက်က အားနည်းနေဆဲလို့ ဒုက္ခသည်စခန်းတာဝန်ခံတွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ထောက်ပြကြပါတယ်။

ဒုက္ခသည် သုံးထောင်ကျော်ခိုလှုံနေတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးစိုးနိုင်က ကြိုတင်ကာကွယ်ရေးအတွက် အစိုးရရဲ့အကူအညီက လိုအပ်နေဆဲလို့ ပြောပါတယ်။

“ဆက်ပြီးတော့ လိုတာကတော့ ဆပ်ပြာတို့၊ Mask နှာခေါင်းစည်းတို့က ရေရှည်မှာ လိုအပ်တယ်လို့ ကျွန်တော် တို့ ထင်တယ်ဗျ။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကိုပဲ အဓိက ကျွန်တော်တို့ ပြောချင်ပါတယ်။ ဘာလဲ ဆိုတော့ ကျွန်တော်တို့ ပြောနေတာထက် ကျန်းမာရေးပိုင်းက တာဝန်ရှိတဲ့လူတွေက ဆင်းပြီးရင် တိုက်တွန်းမှု အပိုင်းတို့၊ စည်းရုံးလှုံ့ဆော်မှုအပိုင်းတို့ အဲဒါတွေကတော့ အများကြီးလိုအပ်လိမ့်မယ်လို့ ကျွန်တော် ပြောချင် ပါတယ်ခင်ဗျ”

ဒုက္ခသည်အရေးနဲ့ ကိုရိုနာကပ်ဘေးကိစ္စတွေမှာ အကူအညီပေးနေတဲ့ ရခိုင်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အစိုးရအနေနဲ့ လက်ရှိအချိန်အထိ ဒုက္ခသည်တွေရဲ့နေထိုင်ရေးပြဿနာကိုတောင် မဖြေရှင်းပေးနိုင်သေးတာကို တွေ့ရတယ်လို့ ထောက်ပြပါတယ်။

ဒုက္ခသည်စခန်းတွေဆီကို ကိုရိုနာကူးစက်ရောဂါတွေ ပျံ့နှံ့မှုမဖြစ်ရအောင် အခုအချိန်မှာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“တကယ်တမ်း လုပ်ဆောင်ပေးရမှာက ဒုက္ခသည်စခန်းမှာ နေတဲ့သူတွေနဲ့ တခြားပြင်ပကလူတွေနဲ့ အဆက် အစပ် မရှိအောင်လုပ်ရမယ်။ ဒုက္ခသည်စခန်းကလူတွေက အပြင်ကိုမထွက်ရတဲ့အတွက်မို့လို့ သူတို့မှာ စားရေး၊  သောက်ရေး၊ နေရေး၊ ထိုင်ရေးက ပြဿနာတွေအများကြီးရှိလာလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ ဒုက္ခသည် စခန်းကလူတွေ အပြင်ကိုထွက်ဖို့ မလိုလောက်အောင် အစိုးရက စားနပ်ရိက္ခာထောက်ပံ့ရမယ်။ နောက်ပြီးတော့ ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အကာအကွယ်ပစ္စည်းပေးတာတို့ နှာခေါင်းစည်းတို့ ဆပ်ပြာ တို့ လက်သန့်ဆေးတို့ ဒါကိုဗျာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ညှိပေါ့။ လိုအပ်လို့ရှိရင် ဒေသခံအဖွဲ့အစည်း တွေနဲ့ တိုင်ပင်ဆွေးနွေးပေါ့”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လတ်တလော ရင်ဆိုင်နေရတဲ့ပြဿနာကို စိန်ခေါ်မှုတရပ်အဖြစ် သတ်မှတ်ထားပြီး လူအင်အား၊ ငွေအင်အားတွေနဲ့ နိုင်နင်းအောင်ဆောင်ရွက်သွားမယ်လို့ ဒီနေ့ မနက်က စကားဝိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်စခန်းတွေဆီကို ကပ်ရောဂါကူးစက်မှု မရှိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်မှာ ကပ်ဘေးကာလ စားနပ်ရိက္ခာ မပြတ်လပ်ရအောင် ပြည်ထောင်စုကရတဲ့ နည်းလမ်းတွေနဲ့ ပို့ပေးသွားမယ်လို့ ပြောဆိုခဲ့သလို လိုအပ်တာတွေကို ကူညီလုပ်ကိုင်ဖို့ စေတနာ့ဝန်ထမ်းတွေကိုလည်း ဖိတ်ခေါခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်အရေးပြဿနာဟာ ချက်ချင်းလက်ငင်း ဖြေရှင်းဖို့ခက်ခဲပြီး အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ တစ်နေ့တခြား များလာနေတဲ့အချိန်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လည်း ဖြစ်လာနေတယ်။


RFA Burmese

https://www.rfa.org/burmese/news/rakhine-corona-08282020061017.html

ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်မှာ စိုးရိမ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ပြော  ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်မှာ စိုးရိမ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ပြော Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.