ကိုဗစ်လေထဲက ကူးစက်နိုင်ခြေများလို့ အလွန်ကူးစက်မြန်တယ်လို့ သတိပေး

ရန်ကုန်မြို့က အသွားအလာကန့်သတ်ထားတဲ့နေရာတစ်ခု

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုနှုန်း သီတင်းတစ်ပတ်အတွင်း မြင့်တက်လာနေချိန်မှာပဲ ကိုဗစ်-၁၉ရောဂါဟာ လေကတဆင့် ကူးစက်တတ်တဲ့ရောဂါ (Airborne disease) ဖြစ်နိုင်ခြေများတဲ့အတွက် အလွန်ကူးစက်မြန်တဲ့ ရောဂါဖြစ်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ကိုယ်တိုင် ရောဂါပိုးရှိသူဖြစ်နေနိုင်တာကြောင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုရာဇဝင်၊ ခရီးသွားရာဇဝင်နဲ့ ရောဂါလက္ခဏာ ပြသမှု ရာဇဝင်တွေကို နီးစပ်ရာကျန်းမာရေးဌာနတွေကို အချိန်မီ သတင်းပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

နေရာအနေအထားအရ လေလုံအခန်းတွေ၊ ပိတ်ထားတဲ့ အခန်းမှာ တယောက်နဲ့တယောက် နီးနီးကပ်ကပ်နေထိုင်မှုတွေဟာ လေက တဆင့်ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ခရီးသွားရာဇဝင်လည်းမရှိ၊ ကိုဗစ်လူနာတွေနဲ့ တွေ့ထိခဲ့မှုလည်း မရှိဘဲ ရောဂါပိုး တွေ့ရှိသူတွေ များလာနေတာကြောင့် ရောဂါရာဇဝင် ဇစ်မြစ်ကို လိုက်ရှာနိုင်ဖို့ ခက်ခဲနေပါတယ်။

ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနေထိုင်ခဲ့တဲ့ အိမ်အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးဖြန်း

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်က ရောဂါပိုးတွေ့ခဲ့သူဟာ ပြည်တွင်းပြည်ပ ခရီးသွား ရာဇဝင် မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့ခဲ့မှုလည်း မရှိဘူးလို့ သိရပါတယ်။

အခုအခါ ဒီလူနာနဲ့အတူနေထိုင်သူ ၂၉ ဦးကို ကွာရန်တင်းစင်တာကို ပို့ထားလိုက်ပြီ ဖြစ်ပြီး သူနေတဲ့ တိုက်ခန်းရဲ့ တိုက်ခန်းတွဲကြီးတစ်ခုလုံးကို လော့ခ်ဒေါင်း ချထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီထက်ပိုပြီး ကူးစက်မှုနှုန်းတွေ မြင့်လာမယ် ဆိုရင် အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့ Home Quarantine မျိုးလုပ်ဖို့ စဉ်းစားသင့်တယ်လို့ သူက ပြောပါတယ်။

စစ်တွေမြို့မှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲ ဖြစ်ပေါ်လာတဲ့ အမျိုးအစား ဖြစ်နိုင်တယ်လို့ ဆေးပညာရှင်တွေက သံသယ ရှိနေပြီး မကြာခင် စစ်ဆေးဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၆၄၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။




BBC Burmese

https://www.bbc.com/burmese/burma-53952215

ကိုဗစ်လေထဲက ကူးစက်နိုင်ခြေများလို့ အလွန်ကူးစက်မြန်တယ်လို့ သတိပေး  ကိုဗစ်လေထဲက ကူးစက်နိုင်ခြေများလို့ အလွန်ကူးစက်မြန်တယ်လို့ သတိပေး Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.