အတည်ပြုလူနာ ရဲအုပ်နဲ့အတူ သင်တန်းတက်နေသူ ၁၀၀ ကျော်ကို ပိုးရှိ မရှိ စစ်ဆေးမည်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိ သင်တန်းကျောင်းကို တွေ့ရစဉ်

Photo: Khaymani Win/RFA

ရခိုင်ပြည်နယ်ကနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိသင်တန်းကျောင်းရောက် ရဲအရာရှိတစ်ဦးမှာ  ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်  သင်တန်းအတူတက်နေသူ ၁၁၉ ယောက်ကို ဒီကနေ့ ထပ်မံစစ်ဆေးသွားမယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောပါတယ်။

“သင်တန်းအတူတက်နေတာတွေ စစ်ပြီးရင် သင်တန်းသားတွေ သွားတဲ့နေရာကို လိုက်စစ်မယ်။ အခုက မန္တလေးတိုင်းထဲမှာ ဒီလ ၁၀ ရက် နောက်ပိုင်းရောက်လာတဲ့ ဝန်ထမ်းအားလုံးကိုလည်းစစ်မယ်၊ အရေးကြီး တာက ဒီလူတွေ စစ်ဆေးလို့ရလာတဲ့အဖြေကို စောင့်ကြည့်ရမှာပါ”

အဲဒီသင်တန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့သင်တန်းဖြစ်ပြီး တိုင်းအစိုးရ အုပ်ချုပ်မှုအောက်မှာ မရှိဘူးလို့လည်း ဦးစိုင်းပန်ဆိုင်းက ဆိုပါတယ်။

အခုလ ၁၉ ရက်နေ့က မန္တလေးမြို့ကို ရောက်လာတဲ့ ရဲဝန်ထမ်း ၇ ယောက်ကို သြဂုတ် ၂၇ရက် မနက်ပိုင်းမှာ စစ်ဆေးခဲ့ရာကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ။ အတည်ပြုလူနာ ရဲအုပ်ကိုတော့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံကို မနေ့ညက ပို့ဆောင်ထားပါတယ်။

အဲဒီ  ရဲအရာရှိဟာ  ဒီလ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ စခန်းမှူးသင်တန်းကို တက်ရောက်နေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ပြည်သူလူထုကလည်း ပူးပေါင်း ပါဝင် သတင်းပေးကြဖို့  တောင်းဆိုလိုကြောင်း ဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောပါတယ်။

မန္တလေးတိုင်းမှာ နောက်ထပ် လူ လေးသောင်းစာအတွက် ဓာတ်ခွဲနမူနာ စစ်ဆေးရေး ပစ္စည်းတွေ ရှိနေသေးတယ်လို့ ဝန်ကြီးက ပြောပါတယ်။

တိုင်းအတွင်းမှာ စောင့်ကြည့်စခန်းဝင်နေသူ အခုလ ၂၇ ရက်နေ့အထိဆို  ၁၀၃၅ ယောက်ရှိပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ဟာ တစ်ရက်ကို ၂၁၈ ယောက်ရဲ့ ဓာတ်ခွဲနမူနာကို စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

ရဲအရာရှိ သင်တန်းကျောင်းကိုတော့ လတ်တလော အဝင်အထွက်တွေ ပိတ်ထားလိုက်ပါပြီ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ်၂၈ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ  အတည်ပြုလူနာ စုစုပေါင်း ၆၂၈ ဦး အထိရှိလာပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်မှာ   အတည်ပြုလူနာ ၂၁၇ ဦး၊   မန္တလေးတိုင်းအတွင်းက ငါးဦး ပါဝင် ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/police-officer-infects-covid-19-08282020031840.html

အတည်ပြုလူနာ ရဲအုပ်နဲ့အတူ သင်တန်းတက်နေသူ ၁၀၀ ကျော်ကို ပိုးရှိ မရှိ စစ်ဆေးမည်  အတည်ပြုလူနာ ရဲအုပ်နဲ့အတူ သင်တန်းတက်နေသူ ၁၀၀ ကျော်ကို ပိုးရှိ မရှိ စစ်ဆေးမည် Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.