ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရာထူးကနားတော့မယ်

ဆေးရုံတွေသွားနေရတဲ့ သတင်းကြောင့် ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။

မစ္စတာ ရှင်ဇို အာဘေးဟာ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရတာ နှစ်အတော်ကြာနေပြီဖြစ်ပြီး လတ်တလောမှာ အခြေအနေ ဆိုးလာတယ်လို့ ယူဆရပါတယ်။

အသက် ၆၅ နှစ်အရွယ် မစ္စတာ ရှင်ဇို အာဘေးဟာ သူ့ကျန်းမာရေးကြောင့် အစိုးရအဖွဲ့ ထိခိုက်လာမှာကို မလိုလားဘူးလို့ NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူး ယူခဲ့အပြီး အခု သီတင်းပတ် အစောပိုင်းမှာ မစ္စတာ ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံမှာ ဆက်တိုက် သက်တမ်း အကြာဆုံး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်သူ ဖြစ်လာခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက ခံစားလာရတဲ့ အူလမ်းကြောင်း ဝေဒနာကြောင့် ၂၀၀၇ ခုနှစ်တုန်းကလည်း ဝန်ကြီးချုပ် ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ဖူးပါတယ်။

ဘာ့ကြောင့် စိုးရိမ်ရတာလဲ

မစ္စတာအာဘေး တစ်ပတ်အတွင်း နှစ်ကြိမ် ဆေးရုံကိုသွားခဲ့ရတယ်ဆိတဲ့ သတင်းတွေ ထွက်လာအပြီးမှာ သူ ဆက်အလုပ်လုပ်နိုင်ပါဦးမလားဆိုတဲ့ မှတ်ချက်တွေလည်း ထွက်လာခဲ့ပါတယ်။

သူ ရာထူးကနေ နုတ်ထွက်တော့မယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေကို သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က တာဝန်ရှိ ပုဂ္ဂိုလ်တွေက အရင်က ပယ်ချခဲ့ပြီး မစ္စတာ ရှင်ဇို အာဘေး ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောခဲ့တာပါ။

အင်္ဂါနေ့တုန်းကတော့ သူ့ရဲ့ လက်ထောက်တစ်ဦးက မစ္စတာ ရှင်ဇိုအာဘေးဟာ ဝန်ကြီးချုပ်ရာထူး သက်တမ်းကုန်ဆုံးတဲ့အထိ တာဝန်ထမ်းဆောင်လိုတယ်လို့ သူယူဆကြောင်း ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

အိုလံပစ်ပိတ်ပွဲမှာ တွေ့ရတဲ့ မစ္စတာအာဘေး

၂၀၁၆ ရီယိုအိုလံပစ်မှာတော့ မစ္စတာအာဘေးကို ဗီဒီယိုဂိမ်းဇာတ်ကောင် မာရီယိုအဖြစ်တွေ့ရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ချက်ချင်း ကျင်းပနိုင်ဖို့ ဝန်ကြီးချုပ်က ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ရှိတယ် ဆိုတဲ့ ပြောဆိုချက်တွေကို LDP ပါတီရဲ့ အခွန်အဖွဲ့ အကြီးအကဲ မစ္စတာအကီရာ အမာရီ က ပယ်ချခဲ့ပါတယ်။

"လောလောဆယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ မရှိပါဘူး"လို့ သူက ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း မစ္စတာ ရှင်ဇို အာဘေးရဲ့ ဝန်ကြီးအဖွဲ့အပေါ် လူထု ထောက်ခံအားပေးမှု ကျဆင်းလာနေတဲ့ အချိန်မျိုးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့လည်း ပြစ်တင်ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မစ္စတာ ရှင်ဇို အာဘေးရဲ့ တစ်နေ့တစ်ခြား ပိုပင်ပန်းနွမ်းလျလာနေတဲ့ပုံကြောင့် ကောလဟာလတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ရှင်ဇို အာဘေး တာဝန် ဆက်မထမ်းဆောင်နိုင်တော့ဘူး ဆိုရင် ဘာဖြစ်လာမလဲ

ဂျပန်နိုင်ငံရဲ့ ဥပဒေအရ တကယ်လို့ မစ္စတာ ရှင်ဇိုအာဘေး တာဝန်ဆက်မထမ်းဆောင်နိုင်တော့ဘူး ဆိုရင် ယာယီဝန်ကြီးချုပ်တစ်ဦး သူ့နေရာမှာ ရက်အကန့်အသတ်မရှိ ခေတ္တအစားထိုး တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သူ့နေရာကို အစားထိုး ယူဖို့ ရှိတဲ့ ပထမဆုံးလူက ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဒုတိယဝန်ကြီးချုပ် တာရို အာဆို ဖြစ်ပြီး သူပြီးရင် ကက်ဘိနက်ဝန်ကြီးအဖွဲ့ အကြီးအကဲ ယိုရှီဟီဒီ ဆူဂါ ရှိပါတယ်။

ယာယီဝန်ကြီးချုပ်က ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူခွင့် မရှိပေမဲ့ ပါတီခေါင်းဆောင်သစ်နဲ့ဝန်ကြီးချုပ်သစ် ရွေးချယ်မပြီးမချင်း သဘောတူစာချုပ်တွေ၊ ဘတ်ဂျက်ငွေစာရင်းတွေလို ကိစ္စမျိုးတွေကို ဦးဆောင် ဆောင်ရွက်ခွင့် ရှိပါတယ်။

ပါတီခေါင်းဆောင်သစ်နဲ့ ဝန်ကြီးချုပ်ကို ဘယ်လိုရွေးမလဲ

မစ္စတာ ရှင်ဇို အာဘေး ရာထူးက နုတ်ထွက်လိုက်ရင် ဒါမှမဟုတ် နုတ်ထွက်တော့မယ်လို့ ထုတ်ဖော် ကြေညာလိုက်ရင်တော့ သူ့ရဲ့ LDP ပါတီဥက္ကဋ္ဌ နေရာကို အစားထိုးခန့်အပ်ဖို့ ပါတီတွင်း မဲခွဲ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်သစ်တစ်ဦး ရွေးကောက်တင်မြှောက်ဖို့ ပါလီမန်ရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲ ခေါ်ယူ ကျင်းပဖို့ ရှိပါတယ်။

ရွေးကောက်တင်မြှောက်ခံရသူဟာ မစ္စတာ ရှင်ဇို အာဘေးရဲ့ ဝန်ကြီးချုပ် သက်တမ်း ကုန်တဲ့၂၀၂၁ ခုနှစ် စက်တင်ဘာလ အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53944918

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရာထူးကနားတော့မယ်  ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရာထူးကနားတော့မယ် Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.